13 w - Translate

တရုတ်နိုင်ငံရှိ ကျွန်ုပ်၏ဘဝမျှဝေခြင်း


တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့ကို ကျွန်တော် ရောက်လာတာ သုံးနှစ်ကျော်ပြီ။ မြန်မာနိုင်ငံဘက်က နယ်စပ်ကို ဖြတ်ပြီး ဒီမြို့ကို ပထမဆုံး ဝင်လာတဲ့နေ့ကို အခုထိ မှတ်မိနေသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မန္တလေးတိုင်းဘက်က ထုတ်လုပ်မှုလိုင်းအလုပ်သမားတစ်ယောက်ပဲ။ အလုပ်အကိုင် တည်ငြိမ်ဖို့၊ မိသားစုအတွက် ဝင်ငွေကောင်းကောင်း ရဖို့ ရွှေလီကို လာခဲ့တာ ဖြစ်တယ်။

ရွှေလီမြို့ဟာ နယ်စပ်မြို့ဆိုပေမယ့် လှုပ်ရှားမှု အရမ်းများတယ်။ မနက်ခင်း ၆ နာရီလောက်ဆိုရင် လမ်းပေါ်မှာ ဆိုင်ဖွင့်တဲ့သူတွေ၊ အလုပ်သွားတဲ့သူတွေ၊ မော်တော်ဆိုင်ကယ်နဲ့ အစားအသောက်ပို့တဲ့သူတွေကို တွေ့ရတယ်။ ကျွန်တော်တို့ ထုတ်လုပ်မှုလိုင်းအလုပ်သမားတွေက မနက်စာကို လမ်းဘေးဆိုင်မှာ ဝယ်စားပြီး အလုပ်ခွင်ကို သွားကြတယ်။ တရုတ်အစားအစာကို အစပိုင်းမှာ မရင်းနှီးပေမယ့် အခုတော့ 米线 (မီးရှန်း) နဲ့ 包子 (ပေါင်ဇ်) ကို မနက်တိုင်းစားဖြစ်နေပြီ။

ကျွန်တော် အံ့ဩခဲ့တာက ရွှေလီရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ပဲ။ မြို့ထဲမှာ ဘတ်စ်ကားတွေ သန့်ရှင်းပြီး အချိန်မှန်တယ်။ Taxi ခေါ်ရင်လည်း မိုဘိုင်းဖုန်းက app နဲ့ ခေါ်လို့ရတယ်။ အလုပ်ပြီး ညနေဘက် အိမ်ပြန်ချိန်မှာ shared electric bike တွေ ငှားစီးရတာ အရမ်းအဆင်ပြေတယ်။ QR code ကို scan လုပ်ပြီး ချက်ချင်းစီးလို့ရတာကို ပထမဆုံးမြင်တုန်းက ကျွန်တော် တကယ်အံ့ဩခဲ့တယ်။

တရုတ်နိုင်ငံမှာ မိုဘိုင်းငွေပေးချေမှုစနစ်က နေ့စဉ်ဘဝထဲမှာ အရမ်းအရေးကြီးတယ်။ WeChat Pay နဲ့ Alipay ကို ကျွန်တော်တို့လည်း အသုံးပြုတတ်လာကြတယ်။ လက်ဖက်ရည်တစ်ခွက်ဝယ်တာကနေ ဆောက်လုပ်ရေးပစ္စည်းဝယ်တာအထိ ဖုန်းတစ်လုံးနဲ့ အကုန်ရှင်းလို့ရတယ်။ ငွေသားကို မကိုင်ရတာကြောင့် လုံခြုံတယ်လို့လည်း ခံစားရတယ်။ မြန်မာနိုင်ငံမှာလည်း အနာဂတ်မှာ ဒီလိုစနစ်တွေ ပိုပြီးကျယ်ပြန့်လာမယ်လို့ မျှော်လင့်မိတယ်။

