အမြန်လမ်းမှာ ခရီးသည်တင် Express ကားတိမ်းမှောက်လို့ တယောက်သေ၊ ၂၁ ယောက်ဒဏ်ရာရ
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅)အနီးမှာ စက်တင်ဘာ ၂ ရက်နေ့ ၊ နေ့လယ် ၂ နာရီကျော်လောက်က ခရီးသည်တင် Express ကားတိမ်းမှောက်ပြီး တယောက်သေဆုံးကာ ၂၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုမှာ အမျိုးသား ၁၄ ယောက် ၊ အမျိုးသမီး ရှစ်ယောက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲကမှ အမျိုးသားတယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ လူနာခြောက်ယောက်က မြောက်ဥက္ကာဆေးရုံမှာ လွှဲပြောင်းကုသမှုခံယူနေပြီး ကျန်သူတွေကတော့ လှည်းကူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
" ဒဏ်ရာရတဲ့အထဲက ပြင်းထန်တာ ခုနှစ်ယောက်ရှိတယ်။မြောက်ဥက္ကလာကိုပို့တော့ အဲဒီထဲက အောက်ပိုင်းပိတဲ့ အမျိုးသားတယောက်ကတော့ မြောက်ဥက္ကလာဆေးရုံကိုပို့လိုက်ပေမယ့် ဆေးရုံမှာပဲ ကာလာပြောင်းသွားတယ်။ ဆုံးသွားတယ်ပေါ့။ ဒဏ်ရာအပြင်းဆုံးသူပေါ့။ ကားတွေကို စက်တွေနဲ့မြှောက်ပြီးမှ ဆွဲထုတ်လို့ရတာ။ " လို့ မြေပြင် ကူညီကယ်ဆယ်ရေးဆောင်ရွက် ပေးခဲ့သူ တယောက်က ပြောပါတယ်။
အဆိုပါကားဟာ ရန်ကုန် - ဘားအံကိုပြေးဆွဲတဲ့ မိဘဂုဏ် ခရီးသည်တင် Express ကားဖြစ်ပြီး ယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်နဲ့ပတ်သက်လို့တော့ မသိရသေးပါဘူး။
စက်တင်ဘာ ၁ ရက်နေ့ ၊ ည ၉ နာရီကျော်လောက်ကလည်း ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း ၊ မိုင်တိုင်အမှတ် ၅၅၅.၅ km နဲ့ ၅၅၆.၀ km ကြားမှာ ဧကရာဇ်ခရီးသည်တင် Express ကား ဘရိတ်ပေါက်ပြီး ပေ ၅၀ အနက်ရှိ ချောက်ထဲပြုတ်ကျလို့ တယောက်သေပြီး ၁၉ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမြန်လမ်းမှာ ယာဥ်မတော်တဆမှုအနေနဲ့ အရင်လ ဩဂုတ် ၂ ရက်ကနေ ၂၆ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၁၈ မှုထက်အနည်း ဖြစ်ပွားခဲ့ပြီး ငါးယောက်သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ဒီကနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇွန် ၇ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးမှာ ခရီးသည်တင် Express ကားသုံးစီးအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားပြီး လူကိုးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လကုန်အထိ အမြန်လမ်းမမှာ ယာဥ်မတော်တဆ ဖြစ်ပွားမှုအနေနဲ့ ယာဉ်မတော်တဆမှု ၁၀၀ နီးပါးအထိရှိခဲ့ပြီး သေဆုံးသူ ၅၀ ထက်မနည်းရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။