ပြည်သူဆန္ဒကို လေးစားလိုက်နာဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား
-------------------------------------------------
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်တွေအတိုင်း မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျင်းပ တဲ့ မြို့နယ်တွေ အားလုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တပ်မတော်အနေနဲ့လည်း ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်း ရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ရာခိုင်နှုန်းကျော် ရှိခဲ့ကာ ပြည်သူ တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြတာကို ကြည့်မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလိုတာနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု ရှိတာတွေကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကိုတော့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ကော်မရှင်အဖွဲဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

image

အမေရိကန်ဒေါ်လာ ၂၈ သန်း ဗဟိုဘဏ် ရောင်းချပေးမည်
----------------------------
နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ရောင်းချပေး သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၃ ရက်မှာပဲ ဗဟိုဘဏ်က CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ခြောင်သိန်းကိုးသောင်းကျော်ကိုလည်း စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို FX Market Online Trading Platform ကနေ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
FX Market Online Trading Platform ကနေ ဖေဖော်ဝါရီ ၃ ရက်မှာ စားသုံးဆီက ၄ ရာခိုင်နှုန်း၊ စက်သုံးဆီက ၅၉ ရာခိုင်နှုန်း၊ ဆေးဝါးနဲ့ဆေးဝါးကုန်ကြမ်းပစ္စည်းက ၃ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာက ၁ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်း က ၂ ရာခိုင်နှုန်း၊ ကားနဲ့ဆိုင်ကယ်အပိုပစ္စည်းက ၅ ရာခိုင်နှုန်း၊ စားသုံးကုန်စည်က ၅ ရာခိုင်နှုန်း၊ အီလက်ထရောနစ် ပစ္စည်းတွေက ၂ ရာခိုင်နှုန်း၊ တခြားကုန်ပစ္စည်းတွေနဲ့ Non Trade Transation တွေက ၁၉ ရာခိုင်နှုန်း နိုင်ငံခြားငွေ တွေ အသီးသီး ဝယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် FX Market Online Trading Platform မှာ အရောင်းအဝယ်ပြုလုပ်တဲ့ ဈေးနှုန်းက အမေရိ ကန် တစ်ဒေါ်လာ ကျပ် ၃၆၅၄ ၊ တရုတ် တစ်ယွမ် ၅၅၇ ကျပ် နဲ့ ထိုင်းတစ်ဘတ် ကျပ် ၁၂၄ ဒသမ ၉၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ ၉ လကျော်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချထားပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

image

နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း
-------------------------------------
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံ ခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာပါ။
ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅ ၊ ပုဒ်မခွဲ (ခ)ကို ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ နေအိမ်နဲ့ နေအိမ်အဖြစ် အသုံးပြုသောအခန်း၊ အဆောက်အအုံ ဒါမှမဟုတ် ပရဝဏ်နဲ့ ပရဝဏ်အတွင်းရှိ အဆောက်အအုံတွေအတွင်းကို တည်ဆဲဥပဒေ တစ်ရပ် ရပ်အရ ဝင်ရောက် ရှာဖွေတာ၊ သိမ်းဆည်းတာ ဒါမှမဟုတ် သူတစ်ဦးဦးအား ရှာဖွေတာ၊ ဖမ်းဆီးတာ ပြုလုပ်လိုရင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှတစ်ပါး သက်ဆိုင်ရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ် မှူးဖြစ်စေ တစ်ဦးဦး အပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနဲ့အတူ ဆောင်ရွက်ရမယ်ဆိုတာနဲ့ အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈ ခြေဆင်း ကိုလည်း နိုင်ငံတော်ကာကွယ်ရေး ၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေး အလို့ငှာ ဥပဒေနဲ့ အညီ တာဝန်အရဆောင်ရွက်ရတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ရှိသူမှအပ မည်သူမျှ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် / ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက် မရှိဘဲဖြစ်စေ ဆိုတာနဲ့အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။