ကိုယ်အလုပ်လုပ်တဲ့ နေရာမှာ မြန်မာလူမျိုးတွေလည်း ရှိတယ်၊ တရုတ်အလုပ်သမားတွေလည်း ရှိတယ်။ ဘာသာစကားအခက်အခဲ ရှိပေမယ့် အလုပ်လုပ်ရင်းနဲ့ နားလည်လာကြတယ်။ တချို့တရုတ်လုပ်ဖော်ကိုင်ဖက်တွေက မြန်မာစကား နည်းနည်းတတ်လာပြီး “မင်္ဂလာပါ” လို့ နှုတ်ဆက်တတ်ကြတယ်။ ကျွန်တော်တို့လည်း တရုတ်စကား နည်းနည်းနဲ့ ပြန်ပြောကြတယ်။ အဲဒီလို သေးသေးလေးကစပြီး လူချင်းနီးစပ်လာတာကို ခံစားရတယ်။

ရွှေလီမှာ နေထိုင်တဲ့ မြန်မာအများစုက အလုပ်ကြိုးစားကြတယ်။ တချို့က စားသောက်ဆိုင်မှာ အလုပ်လုပ်တယ်၊ တချို့က ဈေးရောင်းတယ်၊ တချို့က ကုန်တင်ကားမောင်းတယ်။ အားလပ်ရက်တွေမှာ မြန်မာဘုန်းကြီးကျောင်းကို သွားပြီး အချင်းချင်း တွေ့ဆုံကြတယ်။ အိမ်လွမ်းစိတ်ကို အဲဒီလိုပဲ ဖြေဖျောက်ကြတာ များတယ်။

တရုတ်နိုင်ငံသားအများစုက ကျွန်တော်တို့အပေါ် ဖော်ရွေကြတယ်လို့ ကျွန်တော် ခံစားရတယ်။ အလုပ်ခွင်မှာ လက်ဖက်ရည်တိုက်တာ၊ အစားအသောက် မျှဝေတာ၊ နေမကောင်းရင် စိုးရိမ်မေးမြန်းတာမျိုးတွေ ကြုံဖူးတယ်။ နယ်စပ်မြို့ဖြစ်တာကြောင့်လည်း မြန်မာလူမျိုးကို အကျွမ်းတဝင် ရှိနေကြပုံရတယ်။

ဒါပေမယ့် နိုင်ငံခြားမှာ အလုပ်လုပ်ရတာက အမြဲလွယ်ကူတာတော့ မဟုတ်ဘူး။ မိသားစုနဲ့ ဝေးရတာ၊ ဘာသာစကားအခက်အခဲ၊ အလုပ်ပင်ပန်းတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော် ရွှေလီမှာ နေထိုင်ရင်း နည်းပညာ၊ စည်းကမ်း၊ မြို့ပြစနစ်တွေက လူနေမှုဘဝကို ဘယ်လောက်ပြောင်းလဲပေးနိုင်တယ်ဆိုတာ မြင်လာရတယ်။

တစ်နေ့နေ့မှာ မြန်မာနိုင်ငံလည်း ငြိမ်းချမ်းပြီး အလုပ်အကိုင်ကောင်းတွေ ပိုများလာမယ်လို့ ကျွန်တော် မျှော်လင့်တယ်။ လူငယ်တွေ နိုင်ငံခြားထွက်ပြီး အလုပ်ရှာဖို့ မလိုတော့ဘဲ ကိုယ့်နိုင်ငံထဲမှာပဲ ဘဝတည်ဆောက်နိုင်မယ့် အခြေအနေ ရောက်လာစေချင်တယ်။ ရွှေလီမှာ ကျွန်တော် သင်ယူခဲ့ရတဲ့ အရာတွေ—အလုပ်ကြိုးစားမှု၊ နည်းပညာအသုံးချမှု၊ မြို့ပြစီမံခန့်ခွဲမှု—တွေက တစ်နေ့ မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိလာမယ်လို့ ယုံကြည်နေမိတယ်။

image

image

image

ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြ ဖြည့်ဆည်းဆောင်ရွက်မည်ဟု တိုင်းအစိုးရပြော

