“MAEX မှ ကျောင်းသား၊ ကျောင်းသူ ၅၈၄ ဦးအား ကျောင်းသုံးပစ္စည်းနှင့် ထောက်ပံ့ကြေးများ ပေးအပ်”

မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ပဉ္စမအကြိမ်မြောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက တညင်းကုန်းလက်ကားဈေးကြီး ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တညင်းကုန်းလက်ကားဈေးကြီးမှ ဈေးသူဈေးသားများ၊ ကုန်တင်ကုန်ချဝန်ထမ်းများနှင့် MAEX ကုမ္ပဏီဝန်ထမ်းများ၏ ကျောင်းနေအရွယ် သားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ရေဘူးများ၊ ထမင်းဘူးများ၊ ကျောပိုးအိတ်များနှင့် ကျောင်းဝတ်စုံဖိုး ထောက်ပံ့ပေးအပ်ခဲ့သည်။
" ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှာ ဝန်ထမ်းမိသားစုရဲ့သားသမီးတွေပါမယ်။ စျေးသူ စျေးသား၊ စျေးအကူ၊ ကုန်တင်ကုန်ချ၊ လုံခြုံရေး၊ ဘေးတွဲသမား၊ တုတ်တုတ်မောင်းသူတွေရဲ့ မိသားစုတွေရဲ့ သားသမီးတွေပါမယ်။ ထောက်ပံ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းနေအရွယ်သားသမီးတွေကို ပညာသင်ကြားခွင့် တန်းတူရရှိရေး၊ သင်ကြားရေးပစ္စည်းများစုံလင်စွာပံ့ပိုးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်နိုင်ရေးအတွက် အဓိကရည်ရွယ်ပါတယ်" ဟု မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ အထွေထွေမန်နေဂျာ ဦးရဲထွဋ်က ပေါ်ပြူလာနယူးစ်သို့​ပြောသည်။
ထောက်ပံ့မှုအနေဖြင့် မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ အလယ်တန်း ၁၃၈ ဦး၊ အထက်တန်း ၅၄ ဦးနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး စုစုပေါင်း ၅၈၄ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပမာဏအနေဖြင့် မူလတန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၈၂,၇၀၀ နှုန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၁၂၆,၅၀၀ နှုန်း၊ တက္ကသိုလ်ကျောင်းသားတစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ပစ္စည်းနှင့် ငွေတန်ဖိုး ကျပ် ၅၈,၈၀၅,၂၀၀ ဖိုး ပေးအပ်ခဲ့ကြောင်း သိရသည်။

image

တပ်မတော်က ရာဇဂြိုဟ်ရေလှောင်တမံနှင့် ရာဇဂြိုဟ်ကျေးရွာတို့ကိုပြန်လည်သိမ်းပိုက်

ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်တစ်ဘက်တစ်လမ်းမှအထောက်အကူပြုလျက်ရှိကာ အကြမ်းဖက်အဖွဲ့ဝင်များ ယာယီသိမ်းပိုက်ထားသည့် ရာဇဂြိုဟ်ရေလှောင်တမံကို တပ်မတော်စစ်ကြောင်းများက ယနေ့ ဇွန် ၁၄ ရက်တွင်ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ရာဇဂြိုလ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်ပိုင်းရှိရာဇဂြိုလ်ကျေးရွာအနီးတွင်ရှိကာ စိုက်ပျိုးရေပေးဝေရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့အတွက်ရည်ရွယ်၍ ၂၀၀၃-၂၀၀၄ ခုနှစ်မှ စတင်ကာတည်ဆောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင်စတင်လည်ပတ်ခဲ့ရာ ရာဇဂြိုလ်ရေလှောင်တမံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် စက်တပ်စွမ်းအား(၄)မဂ္ဂါဝပ်ရှိပြီး ရေလှောင်နိုင်စွမ်းမှာ (၅၂,၀၀၀)ဧကပေရှိကာ စိုက်ပျိုးမြေဧရိယာ(၈,၀၀၀)ဧကကို ရေပေးဝေနိုင်ကြောင်း သိရသည်။
ထိုသို့ တပ်မတော်က ရာဇဂြိုလ်ရေလှောင်တမံအား ပြန် လည်ထိန်းချုပ်နိုင်ခဲ့၍ ရေထိန်းတံခါးများအား ပုံမှန်ချိန်အတိုင်း စနစ်တကျ ဖွင့်/ပိတ်ခြင်း၊ ရေထိန်းရေလှောင်ခြင်း၊ ရာသီအလိုက်စနစ်တကျရေပေးဝေခြင်း၊ ရေဘလွှတ်ခြင်းတိူ့ဆောင်ရွက်ပြီး ဒေသခံများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများဖူလုံစွာရရှိအောင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ကလေး -တမူးလမ်းကြောင်းကို အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်အဖွဲ့ဝင်များအား တို-က်ခိုက်ချေမှုန်းနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်သစ် ခန့်အပ်