image

ကြိုတင်မဲကို စနစ်တကျဆောင်ရွက်ခဲ့၍ မသမာမှု မဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
-------------------------------------------
ကြိုတင်မဲပေးရာမှာ စနစ်တကျနဲ့ ဆန္ဒမဲပေးဖို့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် မဲ မသမာမှု မဖြစ်နိုင်ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ တိကျစွာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ စာရင်းကိုလည်း စနစ်တကျ စိစစ် ကောက်ခံဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ကြိုတင်မဲပေးရာမှာ တစ်သိန်းလေးသောင်းကျော်လောက် ပယ်မဲ ဖြစ်ပေါ်ခဲ့ပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လျှောက်ထားတဲ့ သူတွေကို ကြိုတင်မဲတွေ ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ လာရောက်ဆန္ဒမဲ ပေးကြသူတွေအနေနဲ့ မိမိထောက်ခံလိုသူတွေ မပါတဲ့အတွက် မဲမပေးတာ၊ ဒေသလုံ ခြုံရေးအရ မဲမပေးတာ၊ မိမိတို့ရဲ့ မဲပေးပိုင်ခွင့် ရှိမှုကို မသိရှိတာ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ သွေးထိုး လှုဆော်မှုတွေကြောင့် မဲပေးဖို့ မလာရောက်နိုင်တာတွေ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၄ သန်းကျော်အနက် ၁၃ ဒသမ ၁၃ သန်းလောက် လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ပေးခဲ့ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ၆ ပါတီ ရှိခဲ့ကြောင်း၊ မဲစာရင်း ရလဒ်တွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်းလောက် ရရှိခဲ့တဲ့အတွက် ပြည်သူတွေနဲ့ ထိတွေ့မှု များပြားတဲ့ ပါတီတွေအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

image

လာမည့် မတ်လတတိယပတ်တွင် လွှတ်တော်ခေါ်မည်
--------------
လာမဲ့ မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမှာဖြစ်တယ်လို နိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမမှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ ဆာဂေး ရွှင်းဂူနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးတဲ့အချိန်မှာ အဆွေတော်ရဲ့ ခရီးစဉ် ရောက်ရှိ လာမှုက ထူးခြားလေးနက်မှုရှိပြီး အဆွေတော်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီနောက် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက မိမိတို့ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က အဆွေ တော်တို့နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို လက်ရောက်ပေးအပ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတွေကြားကနေ အခုလို ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် မိမိတိုရုရှားနိုင်ငံအနေနဲ့ အသိအမှတ်ပြုအပ်ပါကြောင်းနဲ့ မိမိ တို့နှစ်နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တို့ကို ပြောပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာ ရုရှားနိုင်ငံအပါအဝင် နိုင်ငံ တကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲတွေ လာရောက်ခဲ့ပြီး ပြည်သူတွေက တက်ကြွစွာနဲ့ ဆန္ဒမဲ ပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရမှုနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်တာကို သိရှိခဲ့ရတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံအကြား Cyber Security ၊ Information Security တို့အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်မဲ့ အခြေအနေတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားနိုင်မဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးတို့ဟာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပေးအပ်ခဲ့ ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲကိုတော့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနဲ့အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး အိစ်ကန်ဒဲ အာဇီဇော့ဗ်နဲ့ ရုရှားနိုင်ငံ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

image

ရွေးကောက်တင်မြှောက်ပြီးသည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းချုပ် ထုတ်ပြန်
-------------------------------------
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပြီးဖြစ်တဲ့ လွှတ်တော်ကိုယ် စားလှယ်စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် စတဲ့ နေရာအသီးသီးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စုစုပေါင်း ၇၄၉ ယောက် ရွေးကောက် တင်မြှောက်ခံခဲ့ရတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၆၈ ယောက်၊ ရှမ်းနှင့်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၃၉ ယောက်၊ ပြည်သူ့ပါတီက အယောက် ၃၀ ၊ ပြည်သူ့ရှေ့ဆောင် ပါတီက အယောက် ၂၀ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၈ ယောက်၊ မွန်ညီညွှတ်ရေးပါတီက ၁၇ ယောက်၊ နာဂအမျိုးသားပါတီက ၁၂ ယောက်၊ ရခိုင့်ဦးဆောင်ပါတီက ၈ ယောက်၊ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ ၇ ယောက်၊ ဇိုမီးအမျိုးသားပါတီက ၇ ယောက်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါ တီက ၆ ယောက်၊ ရခိုင်တိုင်းရင်းသားများပါတီက ၆ ယောက်၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီက ၅ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
အလားတူ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက ၅ ယောက်၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုး တက်ရေးပါတီက ၄ ယောက်၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ ယောက်၊ ကယားပြည်နယ်ပြည်သူ့ပါတီ ၃ ယောက်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃ ယောက်၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက ၃ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ၃ ယောက်၊ ကရင်ပြည်သူ့ပါတီက ၃ ယောက်၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(ဒူးလေးပါတီ)က ၂ ယောက်၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီက ၂ ယောက်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ၂ ယောက် ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီက ၂ ယောက်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီက ၂ ယောက် ၊ ချင်းပြည်သစ်ကွန်ကရက်ပါတီက ၁ ယောက်၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ ယောက်၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ ယောက်၊ ဝအမျိူးသားပါတီက ၁ ယောက်နဲ့ တစ်သီးပုဂ္ဂလ ၁ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ယောက် ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကိုယ်စားလှယ် ၇၃ ယောက်၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) ကိုယ်စားလှယ် ၈၄ ယောက် စုစုပေါင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ယောက်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (FPTP)ကိုယ်စားလှယ် ၂၅၅ ယောက်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် PR ကိုယ်စားလှယ် ၃၂၁ ယောက် စုစု ပေါင်း တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅၇၆ ယောက်၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ် စားလှယ် ၂၉ ယောက်နဲ့ လွှတ်တော်အရပ်ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ယောက် ရွေးကောက်တင် မြှောက်ခံခဲ့ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကစတင်ကာ အပိုင်းလိုက် ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွေကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၇၃ နယ်၊ PR မဲဆန္ဒနယ် ၂၆ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၂၅၅ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း ၆၈၈ နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