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ မူလတန်းကျောင်း (အ.မ.က) များတွင် ကြုံတွေ့နေရသည့် ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြကာ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားသည်။
ယင်းကို ဇွန် ၂၉ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခိုင်ဦး၏ အ.မ.က ကျောင်းများရှိ ဆရာ၊ ဆရာမလိုအပ်ချက်နှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်တိုင်းရှိ အ.မ.က ကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်များပြားနေသည်ကို သိရှိထားပြီးဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနထံ သီးသန့်တင်ပြ၍ ဖြည့်ဆည်းဆောင်ရွက်သွားမည်" ဟု လူမှုရေးရာဝန်ကြီးက ပြောသည်။
ထို့ပြင် အ.မ.က ကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကို ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးနှင့် သင်ပြနည်းပြဒီပလိုမာသင်တန်းဆင်းများ၊ B.A./B.Sc (Education) သင်တန်းဆင်းများကို အသစ်ခန့်ထားသည့်အချိန်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အလားတူ အထက်တန်းပြဆရာ၊ ဆရာမလိုအပ်ချက်များကိုလည်း B.Ed (၅) နှစ်သင်တန်းဆင်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သင်တန်းဆင်းများအား အသစ်ခန့်ထားသည့်အခါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်ရှိအခြေအနေများကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်တိုင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားလာသည့် ဆရာ၊ ဆရာမများကိုလည်း လိုအပ်သည့်ကျောင်းများတွင် တွဲဖက်တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။

image

မြန်မာဝတ်စုံဖြင့် ရွှေတိဂုံဘုရားဖူးခဲ့သည့် လာအိုဒုဝန်ကြီးချုပ်ဇနီးနှင့် ကလျာဏမိတ္တချစ်ကြည်ရေး

ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်အပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံတော်သမ္မတအနေဖြင့် လာအိုနိုင်ငံသို့ တုံ့ပြန်ချစ်ကြည်ရေးခရီး သွားရောက်တော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
ဤသို့ ထိပ်သီးခေါင်းဆောင်များအကြား ဆက်တိုက်ဆိုသလို အပြန်အလှန် လည်ပတ်ကြခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးရာ အခင်းအကျင်းကို ပိုမိုအားကောင်းလာစေရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ခရီးစဉ်အတွင်း လာအိုဒုတိယဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူတို့ ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့ရှိ သမိုင်းဝင်ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။ ထိုသို့ သွားရောက်ဖူးမြော်ရာတွင် လာအိုဒုတိယဝန်ကြီးချုပ်ဇနီးနှင့်အဖွဲ့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို အလေးထားသောအားဖြင့် မြန်မာဝတ်စုံများကို ကိုယ်တိုင်တကူးတက ဝယ်ယူပြင်ဆင်ကာ စနစ်တကျ ဝတ်ဆင်၍ ဘုရားဖူးတက်ခဲ့ကြသည်။
ဤကဲ့သို့ လာအိုခေါင်းဆောင်များ၏ သိမ်မွေ့လှသော အပြုအမူသည် ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာချင်း များစွာကွာဟမှုမရှိသည့် အိမ်နီးချင်းအချင်းချင်းအကြား နွေးထွေးပျူငှာမှု၊ လေးစားမှုနှင့် စစ်မှန်သော ကလျာဏမိတ္တချစ်ကြည်ရေးကို ပြည်သူများရှေ့မှောက်တွင် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