အမေရိကန်ပြည်ထောင်စုသည် ၁၈ လကြာ ရာထူးလစ်လပ်နေခဲ့သော အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ကီဗင်ကင်မ်ကို တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကင်မ်သည် ဇွန်လ ၁၁ ရက်နေ့တွင် ဂျကာတာရှိရုံးချုပ်၌ အာဆီယံအတွင်းရေးမှူးချုပ် ကောကင်မ်ဟွန်းထံ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်းဖြင့် ၁၈ လကြာ ရာထူးနေရာလစ်လပ်နေမှုကို အဆုံးသတ်သွားစေခဲ့သည်။
ထိုရာထူးအတွက် တစ်နှစ်ခွဲကြာအထိ သံရုံးယာယီတာဝန်ခံများကို အဆက်မပြတ်ခန့်အပ်ခဲ့ခြင်းကြောင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံနေသော အာဆီယံအကြီးတန်းအရာရှိများအကြားတွင် စိတ်ပျက်စရာဖြစ်စေခဲ့သည်။
“အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ်အဖြစ် တာဝန်ထမ်းဆောင်ရခြင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ဒေသတွင်းမိတ်ဖက်များကို စိတ်ချစေရန် ရည်ရွယ်သည့် ထုတ်ပြန်ချက်တွင် ကင်မ်က ပြောကြားခဲ့သည်။ “ကျွနုပ်ပ်တို့၏ လူဦးရေ ၁၀၀ ဘီလျံအတွက် ပိုမိုဘေးကင်းလုံခြုံပြီး ပိုမိုအားကောင်းကာ ပိုမိုကြွယ်ဝသော အနာဂတ်ကို အတူတကွ တည်ဆောက်သွားပါမည်” ဟု ဆိုခဲ့သည်။
တရားဝင်ခန့်အပ်မှုအခမ်းအနားအတွင်း အရှေ့တောင်အာရှရေးရာများတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ အဖွဲ့သည် အဓိကမောင်းနှင်အားအဖြစ် ဆက်ရှိသင့်သည်ဆိုသော ဒေသဆိုင်ရာအယူဝါဒဖြစ်သည့် အာဆီယံဗဟိုပြုမှုကို ဝါရှင်တန်က မယိမ်းမယိုင် ထောက်ခံကြောင်းကို ကင်မ်က ထပ်လောင်းအတည်ပြုခဲ့သည်။
အာရှရေးရာများတွင် အတွေ့အကြုံရင့်သော နိုင်ငံခြားရေးမူဝါဒအရာရှိတစ်ဦးဖြစ်သည့် ကင်မ်သည် ဇွန်လ ၅ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ယခုသီတင်းပတ်အစောပိုင်းတွင် အင်ဒိုနီးရှားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

