ကမ္ဘာ့ဂျီဒီပီ ၁၀ ရာခိုင်နှုန်းကို ဉာဏ်ရည်တုများက အစားထိုးသွားမည်ဟု ဂျပန်စီးပွားရေးခေါင်‌ဆောင်ပြော

ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသောပါဝင် ဖြည့်ဆည်းမှုများ လုပ် ဆောင် သွား လိမ့်မည်ဖြစ်ကြောင်း ဂျပန်နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစုကြီးဖြစ်သည့် Soft Bank Group ၏ အကြီးအကဲ က ပြောကြားသည်။
အေအိုင်နည်းပညာတွင် အလွန်အကျွံ ရင်းနှီးမြုပ်နှံမှုအကြောင်း စိုးရိမ်မှုများကို Soft Bank Group ၏ ဥက္ကဌနှင့် အမူဆောင်အရာရှိချုပ် ဆွန်မာဆာယိုရှီ က ပယ်ရှားခဲ့ကာ ကုမ္ပဏီအနေဖြင့်အေအိုင်လုပ်ငန်းမှ ကြီးမားသော ရင်း နှီးမြုပ်နှံမှုများကို အချိန်တိုအတွင်း ပြန်လည်ရရှိနိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်စိတ်ချနေသည်ဟု ပြောသည်။
“ကမ္ဘာ့ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး (GDP )အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို စူပါဉာဏ်ရည်တု နဲ့ အေအိုင် စက် ရုပ်တွေက အစားထိုးဝင်ရောက်လာမယ်လို့ ကျွန်တော်ပြောပါမယ်။” ဟု ဆွန်က ပြောသည်။
တနင်္လာနေ့က တိုကျိုမြို့၌ ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုဖိုရမ်တစ်ခုတွင် မာဆာယိုရှီက ထိုကဲ့သို့ ပြောကြားသွား ခြင်းဖြစ်သည်။
ရှေ့လာမည့် ဆယ်စုနှစ်များတွင် အေအိုင်များက လူသားများထက် အဆတစ်သောင်းမှ တစ်သိန်းခန့်အထိ ပို၍ ဉာဏ်ရည်ထက်မြက်သွားကြလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ အလားအလာများကြောင့် အေအိုင်နှင့်ဆက်စပ်သော ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံမှုများ တစ်ဟုန်ထိုး မြင့် တက်နေခြင်းဖြစ်ကြောင်း နှင့် အေအိုင်လုပ်ငန်းမြင့်တက်မှု ကြာရှည်ခံမည်မဟုတ်ဟု ရှုမြင်ကြသော ရင်းနှီးမြုပ်နှံ သူများမှာ ထိုးထွင်းသိမြင်မှု မလုံလောက်သူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

image

လူချမ်းသာများထံမှ ဥစ္စာခွန်ကောက်ခံရေး အဆိုပြုချက် ဆွစ်ဇာလန်ပယ်ချ

ချမ်းသာကြွယ်၀သူများထံမှ ဥစ္စာဓနခွန်ကောက်ခံရေးအတွက် အဆိုပြုထားသော ဥပဒေကြမ်းကို ဆွစ်ဇာလန်မဲဆန္ဒရှင်ပြည်သူများက နိုဝင်ဘာ ၃၀ ရက်တွင် ဆန့်ကျင်မဲပေးခဲ့ကြကြောင်း သိရသည်။
လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် လွှတ်တော်အမတ်များက အဆိုပြုထားသော အထက်ပါဥပဒေကြမ်းတွင် ဆွစ်ဖရန့်ငွေသန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၂ သန်း) နှင့်အထက် အမွေခံရရှိထားသူများထံမှ ဓနဥစ္စာခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် တင်ပြထားသည်။
ယင်းဥပဒေကြမ်းကို နိုဝင်ဘာ ၃၀ ရက်တွင်လူထုဆန္ဒခံယူပွဲဖြင့် မဲခွဲအဆုံးအဖြတ်ယူခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၇၈ ရာခိုင်နှုန်းတို့က ကန့်ကွက်မဲများပေးခဲ့ကြသည်။
အဆိုပါ ဥပဒေကြမ်းသည် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဓနဥစ္စာခွဲဝေခံစားရေး သဘောတရားကိုကျင့်သုံးရန် အာသီသရှိ၊ မရှိ ပြသနိုင်မည့် ဥပဒေကြမ်းဖြစ်ရာ နိုဝင်ဘာ ၃၀ ရက် လူထုဆန္ဒခံယူပွဲကို ဘဏ်လုပ်ငန်းရှင် များက စောင့်ကြည့်ခဲ့ကြရသည်။
အလွန်အကျွံချမ်းသာနေသူများက ငွေကြေးဘီလီယံနှင့်ချီ၍ အမွေခံ ရရှိနေကြချိန်တွင် ကျန်သာမန် ပြည်သူများမှာ အကျပ်အတည်းများကိုသာ အမွေခံရရှိနေကြရကြောင်း ဥပဒေကြမ်းကိုအဆိုပြုခဲ့သည့် လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် အုပ်စုဝင်များက ပြောကြားထားသည်။
သို့ရာတွင် အဆိုပါ ဥပဒေကြမ်းကြောင့်ချမ်းသာကြွယ်၀သူများ ဆွစ်ဇာလန်နိုင်ငံမှ အစုအပြုံလိုက် ထွက်ခွာသွားနိုင်မည်ဖြစ်ရာ အခွန်အကောက်များ လက်လွှတ်ဆုံးရှုံးရနိုင်ကြောင်း ဥပဒေကြမ်းကို
ဆန့်ကျင်သူများက ထောက်ပြထားကြသည်။

