အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ ကလေး - တမူးအာရှလမ်းပြန်ဖွင့်
မြန်မာ - အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး - တမူး အာရှလမ်းမကြီးကို အစိုးရက ဒီကနေ့ စက်တင်ဘာ ၁ ရက်ကစပြီး သွားလာခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ် ။
ကလေး - တမူး အာရှလမ်းမကြီးပြန်ဖွင့်ပြီဖြစ်တဲ့အတွက် ခရီးသည်တင်ကားတွေလည်း စတင်ပြေးဆွဲနေပြီး ဖြစ်တယ်လို့ သိရပါတယ်။
" ဒီနေ့စတင်ပြေးဆွဲတာပါ။နေ့ချင်းပေါက်ရောက်နိုင်ပါတယ်။ဒီနေ့မှစသွားရတာဆိုတော့ ဂိတ်ကြေး လမ်းကြေးတွေဘယ်လိုကျမယ် မသိသေးတော့ လမ်းစရိတ်ကတော့ နောက်ရက်လောက်မှ သိရမယ်။ကားခလည်း ဘယ်လောက်ဆိုပြီး မသတ်မှတ်ရသေးဘူး။ ဒီနေ့သွားတဲ့ ခရီးသည်တွေကို ကလေးကိုရောက်မှ ကုန်ကျမှုတွက်ပြီး ပြောရမှာပါ။ သူမနာ ကိုယ်မနာပေါ့။လမ်းကြေးဂိတ်ကြေးမများရင်တော့ ကားခစျေးကျမှာပါ ။ဆီစျေးကလည်း ကလေးမှာ တလီတာကို ၁၂၀၀၀ ရှိတယ်။ " လို့ ကလေး - တမူး ကားပြေးဆွဲသူကပြောပါတယ်။
မနေ့က ဩဂုတ် ၃၁ ရက်နေ့ ညနေပိုင်းကတည်းက ကားတချို့ သွားလာမှုရှိခဲ့ပြီး ဒီနေ့မနက်မှာတော့ ကားအများစု စမ်းသပ်သွားလာမှုပိုများကြောင်း ၊ ခရီးသွားမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ခရီးသွားကြောင်းထောက်ခံစာ ၊ မှတ်ပုံတင် ပါဖို့လိုတယ်လို့ သိရပါတယ်။
ကလေး - တမူး အာရှလမ်းခရီးစဥ်မှာ လမ်းကြေးဂိတ်ကြေးတွေကို အဆမတန် တောင်းတာမျိုးမရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သေချာကြီးကြပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုမှုရှိနေ ပါတယ်။
"ကားသမားတွေကတော့ ဂိတ်ကြေး/လမ်းကြေးတွေ အဆမတန်တောင်းမှာကို စိတ်ပူနေတယ်။လမ်းဂိတ်ကြေးတွေ အဆမတန်တောင်းရင် ကုန်တန်ဆာခမကျနိုင်ဘူး ။ဒါဆိုရင်ကုန်စျေးနှုန်းလည်း မကျနိုင်ဘူး။ဒါဆို ပြည်သူတွေပဲ အခက်တွေ့နိုင်တယ်။ဂိတ်တွေကလည်းတမူး - ကလေး လမ်းရွာစဉ်တလျှောက် မနည်းဘူး။လမ်းမှာ အများကြီးရှိတာတော့ လုံခြုံရေးအရကောင်းပါတယ်။မကောင်းမှာက အဲဒီ ဂိတ်ကြေးတွေပဲ ။ လမ်းပွင့်တော့ တခုတော့ ကောင်းသွားတယ်။ခရီးသွားတွေ အချိန်မကြာပဲ သွားနိုင်ပြီ။
အရင်ကတော့ India ဘက်ကနေ ကွေ့ပတ်ပြီး သွားနေရတာလေ။" လို့ တမူးဒေသခံက ပြောပါတယ် ။
ကလေး - တမူး အာရှလမ်းမကြီး တလျှောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပျက်စီးခဲ့တဲ့ ခမ်းပါတ် တံတား ၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတို့ကို ပြန်လည်ပြုပြင် ပြီးသွားတဲ့အတွက် အစိုးရက အာရှလမ်းမကြီးကို သွားလာခွင့်ဖွင့်ပေးလိုက်တာပါ။