image

မြို့ပတ်RBEရထားနှင့် DEMUရထားတို့ ခဲနှင့်အပေါက်ခံရ
----------------------
ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ RBEရထားနဲ့ ရန်ကုန်-နေပြည်တော်ပြေးဆွဲတဲ့ DEMUရထားတို့ ခဲနဲ့အပေါက်ခံခဲ့ရတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွင်း အင်းစိန်-လှော်ကား ပြေးဆွဲပေးနေတဲ့ RBE (ခ-၇)အဆန်ရထားဟာ ဇန်နဝါရီ ၃၀ ရက်က ညနေ ၆ နာရီ ၃၅ မိနစ်က တညင်းကုန်းဘူတာနဲ့ လှော်ကားဘူတာအကြားမှာ ရထားကို ခဲနဲ့ပစ်ပေါက်ခံရလို့ ခရီးသည်မှန်ပြတင်းပေါက် ပြတင်းပေါက်မှန်ကွဲကြေခဲ့တာကြောင့် လှော်ကားနယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ခဲနဲ့ပစ်ပေါက်ခဲ့သူတရားခံလေးဦးဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က အမျိုးသားလေးဦးတို့ကို ဖေဖော်ဝါရီ၁ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်-နေပြည်တော်လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမှတ်(၃၁) အဆန် DEMU ရထားဟာ ဖေဖော်ဝါရီလ ၃ ရက် မနက် ၁ဝ နာရီ ၃၆ မိနစ်လောက်က မြို့လှနဲ့ ရေနီဘူတာ အကြား ရထားပြေးဆွဲဖြတ်သန်းနေစဉ် အမည်မသိသူတစ်ဦးက ရထားကို ခဲနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အထက်တန်းတွဲ(၂)ရဲ့ ညာဘက်ခြမ်း ခုံနံပါတ် A-4 ပြတင်းပေါက်အပေါ်မှန် ကွဲကြေပျက်စီးခဲ့တဲ့အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ် ဆောင်ရွက်ထားပြီး တရားခံဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကလည်း အမှတ်(၇)အဆန် DEMU ရထားကို ဖြူးနဲ့ ဇေယျဝတီဘူတာအကြား ခဲဖြင့်ပစ်ပေါက်ခဲ့သူ တရားခံကို တောင်ငူခရိုင်တရားရုံးက ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာနဲ့ ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေနဲ့ ပုဒ်မ (၈၄)အရ အနည်းဆုံး ငါးနှစ် မှ အများဆုံး နှစ် ၂ဝ ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့သိရပါတယ်။

image

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကို အခြေပြုပြီးဆောင်ရွက်နိုင်မည့်ပြကွက်များ ပြသမည်

ပြည်ထောင်စုနေအထိမ်းမှတ် ဖြင့် MSMS ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူရင်ပြင်၌ ဖေဖေါ်ဝါရီ (၈) ရက်ကနေ ၁၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ပြပွဲတွင် သိပွံနှင့် နည်းပညာဝန်ကြီးဌာနမှ ဝင်ရောက်ပြသမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေပြုသည့် စက်မှုကုန်ကြမ်းလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာကို အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ပြကွက်များပါဝင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌အောင်ဇေယျက ပြောသည်။
ဝန်ကြီးဌာန အနေဖြင့် Digital Corner ပြခန်းကို ထည့်သွင်းပြမည်ဖြစ်ပြီး AI နည်းပညာကို အသုံးပြုသည့် ပြကွက်များပါဝင်မည်ဖြစ်သကဲ့သို့ ပြကွက် (၁၀) ခု ထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
AI နည်းပညာအသုံးပြုပြီး MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ထိရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သည့် ပြခန်းပြကွက်များကိုလည်း ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရသည်။

image

ကမ္ဘောဇသာဒီနန်းတော်ထဲက ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက်သေပြီး သုံးယောက်ဒဏ်ရာရ