image

အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့်ခုနစ်ဦးသေဆုံး

ယခုနှစ်နိုဝင်ဘာလအတွင်း အမြန်လမ်း၌ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူခုနစ်ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါလအတွင်း ယာဉ်မတော်တဆမှုငါးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူခုနစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျား/မ ခွဲခြားတာတော့မရသေးပါဘူး။ ရုံးပိတ်ရက်များတဲ့အခါ ပွဲလမ်းသဘင်များတဲ့ ခရီးသွားလာမှု များတဲ့လတွေကတော့ ယာဉ်တိုက်မှုများတတ်ပါတယ်” ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင် မီးသတ်စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

စင်ကာပူတွင် အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးမှုဖြင့် ကွပ်မျက်

စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှုများအတွက် လူသုံးဦးကို လွန်ခဲ့သည့်သီတင်းပတ်က ကြိုးပေးကွပ်မျက်ခဲ့ရာ ယခုနှစ်အတွင်း ကွပ်မျက်ခံရသူစုစုပေါင်း ၁၇ ဦးအထိ ရှိလာပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။
လူသုံးဦးကို ကြိုးပေးကွပ်မျက်မှုသည် မူးယစ်ဆေးဝါးပြစ်မှုများအတွက်သေဒဏ်ကို ဆန့်ကျင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကိုကြားနာရန် သီတင်းတစ်ပတ်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံသည် ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအချို့ရှိသည့် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည်။
နိုင်ငံတွင်း၌ ဒိုင်ယာမော်ဖင်း ၁၅ ဂရမ်၊ ကိုကင်း၃၀ ဂရမ်၊ မက်သာဖက်တမင်း ၂၅၀ ဂရမ်နှင့် ဆေး
ခြောက် ၅၀၀ ဂရမ်ထက်ပို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊သယ်ယူပို့ဆောင်ခြင်း အပါအဝင် မှောင်ခိုရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ မည်သူမဆို သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးမှုများတွင် မဖြစ်မနေ သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေ၏
တန်းတူကာကွယ်မှုကို ချိုးဖောက်ခြင်းဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုကို တင်သွင်းခဲ့သည့် တက်ကြွလှုပ်ရှားသူခုနစ်ဦးက ဆိုသည်။
စင်ကာပူအစိုးရကမူ သေဒဏ်ကို ဖယ်ရှားလိုက်ခြင်းသည် ပိုပြီးဆိုးရွားသည့်အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်ဟုဆိုသည်။ အကျိုးဆက်များထဲတွင်ပိုပြီးပြင်းထန်သည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်သေဆုံးမှု၊ အပြစ်မဲ့ ကလေးငယ်များ သေဆုံးမှုများ ပါဝင်ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးက ယခုနှစ်အစောပိုင်းတွင် ပြောဆိုထားသည်။

