ကျိုင်းတုံ-တောင်ကြီးကားလမ်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ တယောက်သေ၊ ၁၉ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း ၊ မိုင်တိုင်အမှတ် ၅၅၅.၅ km နဲ့ ၅၅၆.၀ km ကြားရှိ ခမ်းပေါ့ကျေးရွာ နဲ့ တောင်သုံးလုံးကျေးရွာအနီးမှာ ဧကရာဇ် Express ခရီးသည်တင်ကား ချောက်ထဲကျပြီး တယောက်သေဆုံးကာ ၁၉ ယောက်ထိခိုက် ရရှခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ ၊ ည ၉ နာရီကျော်လောက်မှာ ဧကရာဇ်ခရီးသည်တင်ကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ပေ ၅၀ အနက်ရှိ ချောက်ထဲကို ကျသွားတာဖြစ်ကြောင်း ၊ ကားပေါ်မှာ ယာဥ်မောင်း၊ယာဥ်နောက်လိုက် နဲ့ယာဥ်မယ် ခြောက်ယောက်အပါ အဝင် ၂၈ ယောက်အနက် အမျိုးသမီးတယောက် ​သေသုံးခဲ့ပါတယ်။
" တယောက်သေတယ်။ အသက် ၄၀ အရွယ် အမျိုးသမီးပါ။ တာချီလိတ်ကလို့သိရတယ်။ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲကျသွားတာ ။ ဒဏ်ရာရ သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး ။ မိုးတွင်းကလည်း ဖြစ်ပြန် လမ်းတွေက အကွေ့အကောက် အတက်အဆင်းများတော့ ယာဥ်မတော်တဆမှုတွေ ဖြစ်တာပါ။ ကားကလည်းတော်တော်ပြန်ပြင်ရမယ်။ လေအိတ်တွေပေါက်တယ်။ မှန်တွေကွဲတယ်။ ပျက်စီးမှုရှိတယ်။ကားက တာချီလိတ်ကနေ မန္တလေးကို သွားမယ့်ကားပါ။ " လို့ မိုင်းပျဥ်းမြို့နယ် မီးသတ် ဦးစီးမှူးက ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုအတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူ အမျိုးသား ၁၁ ယောက် ၊ အမျိုးသမီး ရှစ်ယောက်ကို တုံတာတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဇန်နဝါ ၁၇ ရက်ကလည်း ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁) နဲ့ (၁၇၇/၂)ကြားမှာ ခရီးသည်တင် ကားတစီး ပေ ၅၀၀ အနက်ရှိ ချောက်ထဲကိုပြုတ်ကျပြီး ခရီးသည် တယောက်သေဆုံးကာ လူကိုးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ကနေ ဇွန်လအတွင်း ယာဥ်တိုက်မှု ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၉၇ ယေက်နဲ့ သေဆုံးသူ ၉၄ ယောက်ရှိခဲ့ပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိမှု ​ဖြစ်ပွားခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီလတုန်းကလည်း ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး ချောက်ထဲထိုးကျကာ လူခုနှစ်ယောက် သေဆုံးပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၀ ရက်ကလည်း ကျိုင်းတုံ - တောင်ကြီးလမ်းပိုင်းရှိ စပါယ်ရှယ်တောင်လမ်းမှာ ကားတစီးတိမ်းမှောက်ပြီး တယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ်လ ၁ ရက်နေ့မှာလည်း ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှာ ခရီးသည်တင်ကားတစီး တိမ်းမှောက်ပြီး ချောက်ထဲပြုတ်ကျကာ ကားပေါ်ပါသူတွေထဲက လူခုနှစ်ယောက် သေဆုံးကာ ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။

image