နွေရာသီတွင် မာရက်စ်ကာနှင့် ဟာလန်းအား ဘာနေဗျူးသို့ ခေါ်ဆောင်ရန် ရီးရဲလ်မက်ဒရစ်စီစဉ်နေ
===================

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ နွေရာသီတွင် အသင်းကို အကြီးအကျယ် အပြောင်းအလဲကြီး ပြုလုပ်ရန် စီစဉ်နေပါတယ်။
ပီရက်ဇ်ဟာ လာမယ့် နွေရာသီတွင် မန်စီးတီးဂိုးသွင်းစက် အာလင်းဟာလန်းအား ခေါ်ယူလိုနေတဲ့အပြင် ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာကိုလည်း နည်းပြရာထူးအတွက် လျာထားစာရင်းတွင် ထည့်သွင်းထားပါတယ်။
စပိန်စီးပွားရေးလုပ်ငန်းရှင်ဟာ ဟာလန်းရဲ့ အေးဂျင့် ရာဖယ်လာပီမန်တာနှင့် နီးစပ်တဲ့ ဆက်သွယ်မှု ရှိသူ ဖြစ်ပြီး နွေရာသီတွင် ခေါ်ဆောင်နိုင်ရန် မျှော်လင့်နေပါတယ်။
အာလင်းဟာလန်းဟာ ၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ဂွါဒီယိုလာလက်အောက်တွင် ကစားရန် မန်စီးတီးကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။
ဟာလန်းဟာ စပိန်တွင် ပျော်သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တွင် ကစားရေးမှာ သူ့ကစားသမားဘဝ ရည်မှန်းချက်များထဲမှ တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနှင့် ၂၀၃၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဟာလန်းကို အလွယ်တကူ ခေါ်ဆောင်နိုင်မှာတော့ မဟုတ်ပါဘူး။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဟာလန်းကို ယူရိုသန်း ၅၀၀ ကျော်ဖြင့် ကမ်းလှမ်းလာရနိုင်ရာ ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာကို ရောင်းချလာရဖို့ ရှိနေပါတယ်။
ပီရက်ဇ်ဟာ နွေရာသီတွင် နည်းပြသစ် ခန့်အပ်ရေးအတွက် မာရက်စ်ကာအပြင် ဂျာဂင်ကလော့ပ်ကိုလည်း လျာထားပါသေးတယ်။

image

နွေရာသီတွင် ရယူလာမယ့် ထိပ်တန်းနည်းပြရာထူးအတွက် နည်းပြအဖွဲ့ဝင် စတင်စုဆောင်းလာတဲ့ ဇီဒန်း
======================

ဇီဒန်းဟာ လာမယ့်နွေရာသီတွင် ပြင်သစ်အသင်းနည်းပြရာထူးအား မရယူမီ နည်းပြအဖွဲ့ဝင် စတင် စုဆောင်းမှု ပြုလုပ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းနှင့် နည်းပြဟောင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်အသင်းအား ဒီဒီယာဒက်ချမ့်ထံမှ လွဲပြောင်း ရယူလာပါမယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က ဇီဒန်းအား ခန့်အပ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးပေမယ့်လည်း သဘောတူညီမှု ရရှိပြီးပြီလို့ ယုံကြည်ရပါတယ်။
ယနေ့တွင် L'Equipe က ဇီဒန်းဟာ နွေရာသီတွင် ပြင်သစ်အသင်းအား ကိုင်တွယ်လာချိန်မှာ သူ့နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် နည်းပြအဖွဲ့များ စတင် စုဆောင်းနေပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်တွင် လက်ထောက်နည်းပြအဖြစ် လက်တွဲခဲ့တဲ့ ဒေးဗစ်ဘက်တိုနီအား နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်လာမယ်လို့ သိရပါတယ်။
ဇီဒန်းဟာ ၂၀၂၁ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာပြီးနောက် ထိပ်တန်းကလပ်များစွာတို့ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လည်း ပြင်သစ်အသင်းကို ကိုင်တွယ်လိုတဲ့ ရည်မှန်းချက်ဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းလာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အား ၂ ကြိမ်ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ဆွတ်ခူးမှုအပါအဝင် လာလီဂါဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ စပိန်စူပါဖလားတို့လည်း ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။

image

စပိန်တွင် ဆိုးသွမ်းပရိသတ်များရဲ့ ချိန်းရိုက်များကို နှိမ်နင်းရာမှ ၁၆၂ ဦးအထိ ဖမ်းဆီးခံရ
==================