image

အင်ဒိုနီးရှားရေဘေး သေဆုံးသူ ၅၀၀ ကျော်ရှိလာ

အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ၅၀၀ ကျော်ရှိလာပြီး အခြား လူ ၅၀၀ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းတာဝန်ရှိသူများက ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။
မလက္ကာ ရေလက်ကြားတွင်ဖြစ်ပေါ်ခဲ့သည့် ရှားရှားပါးပါးဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများသည်ပြည်နယ်သုံးခုကို ထိခိုက်စေခဲ့ပြီး လူပေါင်း ၁ ဒသမ ၄ သန်း ရေဘေးသင့်ခဲ့ကြောင်း အစိုးရ သဘာ၀ဘေးအေဂျင်စီက ပြောသည်။
အာချေး၊ မြောက်စူမားတြားနှင့်အနောက် စူမားတြားပြည်နယ်တို့သည် အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး
ထောင်ပေါင်းများစွာသော ဒေသခံများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေရာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေသည်။
ဒေသခံများသည် အစားအစာအကူ အညီကို စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး တချို့က နှစ်ရက်၊ သုံးရက်ခန့်အစာမစားရဟုဆိုသည်။ ကယ်ဆယ်ရေးသမားများသည်လည်း ရေဘေးသင့်ဒေသများသို့ ရောက်ရှိရန် ရုန်းကန်နေရဆဲဖြစ်သည်။
အင်တာနက်ချိတ်ဆက်မှုနှင့် သန့်ရှင်းသည့်ရေကဲ့သို့အခြေခံလိုအပ်ချက်များ ရရှိရန်ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်သွားလာရသည်ဟု ဒေသခံများက ပြောသည်။
အင်ဒိုနီးရှား၌ မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရ
သည့်နည်းတူ ထိုင်း၊ မလေးရှားနှင့်သီရိလင်္ကာတို့တွင်လည်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ
ထောင်ကျော်ရှိလာသည်။

image

ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းထဲက ဒေသ ၄ ခုလောက်မှာ တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့
ဧရာဝတီတိုင်းအတွင်းက ဒေသ ၄ခုလောက်မှာအစိုးရတပ် နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီ ကသိရပါတယ်။
ရေကြည် ၊ လေးမျက်နှာ ၊ ရွှေသောင်ယံ၊ သာပေါင်း စတဲ့ ဒေသတွေမှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား ဒီဇင်ဘာလ ၁ ရက် မနက်အစောပိုင်းကစတင်လို့တိုက် ပွဲတွေဖြစ်နေပြီး အစိုးရတပ်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံနေရပြီးတိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။
“AA က ရှေ့နည်းနည်းတိုးလာတဲ့ အခြေအနေပါ။ လေးမျက်နှာဘက်မှာ တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်လာသလို ပြင်းထန်လာတယ်။ ငါးသိုင်းချောင်း အမြောက်တပ် အမတ - ၃၄၄ ကို ဝိုင်းဝန်း ပိတ်ဆို့ပြီး တိုက်ခိုက်နေတဲ့ အနေအထားပေါ့။သာပေါင်း နဂါးရစ်တောင်အနီးမှာလည်း ကြိုကြားကြိုကြားတိုက်ပွဲ ဖြစ်နေတယ်။ရွှေသောင်ယံဘက်က မကျီးဇင်ဘက်ကို တပ်ကစစ်ကြောင်းထိုးလာရင်းနဲ့ AA တပ်နဲ့ ထိတွေတိုက်ပွဲဖြစ်နေတာ။''လို့စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိမှာ အစိုးရတပ်တွေဟာ ငါးသိုင်းချောင်းမြို့ အနီးရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တိုးမြှင့်ထားသလို အမြောက်တပ်ဝန်းကျင်နဲ့ ရခိုင်ရိုးမ အစပ် သာပေါင်းမြို့နယ်၊ သဲဖြူဆက်စပ်တဲ့နေရာ တွေအပြင် ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့ဘက်မှာ လည်းနေ့စဉ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
"ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာက တိုက်ပွဲကငြိမ်သွားလိုက် တော်ကြာထဖြစ်လိုက်နဲ့ဖြစ်ခဲ့တယ်။လတ်တလောကြတော့ လေးမျက်နှာဘက်က စက်စက်ယိုယိုကျေးရွာနဲ့ သဲနုကုန်းဘက်မှာတော့အခုရက်ထဲ ပိုပြင်းထန်လာတယ်။ အရပ်သားတွေထိခိုက်သေဆုံးတာရှိတယ်။ အခြေအနေ အသေးစိတ်တော့မသိသေးဘူး။ ခန့်မှန်းမတတ်သေးဘူး။ "လို့ လေးမျက်နှာမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ တိုက်ပွဲရှိနေတဲ့ ဒေသ ၃ ခုမှာ အစိုးရတပ်က လက်နက်ကြီး တွေနဲ့ ပစ်ကူပေးတာ၊ လေကြောင်းပစ်ကူ ပေးတာ၊ စက်တပ် လေထီးတွေသုံးကာ ခုခံတိုက်ခိုက်နေပြီး အဓိကကျတဲ့ မြို့အဝင်အထွက်တွေကိုလည်း လုံခြုံရေး တင်းကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွှေသောင်ယံမြို့နယ်ထဲက မကျီးဇင်ရွာနဲ့ ဘောမိရွာကို (AA)နဲ့ ပူးပေါင်းတပ်တွေက အခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အခုတခါတန်ပြန်ထိုးစစ်ကတဆင့် တိုက်ပွဲ​ဖော်လာတာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ AA တပ်ဘက်က သာပေါင်းမြို့နယ်၊ သာပေါင်းကလေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို ၊ ချင်းလယ်ကျေးရွာ အနီးပတ်ဝန်းကျင်တွေမှာတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် လေးမျက်နှာမြို့နယ်၊ ပုသိမ် - မုံရွာ ကားလမ်း တလျှောက်ရှိ ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိနေတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ငါးသိုင်းချောင်း၊ရေကြည်နဲ့လေးမျက်နှာ ၊ရွှေသောင်ယံမြို့ပေါ်တွေမှာ စစ်ရှောင်အများအပြား တိုးလာနေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