image

တရုတ်ကျောင်းသားများအပြုအမူလေ့လာရန်စာသင်ခန်း၌ AI ကင်မရာတပ်

တရုတ်နိုင်ငံသည် ကျောင်းသားများနှင့် ဆရာများ၏ စာသင်ခန်းအပြုအမူနှင့် သင်ကြားမှုပုံစံများကို အချိန်နှင့်တပြေးညီ စောင့်ကြည့် ခွဲခြမ်းစိတ်ဖြာရန်အတွက် ညဏ်ရည်တု AI နှင့် ကြီးမားသော ဒေတာနည်းပညာကို အသုံးပြုခြင်းဖြင့် စမတ်ကျောင်းများ “Smart Campuses” အတွက် အရှိန်မြှင့်တွန်းအားပေးလျက်ရှိသည်။
စောင့်ကြည့်စနစ်များသည် ကျောင်းတက်မှုနှင့် စာသင်ခန်းတွင် ပါဝင်မှုမှသည် သင်ခန်းစာများအတွင်း ကျောင်းသားများ၏ အာရုံစူးစိုက်မှုအထိ အရာအားလုံးကို ခြေရာခံသည်။
HKEPC ၏ အစီရင်ခံစာတစ်ခုအရ စမတ်ကျောင်းအစီအစဉ်သည် တရုတ်ပညာရေးဝန်ကြီးဌာန၏ “ပညာရေးသတင်းအချက်အလက် ၂.ဝ” မူဝါဒအရ ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။ အစပိုင်းတွင် ကျောင်းနှင့် အဆောင်ဝင်ရောက်မှုအတွက် မျက်နှာဖတ်စနစ်များကို အဓိကထားခဲ့ပြီးနောက် စီမံကိန်းသည် စာသင်ခန်းများအတွင်း အပြည့်အ၀ AI စောင့်ကြည့်ခြင်းအဖြစ် ပြောင်းလဲလာခဲ့သည်။ HKEPC သည် တရုတ်နည်းပညာပြန်လည်သုံးသပ်ခြင်းနှင့် ဟာ့ဒ်ဝဲသတင်းအချက်အလက်ဆိုက်တစ်ခုဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ နိုင်ငံတစ်ဝန်းတွင် စမတ်စာသင်ခန်း ၄၆၉ ခုအထိ တည်ထောင်ခဲ့ပြီးဖြစ်သည်။ နေ့စဉ်ပုံမှန်မှတ်တမ်းစနစ် ဟု လူသိများသော backend အစီရင်ခံစနစ်မှတဆင့် ကျောင်းအုပ်ချုပ်ရေးမှူးများသည် တက်ရောက်မှုနှုန်း၊ ကျောင်းသားများ မည်မျှမကြာခဏ ကြည့်မှတ်သည်၊ ရှေ့တန်းခုံတွင်နေထိုင်မှုနှင့် စာသင်ခန်းအပြန်အလှန်ဆက်သွယ်မှုအဆင့်များအပါအဝင် စာသင်ခန်းပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်နိုင်ပြီဖြစ်သည်။
တရုတ်နိုင်ငံရှိ အလယ်တန်းကျောင်း ၆၈ ရာခိုင်နှုန်းတွင် ကျောင်းသားများ၏ အပြုအမူကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ဤစမတ်ကင်မရာများကို စာသင်ခန်းများတွင် စတင်တပ်ဆင်နေပြီဖြစ်သည်။
AI အသုံးပြုမှုကို နိုင်ငံတော်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သို့မဟုတ် gaokao အထိ တိုးချဲ့ခဲ့ပြီး ၎င်းတွင် ညဏ်ရည်ထက်မြက်သော စောင့်ကြည့်ရေးစနစ်များကို လုံခြုံရေးစကင်နာများ၊ ဘိုင်အိုမက်ထရစ်အတည်ပြုဂိတ်များနှင့် တွဲဖက်အသုံးပြုထားပြီး ပုံမှန်မဟုတ်သော အပြုအမူများကို ထောက်လှမ်းရန်နှင့် စာခိုးချမှုကို ကာကွယ်ရန်ဖြစ်သည်။