image

ရက်(၁၀၀) စီမံချက်တွင် ပညာရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်နေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ပညာရေးကဏ္ဍကို အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးအရည်အသွေး မြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဇွန်လ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာခိုင်ခိုင်စိုးက သမ္မတ၏ အစည်းအဝေးများတွင် ပညာရေးကဏ္ဍကို အမြဲတမ်းဦးစားပေးဆွေးနွေးလေ့ရှိကြောင်း၊ သန်းခေါင်စာရင်းနှင့် စစ်တမ်းများကို အခြေခံကာ အားနည်းနေသည့် ပညာရေးကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလကို မေလ ၂၅ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ထားပြီး လက်ရှိအချိန်အထိ ကျောင်းသား၊ ကျောင်းသူ ၇ ဒသမ ၂၇၅ သန်း ကျော် ကျောင်းအပ်နှံထားကာ ယမန်နှစ် အလားတူကာလ၏ ၇ ဒသမ ၂၅ သန်းကျော် ထက် ပိုမိုများပြားလာကြောင်း သိရသည်။
ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) တွင် မူလတန်းအဆင့်၌ စာရင်းရှိသူ ၁၁၁,၉၉၆ ဦး အနက် ၉၇,၃၇၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အလယ်တန်းအဆင့်၌ စာရင်းရှိသူ ၅၀,၄၇၅ ဦး အနက် ၄၄,၃၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ Placement Test အောင်စာရင်းကို ဇူလိုင်လ ၁ ရက် တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

image

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို အလုပ်သမားသံအရာရှိရုံး ကူညီပြန်လည်ပို့ဆောင်

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့
အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဉ်လက်မှတ်အတုဖြစ်နေသဖြင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်သည် အိုမန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လာရာတွင် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ Transit ဖြင့် စောင့်ဆိုင်းနေစဉ် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လေဆိပ်အတွင်း ခေတ္တပိတ်မိကာ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့က ဇွန်လ ၂၉ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် သံအရာရှိရုံးက ချက်ချင်းတုံ့ပြန်ကာ လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
ထို့နောက် Myanmar National Airlines (MNA) နှင့် ညှိနှိုင်း၍ လေယာဉ်လက်မှတ်အသစ် စီစဉ်ပေးခြင်းအပါအဝင် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပြီး ဒေါ်စောနန်းကြည်သည် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အလုပ်သမားများ ဘေးကင်းလုံခြုံစွာ နေထိုင်လုပ်ကိုင်နိုင်ရေးနှင့် အရေးပေါ်အခက်အခဲများ ကြုံတွေ့ပါက ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြောကြား

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယနေ့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ Blacklist စာရင်းတွင် ပါဝင်နေသူအများစုမှာ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်မရှိဘဲ တာဝန်ပျက်ကွက်၍ ဌာနကင်းကွာခဲ့သူများဖြစ်ပြီး အလင်းဝင်ရောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် Blacklist စာရင်းတွင် ပါဝင်နေသူများအနေဖြင့်လည်း စာရင်းမှ ဖြေလျှော့ပေးရန် သက်ဆိုင်ရာဌာနများသို့ လျှောက်ထားနိုင်ပြီး၊ ပြည်ပတွင် ရောက်ရှိနေသူများသည်လည်း သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ပြောကြားသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း Blacklist စာရင်းတွင် ပါဝင်သူ ၇,၀၀၀ ကျော်ကို စိစစ်ကာ စာရင်းမှ ဖြေလျှော့ပေးခဲ့ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း ရက် ၁၀၀ စီမံချက်ကာလအတွင်းသာမက ယင်းကာလကျော်လွန်သည့်တိုင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အလင်းဝင်ရောက်လိုပါက လက်ခံကြိုဆိုသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် NCA လက်မှတ်မရေးထိုးထားသည့် အဖွဲ့များအားလုံးကို ခွဲခြားမှုမရှိဘဲ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီး အားလုံးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို အပြည့်အဝ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။

image

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ဧရာဝတီမြစ်ဆုံဒေသတွင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်မည့် နေရာ (၇) နေရာရှိပြီး၊ ယင်းတို့အနက် မြစ်ဆုံနှင့် အနီးဆုံးဖြစ်သည့် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းမှပင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၅,၆၀၀) အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတ၏ မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့ပြင် မြစ်ဆုံစီမံကိန်းသည် ကောင်းကျိုးများစွာ ရှိသကဲ့သို့ ဆိုးကျိုးအချို့လည်း ရှိနိုင်ကြောင်း၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွက်ချက်မှုရလဒ်များကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး စီမံကိန်းကို အကောင်းဆုံးအကျိုးဖြစ်ထွန်းစေကာ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
လက်ရှိတွင် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းမှုများကို မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရှင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image