image

ဥရောပက စစ်ပွဲစတင်လာရင် အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်ပြော

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ညှိနှိုင်းရေးမှူးတို့အကြား ငါးနာရီကြာ ဆွေးနွေးမှုအတွင်း သဘောတူညီချက် ရရှိခဲ့ခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရင်မလင်ပြောရေးဆိုခွင့်ရှိသူက မော်စကိုအစည်းအဝေးဟာ အပြုသဘောဆောင်ပေမယ့် ငြိမ်းချမ်း အစီအစဉ်ရဲ့ အစိတ်အပိုင်းအချို့ကို ရုရှားအတွက် လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အဓိကအားဖြင့် နယ်မြေပိုင်ဆိုင်မှု ပြဿနာတွေမှာလို့ ဆိုပါတယ်။
ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ သားမက် ဂျရက်ကူရှ်နာတို့ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ သံတမန်ရေးဆွေးနွေးပွဲတွေအပြီးမှာ သမ္မတပူတင်နဲ့ ဆွေးနွေးခဲ့တာပါ။ လက်ရှိဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဘက်က မှတ်ချက်မပေးသေးပါဘူး။
အင်္ဂါနေ့အစောပိုင်းတွင် ပူတင်က အမေရိကန်ပြည်ထောင်စု ထောက်ခံတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအပေါ် ယူကရိန်ူနဲ့ ဥရောပမှ အဆိုပြုထားတဲ့ ပြောင်းလဲမှုတွေက လက်မခံနိုင်စရာဖြစ်တယ်လို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့ပြီး ဥရောပကို တိုက်ခိုက်လိုခြင်းမရှိပေမယ့် ဥရောပအနေနဲ့ စစ်ပွဲထဲကို ဝင်ရောက်ပြီး စစ်ပွဲတခုစတင်လိုပါက ရုရှားအနေနဲ့ အသင့်ဖြစ်နေပြီ လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ဥရောပမဟာမိတ်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်းကို ပြင်ဆင်ဖို့ အမေရိကန်ပြည်ထောင်စုကို စည်းရုံနေကြပြီး အိမ်ဖြူတော်ကလည်း အမြန်သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းခဲ့ပြီး ရုရှားကတော့ လက်မခံဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလအတွင်း ပေါက်ကြားလာခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းမှာတော့ ရုရှားအတွက် အလေးသာတဲ့ အချက်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခဲ့ရပေမယ့် ဒီအစီအစဉ်ဟာ မကြာသေးမီရက်သတ္တပတ်များအတွင်း အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါတယ်။
မော်စကိုအစည်းအဝေးအပြီး အဆိုပြုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပူတင်ရဲ့ အကြီးတန်းလက်ထောက် ယူရီ ယူရှာကော့ဗ်က " ကရင်မလင်အနေနဲ့ အချက်အချို့ကို သဘောတူညီခဲ့ပေမယ့် အချို့အချက်တွေကို ဝေဖန်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ညှိနှိုင်းမှုပုံစံကို မပြုလုပ်ရသေးဘဲ ရှေ့ဆက်လုပ်ဆောင်ရမယ့် ဆွေးနွေးမှုများစွာ ရှိနေသေးတယ် " လို့ဆိုပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပိုင်ဆိုင်ခွင့်ပေးရေးနဲ့ ယူကရိန်းကလည်း ဥရောပမှ ပေးအပ်တဲ့ လုံခြုံရေးအာမခံချက်တွေ ရယူရေးအပါအဝင် နှစ်ဖက်အကြား အဓိက သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