ပဲခူးတိုင်း ၊ ပဲခူးမြို့ ၊ နန်းတော်ရာရပ်ကွက် ၊ ကမ္ဘောဇသာဒီနန်းတော်ဝန်းထဲမှာ ဆောက်လုပ်ဆဲ အုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဖေဖော်ဝါရီ ၂ ရက်နေ့ ၊ ညနေ ၃ နာရီ ခွဲလောက်မှာ အုတ်ရိုးပြိုကျခဲ့တာ ဖြစ်ကြောင်း ၊ အုတ်ရိုးအောက်ခြေမှာ ရေမြောင်းရှိပြီး အလုပ်သမားတွေက အဲဒီရေမြောင်းထဲကို ကျခဲ့တဲ့အတွက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
" နန်းတော်ထဲမှာ ဖြစ်တာပါ ။ အုတ်ရိုးကို အချောကိုင်နေချိန် ပြိုကျတာ ။ အုတ်ရိုး အောက်ခြေမှာက ရေမြောင်းရှိတယ်။ ရေမြောင်းက နက်တယ်။ အုတ်ရိုးပြိုကျတော့ အဲဒီထဲကျပြီး အပေါ်က အုတ်တွေပိသွားတာ ။ တယောက် သေတယ်။ သုံးယောက်ဒဏ်ရာရတယ် ။ ဒဏ်ရာရတဲ့အထဲမှာ တယောက်က ခြေထောက်ကျိုးတယ်။ ကျန်နှစ်ယောက်က ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာရတယ်။ " လို့ တိုင်းမီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
သေဆုံးတဲ့ အလုပ်သမားအမျိုးသားက အသက် ၂၅ နှစ်အရွယ် ကိုဇော်ပိုင် ဆိုသူဖြစ်ပြီး ခရမ်းသုံးခွ ဇာတိဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိတဲ့ အလုပ်သမားတွေကတော့ ကိုပိုင်ဦး ၊ ကိုအောင်ဌေး ၊ ကိုအောင်လင်းခိုင်ဆိုသူတို့ ဖြစ်ပြီး အားလုံးကို ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အုတ်ရိုးပြိုကျမှု ဖြစ်စဥ်ကိုတော့ မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။

image

ဖားကန့်မှာ လက်နက်ကြီးကြောင့် နှစ်ယောက်သေပြီး ၁၆ ယောက်ဒဏ်ရာရ၊ အမှိုက်ပုံရွာလည်း စစ်ရှောင်ရ

ဖားကန့်ဒေသမှာ တိုက်ပွဲကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ယောက် ရှိခဲ့တဲ့အပြင် အရေးပေါ် စစ်ရှောင်ရသူတွေပါ ရှိလာတယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဖားကန့် ၊ ကာလီချောင်ရွာ အနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ကလေးတယောက် အပါအဝင် နှစ်ယောက်သေဆုံးခဲ့ကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဖားကန့် ၊ အမှိုက်ပုံရွာ ၊မြိုကုန်းရှိ နေအိမ်တလုံးပေါ်ကိုလည်း ဒီကနေ့ မနက် ၅ နာရီလောက်က လက်နက်ကြီးကျရောက်ပြီး မိသားစုသုံးယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" ကာလီချောင်ရွာက တပ်မကုန်းရဲ့နောက်ကျောမှာရှိတာ ။ သေတာနှစ်ယောက်နဲ့ ထိခိုက်ဒဏ်ရာရ ၁၃ ယောက်လောက်ရှိတယ် သိရတယ်။ အမှိုက်ပုံဘက်မှာလည်း လက်နက်ကြီးကျတယ်။ ထိခိုက်တဲ့ မိသားစုထဲမှာ အသက်၂နှစ်ကလေးလည်းပါတယ်။ အမေနဲ့ အဖေကတော့ ခြေထောက်နဲ့ ရင်ဘတ်ထိတယ်သိရတယ်။ " လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ အမှိုက်ပုံရွာထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအပြီး ဒေသခံတွေအနေနဲ့ အရေးပေါ် စစ်ရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
" အမှိုက်ပုံရွာဘက် အခြေအနေမကောင်းဘူး ။အထုတ်တွေ အပိုးတွေနဲ့ ပြေးကြရတယ်။ စစ်ရှောင်ရပြီ။ လမ်းတချို့လည်း ပိတ်ထားတယ်။ ဆိုင်းတောင်ဆို အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေလည်း ပိတ်မိနေတယ် ။ " လို့ နောက်ထပ် ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဖားကန့်ကနေ ယူမာဘက်ကို သွားတဲ့လမ်းပိုင်း ပိတ်ထားသလို ဆိုင်းတောင်ရွာမှာလည်း အဝင်အထွက် ပိတ်ထားကြောင်း ၊ လုံးခင်းဘက်လည်း လမ်းပိုင်းပိတ်ထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့်မြို့၊ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူ မရှီကထောင်ရပ်ကွက်မှာလည်း လက်နက်ကြီး ထိမှန်လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိပြီး ဒီကနေ့အထိ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုတွေ ရှိနေတာ ဖြစ်တယ် သိရပါတယ်။

image