စပိန်ရဲတပ်ဖွဲ့ဟာ ယခုရာသီအတွင်း ဆိုးသွမ်းဘောလုံးပရိသတ်များရဲ့ ချိန်းရိုက်ပွဲများအား ဖြိုခွဲနှိမ်နင်းရာမှ ပရိသတ်တစ်ရာကျော်အား ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာသွားပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ ၂၀၂၅-၂၆ တစ်ရာသီတည်းအတွင်းတွင် ဆိုးသွမ်းဘောလုံးပရိသတ်အုပ်စုများနှင့် ဆက်စပ်နေတဲ့ ပရိသတ် ၁၆၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ နိုဝင်ဘာလတုန်းက အက်သလက်တီကိုနှင့် ဆီဗီလာဆိုးသွမ်းပရိသတ်များအကြား ချိန်းရိုက်ပွဲအပါအဝင် ပရိသတ်များရဲ့ ချိန်းပွဲများကို ကြားဝင် ဖြိုဖျက်မှုအပါအဝင် ချိန်းရိုက်ပွဲစွာတို့အား တားဆီးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စပိန်ရဲတပ်ဖွဲ့က ချိန်းရိုက်ပွဲများတွင် တိုက်ခိုက်အသုံးပြုရန်အတွက် ချုံပုတ်များတွင် ဖွက်ထားတဲ့ လက်နက်အမြောက်အမြားကိုလည်း တွေ့ရှိခဲ့ကြောင်းလည်း ဆိုသွားပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ လာလီဂါတွင် ကစားနေတဲ့ ဆဗီးလ်မြို့ခံပြိုင်ဘက် ဘက်တစ်နှင့် ဆီဗီလာပရိသတ်များရဲ့ ချိန်းရိုက်ပွဲကိုလည်း သတင်းကြိုရကာ ၁၄ ဦးအထိ ဖမ်းဆီးတားဆီးနိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ ယခုရာသီအတွင်းတွင် စပိန်နိုင်ငံတလွှား မြို့ပေါင်း ၁၅ မြို့မှ ပရိသတ် ၁၆၂ ဦးတို့ကို ဖမ်းဆီးခဲ့တာပါ။

image

လုပ်ခများစွာ လျှော့ယူကာ အငှားဖြင့် ထွက်ကစားရန် သဘောတူညီလာတဲ့ ဘာကာဂိုးသမားမာ့ခ်တာစတီဂန်
====================

ဘာစီလိုနာအသင်းခေါင်းဆောင်မာ့ခ်တာစတီဂန်ဟာ ရက်သတ္တပတ်အတန်ကြာ သတင်းများစွာ ထွက်ပေါ်လာပြီးတဲ့နောက် အသင်းပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ဂျာမန်ဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပုံမှန်ပွဲကစားခွင့် ရရှိရေးအတွက် ကတ်တလန်ဒေသတွင် ပြိုင်ဘက် ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
Cadena SER ရဲ့ ဖော်ပြလာမှုအရ ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး အသေးအမွှားကိစ္စရပ်တို့ကိုသာ ဆွေးနွေးရန်သာ ကျန်ပါတော့တယ်။
မာ့ခ်တာစတီဂန်ဟာ ဂီရိုနာတွင် ဘာစီလိုနာတွင် ရရှိတဲ့ လုပ်ခမျိုး ရရှိလာမှာ မဟုတ်ဘဲ လုပ်ခများစွာ လျှော့ယူလာရပါမယ်။ ဒါပေမယ့် သူဟာ ဂီရိုနာတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိမယ့် အာမခံချက်ကြောင့် အသင်းပြောင်းရန် သဘောတူညီလာတာလည်း ဖြစ်ပါတယ်။
ဂီရိုနာဟာ မာ့ခ်တာစတီဂန်အား ခြောက်လစာ လုပ်ခ ယူရို ၁ သန်းသာ ပေးလာရပါမယ်။
တဖက်တွင် ဘာစီလိုနာကလည်း သုံးဖက်သုံးတန် အဆင်ပြေစေရေးအတွက် ကြားဝင်ညှိနှိုင်းပေးမုများ ပြုလုပ်ပေးခဲ့ပါသေးတယ်။
အသက် ၃၃ နှစ်ရှိ တာစတီဂန်ဟာ ဘာစီလိုနာတွင် ပုံမှန်ကစားခွင့် ရရှိနေခြင်း မရှိမှုနှင့်အတူ ဂျာမနီနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ရေး မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဂွါဒါလာဂျာရာနှင့် ရင်ဆိုင်ကစားရတဲ့ ကိုပါဒယ်ရေးပွဲတစ်ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။

image

ဒီကလန်ရိုက်နှင့် လက်ထောက်နည်းပြအကြား ပြဿနာတက်ခဲ့မှုအပေါ် အာတီတာ ပြောကြားလာ
====================