image

အမေရိကန်နဲ့ အီရန် စစ်ဆင်ရေးတွေ ရပ်ဖို့ သဘောတူညီချက်ရပြီ

အမေရိကန်နဲ့ အီရန်တို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး "ရေနံတွေ စီးဆင်းခွင့်ပေးလိုက်တော့!" ဆိုပြီး ပြောဆိုခဲ့ပါတယ်။
​ပါကစ္စတန်ဝန်ကြီးချုပ်က အရင်ဆုံး စပြောတာ
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) က အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရသွားပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ လက်ဘနွန်နိုင်ငံ အပါအဝင် ရှေ့တန်းမျက်နှာစာ အားလုံးမှာ ရှိနေတဲ့ "စစ်ရေးစစ်ဆင်ရေးတွေ အားလုံး" ပြီးဆုံးသွားမယ်လို့ ဆိုပါတယ်။
​သောကြာနေ့ကျရင် ဆွတ်ဇာလန်မှာ လက်မှတ်ထိုးမယ်
ဒီငြိမ်းချမ်းရေးစာချုပ်ကို လာမယ့် သောကြာနေ့ကျရင် ဆွတ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာချုပ်ထဲမှာ ဘာတွေပါလဲ၊ ဘာတွေ ချန်လှပ်ထားခဲ့လဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ အခုထိ တဖြည်းဖြည်းချင်းပဲ ထွက်ပေါ်လာနေတုန်း ဖြစ်ပါတယ်။
​ဒေါ်နယ်ထရမ့်အတွက် ၈၀ ပြည့် မွေးနေ့လက်ဆောင်
သောကြာနေ့မှာ စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ "ရေနံတွေ ပြန်စီးဆင်းတော့မယ်" လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒီကြေညာချက်ဟာ သက်တမ်းတစ်လျှောက် ထူးခြားတဲ့ သတင်းတစ်ခုဖြစ်ပြီး သမ္မတ ထရမ့်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အတွက် အလွန်ဝမ်းသာစရာကောင်းတဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်ခဲ့တယ်လို့ သတင်းထောက်တွေက သုံးသပ်ထားကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အသေးစိတ် အချက်အလက်တွေက တော်တော်လေး နည်းပါးနေပါသေးတယ်။
​အီရန်ဘက်ကလည်း အတည်ပြုတယ်
အီရန်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း သူတို့နိုင်ငံပိုင် ရုပ်မြင်သံကြားကနေတစ်ဆင့် ဒီငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အပြီးသတ် အောင်မြင်သွားပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
​လက်ဘနွန်အတွက် တကယ်ရော ငြိမ်းချမ်းသွားမှာလားဆိုတာက‌တော့မသေချာသေးဘူး
အခု သဘောတူညီချက်ကြောင့် လက်ဘနွန်နိုင်ငံမှာ စစ်ပွဲတွေ တကယ်ပဲ ခေတ္တနားသွားနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း အပစ်အခတ်ရပ်စဲရေး ၂ ကြိမ်တိုင်တိုင် လုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပျက်ပြားခဲ့ဖူးလို့ပါပဲ။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယနေ့ ဇွန် ၁၅ ရက် နံနက် (၈)နာရီတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ် ကြည်ရေးခရီးစဉ်အဖြစ် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား ဒု-သမ္မတဦးညိုစော၊ ဒု-သမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံဝန်ကြီး ချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်တက်ရောက်ခြင်း၊ အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်းများကိုလေ့လာခြင်းတို့ကိုလည်း နိုင်ငံတာ်သမ္မတကပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-တ ရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန် ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြောင်း သိရသည်။

image

မောက်မယ်မြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်တစ်ခုလှုပ်ခတ်

မောက်မယ်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဇွန် ၁၅ ရက်နံနက် ၂ နာရီ ၃၇ မိနစ် ၅၉ စက္ကန့်က မောက်မယ်မြို့၏ အရှေ့တောင်ဘက်(၂၁)မိုင်ခန့်အ ကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားမဂ္ဂနီကျူ့(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းရှိ တံတားတစ်စင်း၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးမြေသားတာဘောင် ပဲ့ကျ