image

ရာထူးနုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ခွာဖို့ ဒေါ်နယ်ထရန့် တောင်းဆိုမှု ဗင်နီဇွဲလားသမ္မတ ပယ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရာထူးမှ နုတ်ထွက်ဖို့နဲ့ နိုင်ငံကန ထွက်ခွာဖို့ တောင်းဆိုမှုကို ဗင်နီးဇွဲလား သမ္မတ နီကိုးလတ်စ်မာဒူရိုက ပယ်ချလိုက်ပါတယ်။
နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနေချိန်မှာ ဗင်နီဇွဲလားပြည်သူတွေအပေါ် လုံးဝသစ္စာရှိမယ်လို့ တနင်္လာနေ့က မြို့တော်ကရာကတ်စ်မှာ ပြုလုပ်တဲ့ ထောက်ခံသူတွေရဲ့ စုဝေးပွဲမှာ မာဒူရိုက ကတိပြု ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ထပ်ခါတလဲလဲခြိမ်းခြောက်မှုတွေကနေ ဗင်နီဇွဲလားနိုင်ငံကို ဆက်လက်ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း သူကဆိုပါတယ်။ "မိမိတို့ဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့သတ်မှတ်နိုင်တဲ့ ရန်လိုမှု ၂၂ ပတ်ကို ဖြတ်သန်းခဲ့ရတယ်" လို့ မာဒူရိုက ပြောပါတယ်။
ဗင်နီဇွဲလားအနေနဲ့ ငြိမ်းချမ်းရေးကို အလိုရှိပေမယ့် အချုပ်အခြာအာဏာ၊ တန်းတူညီမျှမှု ၊ လွတ်လပ်မှုတို့ပါဝင်တဲ့ ငြိမ်းချမ်းရေးကိုသာဖြစ်ပြီး ကိုလိုနီ သို့မဟုတ် ကျွန်တယောက်ရဲ့ ငြိမ်းချမ်းရေးကိုတော့ အလိုမရှိကြောင်း မာဒူရိုက ပြောပါတယ်။
ထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ စုဝေးပွဲမှာ မာဒူရိုဟာ စစ်ဆန့်ကျင်ရေးသီချင်းတပုဒ်နဲ့အတူ ကခုန်ခဲ့ပါသေးသည်။ အမေရိကန်စစ်တပ်ဟာ ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးမှောင်ခိုကူးတယ်လို့ ထရန့်အစိုးရက စွပ်စွဲထားတဲ့ ရေယာဉ်တွေကို မကြာသေးမီက တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင် ဗင်နီဇွဲလား ကမ်းရိုးတန်းအနီးမှာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ ရေတပ်တိုက်ခိုက်ရေး အုပ်စုကို စေလွှတ်ထားပါသေးတယ်။ မကြာသေးမီက သတင်းဌာနတွေရဲ့ အဆိုအရ မာဒူရိုအနေနဲ့ တပတ်အတွင်း ရာထူးမှနုတ်ထွက်ဖို့နဲ့ နိုင်ငံကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ လက ဖုန်းခေါ်ဆိုမှုတခုအတွင်း ဒေါ်နယ်ထရန့်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