မီခေးလ်အာတီတာက ဗုဒ္ဓဟူးနေ့တုန်းက ချဲလ်ဆီးကို အနိုင်ရတဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွင်း ပြဿနာတက်ခဲ့တဲ့ ဒီကလန်ရိုက်နှင့် လက်ထောက်နည်းပြအယ်ဘတ်စတူဗန်ဘတ်တို့အကြား ပြဿနာမှာ ပြေလည်သွားပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
၎င်းတို့နှစ်ဦးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်ရဲ့ ပထမပိုင်းအပြီး ဥမင်လှိုဏ်ခေါင်းတွင် အချင်းများခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဘင်ဝှိုက်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ ပထမပိုင်းအပြီးတွင် ဒီကလန်ရိုက်ဟာ ပွဲများအတွင်းတွင် နားကြပ်တပ်ဆင်ထားလေ့ရှိလို့ AirPods Albert လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ လက်ထောက်နည်းပြနှင့် အချင်းများခဲ့တာပါ။
ဒီကလန်ရိုက်က "သူ ဘာလုပ်နေလဲ သူ မသိဘူး"လို့ ဆိုကာ အယ်ဘတ်အား အော်ဟစ်ပြောဆိုခဲ့တာ တွေ့ရပါတယ်။
ဒါပေမယ့် ယနေ့ည နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် အာတီတာက "အားလုံး ပြေလည်သွားပြီ။ အားလုံးကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အာတီတာက ယခုကဲ့သို့ ပွတ်တိုက်မှု ဖြစ်ခြင်းမှာ အသင်းကောင်းဖို့အတွက် ဖြစ်ရာ အသင်းအတွက် ကောင်းမွန်စေကြောင်း ဆိုသွားပါတယ်။
အာတီတာနှင့် စတူဗန်ဘတ်တို့ဟာ ကာဒစ်ရှိ ဝေးလ်ဘောလုံးအဖွဲ့ချုပ်တွင် ယူအီးအက်ဖ်အေအေလိုင်စင် ရရှိရေး စာသင်ကြားစဉ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
စတူဗန်ဘတ်ဟာ ဖီယင်နုအကယ်ဒမီတွင် ၁၃ နှစ်ကြာ အလုပ်လုပ်လာခဲ့သူ ဖြစ်ပြီး ယူနိုက်တက်တွင် လူးဝစ်ဗန်ဂါးလ်လက်အောက်တွင် အလုပ်လုပ်ခဲ့သလို ဘယ်လ်ဂျီယံကလပ် ဂျန့်ကိုလည်း ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကိုင်တွယ်ခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တွင် အာတီတာရဲ့ နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။

image

ဖီရန်ဗာရို့စ်ကွင်းလယ်ခံစစ်သမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် သဘောတူညီမှုရရှိ
=====================

ဘုန်းမောက်ဟာ ဖီရန်ဗာရို့စ်အလယ်တန်းကစားသမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဟန်ဂေရီကလပ်ဟာ တော့သ်ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး‌ ဘုန်းမောက်ထံမှ နောက်ထပ် ပေါင် ၂.၆ သန်းလည်း ထပ်မံ ရရှိလာပါဦးမယ်။
ကွင်းလယ်ခံစစ်သမားတော့သ်ဟာ ယခုရက်ပိုင်းအတွင်း ဘုန်းမောက်သို့ လာရောက်ကာ ဆေးစစ်ဆေးမှုခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။
တော့သ်ဟာ ကစားသမားဘဝတစ်ခုလုံးအား ဟန်ဂေရီတွင် ကျင်လည်လာသူ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ဟန်ဂေရီအသင်းအတွက် ၉ ပွဲကစားခွင့်ရထားကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖီရန်ဗာရို့စ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ယခုရာသီတွင် လိဂ်ပွဲ ၂၅ ပွဲကစားခွင့်ရထားပါတယ်။
ဘုန်းမောက်ဟာ ယခုဆောင်းရာသီ အပြောင်းရွှေ့တွင် ဂိုးသမားဖော်စတာနှင့် နောက်ခံလူအဒီဆိုလန်ကီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

image

ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်ကို အနိုင်ယူကာ အာဖရိကဖလားပြိုင်ပွဲ တတိယ ရရှိလာတဲ့ နိုင်ဂျီးရီးယား
===================

နိုင်ဂျီးရီးယားဟာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်အား အနိုင်ယူကာ ၂၀၂၅ အာဖရိကဖလားတတိယ ရရှိလာပါတယ်။
နိုင်ဂျီးရီးယားဂိုးသမားစတန်လေအန်ဝါဘာလီဟာ မိုဟာမက်ဆာလက်၊ အိုမာမာမွတ်ရှ်တို့ရဲ့ ပင်နယ်တီတို့အား ကာကွယ်ကာ ပင်နယ်တီတွင် ၄-၂ ဖြင့် အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
နိုင်ဂျီးရီးယားဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆီမီးဖိုင်နယ်တွင် အိမ်ရှင်မော်ရိုကိုအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သလို နိုဝင်ဘာလတုန်းကလည်း ကွန်ဂိုးအား ပင်နယ်တီဖြင့်ပင် ရှုံးနိမ့်ကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ ပွဲချိန်အတွင်းမှာ ၂ ဂိုးရခဲ့ပေမယ့်လည်း VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဂိုးမရခဲ့တာပါ။
နိုင်ဂျီးရီးယားဟာ ၁၉၇၆ အာဖရိကဖလားပြိုင်ပွဲတုန်းကလည်း တတိယ ဆွတ်ခူးခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။
ယနေ့ညမှာ အာဖရိကဖလားဗိုလ်လုပွဲအဖြစ် ဆီနီဂေါနှင့် အိမ်ရှင်မော်ရိုကိုတို့ ရင်ဆိုင်ကစားကြမှာ ဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ စံချိန်တင် ဒေါ်လာ ၁၀ သန်းအထိ ရရှိလာပါမယ်။

image

မန်ချက်စတာဒါဘီအရှုံးအား မန်စီးတီးနည်းပြဂွါဒီယိုလာ လက်ခံ
====================

မန်စီးတီးဟာ မနေ့ညတုန်းက မန်ချက်စတာဒါဘီရှုံးပွဲ ကြုံရမှုနှင့်အတူ မြို့ခံပြိုင်ဘက်အား နိုင်ပွဲဖြင့် ကာရစ်ခေတ်တစ်ခုကို စတင်ခွင့်ပေးခဲ့ရသလို ပရီးမီးယားလိဂ်ဖလားတိုက်ပွဲအတွက်လည်း ထိုးနှက်ချက်ကြုံလာရပါတယ်။
မန်စီးတီးဟာ အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်မှုနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၇ မှတ်အထိ ကွာဟလာပါတယ်။
မန်စီးတီးဟာ ၁၇ ရက်အတွင်းတွင် ၆ ပွဲမြောက်ပွဲအား ကစားလာခဲ့ရခြင်းဖြစ်ပြီး ဂွါဒီယိုလာက ပွဲပန်းမှုကြောင့် ယူနိုက်တက်အား ရှုံးနိမ့်လာခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာဟာ ပထမပိုင်းတွင် ယူနိုက်တက်ရဲ့ ဒီယေဂိုဒါလော့အား မထုတ်ပယ်မှုအတွက် ဒိုင်လူကြီးအန်တိုနီတေလာအား အပြစ်တင်သွားခြင်း မရှိပါဘူး။
စပိန်လူမျိုးနည်းပြက "ပိုကောင်းတဲ့အသင်း နိုင်သွားတာပါ။ သူတို့မှာ ကျွန်တော်တို့မှာ မရှိတာ ရှိတယ်။ ကျွန်တော်တို့ စွမ်းအင်လိုအပ်တယ်ဆိုတာ အမြဲပြောလာခဲ့တာပါ။ ဒါတွေကပဲ ဘယ်လိုခုခံလဲ၊ အခိုက်အတန့်အချို့၊ နှစ်ဦးချင်း ရင်ဆိုင်မှုအချို့၊ အခြေအနေအချို့ကို အဖြေပေးပါတယ်။ ဒါ့အပြင် ဘောလုံးနဲ့ ကစားရမှာလည်း အဆုံးအဖြတ်ပါ။ ဒါက ကျွန်တော့်ရဲ့ ၂၇ ကြိမ်မြောက် ဒါဘီပါ။ ဒီကို အကြိမ်ကြိမ်လာဖူးတယ်။ ဒီကနေ့မှာ ကျွန်တော်တို့မှာ ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့အဆင့်မှာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်နှင့်ပွဲတွင် မန်စီးတီးဟာ ဂိုးပေါက်တည့် ခြိမ်းခြောက်မှု ၁ ကြိမ်တည်းသာ ရှိခဲပြီး ဂွါဒီယိုလာလက်ထက် ဂိုးပေါက်တည့်ကန်ချက် အနည်းဆုံးပွဲများမှ တစ်ပွဲ ပိုင်ဆိုင်လာခဲ့ပါတယ်။

image

မန်ချက်စတာဒါဘီပွဲအတွက် အိုးထရက်ဖို့ဒ်သို့ ရောက်လာချိန်တွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရတဲ့ ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်
===================

ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ မန်ချက်စတာဒါဘီပွဲအတွက် အိုးထရက်ဖို့ဒ်ကွင်းသို့ ရောက်လာချိန်တွင် ယူနိုက်တက်ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပါတယ်။
အသက် ၇၃ နှစ်ရှိ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်ရဲ့အားကစားဆိုင်ရာလုပ်ငန်းများကို ဦးစီး လုပ်ဆောင်လာပြီးနောက် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်မှုနှင့်အတူ ဖိအားများ အောက်သို့ ကျရောက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း အပြောင်းအလဲများစွာ ပြုလုပ်လာခဲ့တဲ့ ယူနိုက်တက်ဟာ အသင်းကို ၁၄ လကြာ ကိုင်တွယ်လာခဲ့တဲ့ အမိုရမ်ကိုလည်း ဘုတ်အဖွဲ့အား တိုက်ခိုက်ပြောဆိုမှုအတွက် ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ရက်ကလစ်ဖ်ဟာ အားကစားဒါရိုက်တာဒန်အက်ရှ်ဝတ်အား ငှားရမ်းပြီး လအနည်းငယ်အကြာတင် ထုတ်ပယ်ခဲ့သလို ကစားသမားခေါ်ယူရေးအတွက် ပေါင်သန်း ၄၀၀ ကျော်အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ကွင်းအတွင်း ရလဒ်ကောင်းများ ရရှိရေး ရုန်းကန်နေရပြီး ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်အား ခန့်အပ်ထားရပါတယ်။
ဒါကြောင့်လည်း ပရိသတ်များဟာ ဘီလျှံနာသူဌေးကြီး အိုးထရက်ဖို့ဒ်ကွင်းသို့ ရောက်လာချိန်တွင် လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ အစိမ်းရောင်ကုတ်အင်္ကျီဖြင့် မထင်မရှား ရောက်လာခဲ့ခြင်းဖြစ်ပေမယ့်လည်း ပရိသတ်အုပ်စုတစ်ခုရဲ့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပါတယ်။
ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့လများအတွင်းတွင် ယူနိက်တက်ပရိသတ်များရဲ့ ဆန္ဒပြ သပိတ်မှောက်မှုများနှင့် ကြုံလာရသူလည်း ဖြစ်ပါတယ်။
မနေ့ညက ပွဲတွင် ယူနိုက်တက်ဟာ ကာရစ်ရဲ့ ပထမဆုံးပွဲတွင် မန်စီးတီးအား ဘရိုင်ယန်အမ်ဘူမို၊ ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ တက်လှမ်းလာပါတယ်။

image

ဖောရက်စ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ရှင်းလင်းတဲ့ ပင်နယ်တီ မရရှိမှုအတွက် အာတီတာ ပေါက်ကွဲ
=====================

မီခေးလ်အာတီတာက အာဆင်နယ်မှာ နော်တင်ဟမ်ဖောရက်စ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ရှင်းလင်းထင်ရှားတဲ့ ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်စီးတီးတို့ ယူနိုက်တက်အား ရှုံးနိမ့်သွားချိန်တွင် ဖောရက်စ်အား အနိုင်မရရှိမှုနှင့်အတူ ရမှတ် ၉ မှတ်အထိ ဖြတ်ထားနိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် အိုလာအေနာရဲ့ ပင်နယ်တီဧရိယာအတွင်း လက်ထိဘော ဖြစ်ခဲ့ပေမယ့်လည်း VAR က မတော်တဆထိတယ်ဆိုပြီး ပင်နယ်တီ မပေးခဲ့ပါဘူး။
အာတီတာက "ကျွန်တော်တို့ တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကြီး လေးကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ပြီးတော့ ရှင်းလင်းတဲ့ ပင်နယ်တီကြုံခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ Replays ကနေ ကြည့်ခဲ့ရတယ်။ ဧရိယာထဲမှာ ရည်ရွယ်ချက် ရှိရှိ ဘောလုံး ထိခဲ့တာပါ။ ပင်နယ်တီဆိုတာ ရှင်းရှင်းလေးပါ။ ဘာလို့ မပေးလဲ နားမလည်နိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ မနေ့ညက ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရရှိပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရခဲ့ပေမယ့်လည်း ဂိုးပေါက်မတွေ့ခဲ့တာပါ။

image