ဧရာဝတီတိုင်းတွင် ဇွန် ၁၃ ရက်ကမိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းရှိ တံတားတစ်စင်း၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင်ပဲ့ကျခဲ့မှု ဇွန် ၁၄ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းရှိ မိုင်တိုင်အမှတ် ၁၈/၀ နှင့် ၁၈/၁ ကြားဘယ်ဘက်ခြမ်း တံတားအ မှတ်(၁/၁၉)(၁၀ ပေ)အုတ်စီကမ်းကပ်ခုံ RC Slab တံတား၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင်ပဲ့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ဖြစ်စဉ်ကြောင့် ကတ္တရာလမ်းသားထိခိုက်မှုမရှိသော်လည်း ယာဥ်အန္တရာယ်မရှိစေရန် ကတ္တရာပေပါခွံ၊ လမ်းတားပုံးများဖြင့်အချက်ပြတားဆီးထားကြောင်း သိရသည်။
ထို့ပြင် ဘက်ဟိုး(၁)စီး၊ သဲသယ်ကား(၁)စီး၊ မျောတိုင်သယ်ကား(၁)စီး၊ အလုပ်သမားများဖြင့် ယာယီတုတ်ရိုက်ပြုပြင်ရန်စီစဥ်လျက်ရှိပြီး ပျက်စီးနေမှုများအားအမြန်ဆုံးပြုပြင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ခရီးသွားဧည့်လမ်းညွှန်များအနေဖြင့် လိုင်စင်မရှိဘဲလုပ်ကိုင်ပါက အရေးယူခံရမည်

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်
ခရီးသွားဧည့်လမ်းညွှန်များအနေဖြင့် နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ပေးထားသော ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲလုပ်ကိုင်ပါက ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေ ကျပ် ၅၀၀၀၀ အထိ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ကြောင်း လည်း အသိပေးထားသည်။
လက်ရှိ ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးရန်ပျက်ကွက်ခဲ့သဖြင့် လိုင်စင်ဖျက်သိမ်းခံခဲ့ရသော ဧည့်လမ်းညွှန်များအတွက် “လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၃)” ကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လည်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ စည်းကမ်းထိန်းသိမ်းရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (CTD) သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သကဲ့သို့ tts.yangon@gmail.com သို့ အီးမေးလ်ပေးပို့၍လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်သက်တမ်းကို အခြေခံအားဖြင့် နှစ်နှစ်သတ်မှတ်ထားသော်လည်း လုပ်ငန်းခေတ္တအနားယူသွားသော ဧည့်လမ်းညွှန်များအတွက်မူ လေးနှစ်သက်တမ်းအထိ ထပ်မံသက်တမ်းတိုးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
လက်ရှိတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့၌ ဖွင့်လှစ်ပေးလျက်ရှိပြီး ဒေသဆိုင်ရာသင်တန်းဆင်း ၁၆၀၀ ကျော်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းခွဲများမှ သင်တန်းဆင်း ၃၇၀၀ ကျော် စုစုပေါင်း ၅၀၀၀ ကျော်ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များက ခရီးသွားဧည့်လမ်းညွှန် ၈၇၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

image

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုး တက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်အဆို" ကို ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းမည်

"ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုး တက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်အဆို" ကို မနက်ဖြန် ဇွန် ၁၅ ရက်တွင်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို ဗဟန်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်က မနက်ဖြန် ဇွန် ၁၅ ရက်တွင်ကျင်း ပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့်/မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းထားသည့် "ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်းဆိုင်ရာဥပဒေကြမ်း"နှင့်ပတ်သက်၍ ဦးစံကျော် လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)၊ ဦးကျော်မင်းထက် ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ် (၂)၊ ဦးသော်တာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ကိုယ်စားလှယ်အမှတ် (၂) တို့က ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၇) ခုကိုလည်း မေးမြန်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

image