image

ကမ္ဘောဒီးယားက တရုတ်၏ တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံ

ကမ္ဘောဒီးယားသည် တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာလိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် ဒေသတွင်း တည်ငြိမ်ရန် တောင်းဆိုခဲ့သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်၌ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန (MFAIC) က နောက်ဆုံး သံတမန်ရေးရာ သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ ဖနွမ်းပင်၏ရပ်တည်ချက်အပေါ် မီဒီယာများ၏ မေးမြန်းချက်များကို တုံ့ပြန်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးကို အခိုင်အမာ ထောက်ခံ ပြောကြားရာ၌ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်လည်းကောင်း၊ အပြန်အလှန်လေးစားမှုဖြင့် လည်းကောင်း ဖြေရှင်းရန် အင်အားစုအားလုံးကို တိုက်တွန်းကြောင်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။
“အပြန်အလှန်လေးစားမှု၊ မတူကွဲပြားမှုနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးမူကို အခြေခံ၍ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန် ကမ္ဘောဒီးယားက အခိုင်အမာ ထောက်ခံအားပေးသည်” ဟု MFAIC ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၎င်း၏ နှစ်ရှည်လများ နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကို ထပ်မံအတည်ပြုလျှက် ကမ္ဘောဒီးယားသည် "တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို ပြတ်ပြတ်သားသား လိုက်နာသည်" ဟု အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်နိုင်ငံအားလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင် အာဏာပိုင်အဖြစ် အသိအမှတ်ပြုသည်။
ထိုင်ဝမ်သည် “တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ၏ ခွဲမထွက်နိုင်သော အစိတ်အပိုင်းတစ်ခု” ဖြစ်ကြောင်း ကမ္ဘောဒီးယား၏ ရပ်တည်ချက်ကို အလေးပေးဖော်ပြပြီး ထိုင်ဝမ်နှင့် ပတ်သက်သည့် ကိစ္စများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်တွင်းရေးအဖြစ် ဖော်ပြခဲ့သည်။ ဖ‌နောင်ပင်သည် အမျိုးသားပြန်လည်ပေါင်းစည်းရေး အတွက် ပေကျင်း၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး “ထိုင်ဝမ်မည်သို့‌သော အသွင် ရှိသော လွတ်လပ်ရေးကိုမဆို” ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။
အာရှ-ပစိဖိတ်ဒေသကို ထပ်မံ၍ မတည်မငြိမ်ဖြစ်ခြင်းမှ တားဆီးကာကွယ်ရန် သက်ဆိုင်သူအားလုံးကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် MFAIC က တိုက်တွန်းထားသည်။
ကမ္ဘောဒီးယားသည် တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို စဉ်ဆက်မပြတ် ထောက်ခံခဲ့သည်။
ထိုင်ဝမ်အရေးသည် အင်အားကြီးနိုင်ငံများကြား ဆက်ဆံရေးတွင် အချက်အခြာဖြစ်နေသဖြင့် ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင်ယခုကဲ့သို နောက်ဆုံး ထပ်မံအတည်ပြုခ‌ပြောကြားလာခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနားအဲ တာကာအိချိ က ထိုင်ဝမ်ကို တရုတ်က တို-က်ခို-က်မည်ဆိုပါက ဂျပန်သည် ၎င်းကို "သေရေး ရှင်ရေး အန္တရာယ်ရှိသော အခြေအနေ" အဖြစ် သဘောထားကာ ဂျပန်စစ်တပ်ကို စုပေါင်းကာကွယ်မှုအရ အသုံးပြုမှုကို တရားမျှတကြောင်း၊ တရားမျှတစွာ အသုံးချနိုင်ကြောင်း ပါလီမန်တွင် ပြောကြားပြီးနောက် ဤ ပြဿနာ မီးတောက် စတင်ခဲ့ခြင်းဖြစ်သည်။

image

၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund)တို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြိုအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund) ရုံးချုပ်မှ Senior Fund Portfolio Manager Ms. Qi Cui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံစဉ် ၂၀၂၆ ခုနှစ်အတွက် ဝန်ကြီးဌာနနှင့် The Global Fund တို့အကြား ပူးပေါင်းဆောင်ရွက်မည့် တီဘီရောဂါ၊ ခုခံကျကာလသားရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ အေအာရ်တီဆေးဝါးများ၊ တီဘီဆေးဝါးများနှင့် ငှက်ဖျားရောဂါကုသရေးဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ The Global Fund မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ ယမန်နေ့က ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပခဲ့ခြင်းဖြစ်သည်။
အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူ ညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင် ဗွီပိုးရှိသူများအပါအဝင် မိတ်ဖက်အဖွဲအစည်းများ၊ ပြည်သူများ အားလုံးလက်တွဲပြီး အခက်အခဲများ ပူးပေါင်းဖြေရှင်းကာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးကပြောကြားထားသည်။
တီဘီ၊ART ဆေးဝါးများကို နိုင်ငံတော်မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူမှုများရှိသလို နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံပေးမှုများလည်း ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

image