လူချမ်းသာများထံမှ ဥစ္စာခွန်ကောက်ခံရေး အဆိုပြုချက် ဆွစ်ဇာလန်ပယ်ချ

ချမ်းသာကြွယ်၀သူများထံမှ ဥစ္စာဓနခွန်ကောက်ခံရေးအတွက် အဆိုပြုထားသော ဥပဒေကြမ်းကို ဆွစ်ဇာလန်မဲဆန္ဒရှင်ပြည်သူများက နိုဝင်ဘာ ၃၀ ရက်တွင် ဆန့်ကျင်မဲပေးခဲ့ကြကြောင်း သိရသည်။
လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် လွှတ်တော်အမတ်များက အဆိုပြုထားသော အထက်ပါဥပဒေကြမ်းတွင် ဆွစ်ဖရန့်ငွေသန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၂ သန်း) နှင့်အထက် အမွေခံရရှိထားသူများထံမှ ဓနဥစ္စာခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် တင်ပြထားသည်။
ယင်းဥပဒေကြမ်းကို နိုဝင်ဘာ ၃၀ ရက်တွင်လူထုဆန္ဒခံယူပွဲဖြင့် မဲခွဲအဆုံးအဖြတ်ယူခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၇၈ ရာခိုင်နှုန်းတို့က ကန့်ကွက်မဲများပေးခဲ့ကြသည်။
အဆိုပါ ဥပဒေကြမ်းသည် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဓနဥစ္စာခွဲဝေခံစားရေး သဘောတရားကိုကျင့်သုံးရန် အာသီသရှိ၊ မရှိ ပြသနိုင်မည့် ဥပဒေကြမ်းဖြစ်ရာ နိုဝင်ဘာ ၃၀ ရက် လူထုဆန္ဒခံယူပွဲကို ဘဏ်လုပ်ငန်းရှင် များက စောင့်ကြည့်ခဲ့ကြရသည်။
အလွန်အကျွံချမ်းသာနေသူများက ငွေကြေးဘီလီယံနှင့်ချီ၍ အမွေခံ ရရှိနေကြချိန်တွင် ကျန်သာမန် ပြည်သူများမှာ အကျပ်အတည်းများကိုသာ အမွေခံရရှိနေကြရကြောင်း ဥပဒေကြမ်းကိုအဆိုပြုခဲ့သည့် လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် အုပ်စုဝင်များက ပြောကြားထားသည်။
သို့ရာတွင် အဆိုပါ ဥပဒေကြမ်းကြောင့်ချမ်းသာကြွယ်၀သူများ ဆွစ်ဇာလန်နိုင်ငံမှ အစုအပြုံလိုက် ထွက်ခွာသွားနိုင်မည်ဖြစ်ရာ အခွန်အကောက်များ လက်လွှတ်ဆုံးရှုံးရနိုင်ကြောင်း ဥပဒေကြမ်းကို
ဆန့်ကျင်သူများက ထောက်ပြထားကြသည်။

image