ခံစစ်အား ယခင်ထက်ပိုပြီး အကူအညီပေးသွားမယ်လို့ ပြင်သစ်အသင်းခေါင်းဆောင်ဘက်ပေး ကြုံးဝါးပြောကြားလာ
====================

ပြင်သစ်အသင်းခေါင်းဆောင်ကိုင်လီယန်ဘက်ပေးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပြင်သစ်အသင်းအတွက် ခံစစ်ပိုင်းတွင်လည်း ပိုမို အကူအညီပေးသွားမယ်လို့ ကတိပြု ပြောကြားလာပါတယ်။
အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခေါင်းဆောင်မှု၊ စွမ်းဆောင်ရည်ပိုင်းတို့အတွက် ဝေဖန်မှုများနှင့် ကြုံနေရသူ ဖြစ်ပြီး ကစားဖော်ဒမ်ဘီလီကိုယ်တိုင် ရှေ့ထွက်ကာ အကာအကွယ်ပေးမှု ပြုလုပ်လာရပါတယ်။
La Parisie သတင်းစာနှင့် အင်တာဗျူးမှာတော့ ဘက်ပေးက "နောက်ထပ် ခြေလှမ်းထပ်လှမ်းဖို့ လိုတယ်(ခံစစ်ပိုင်းလုပ်မှု)။ ဒီကလည်း အသင်းအတွက် အရေးပါတဲ့ အရာပါ။ ဒါကို ကျွန်တော် လုပ်ရမယ်။ ကျွန်တော်တို့ နိုင်ပြီးရင်း နိုင်ချင်နေတာကြောင့် အခုက စလုပ်ရမယ်။ အနိုင်အတွက် ဘာမဆို လုပ်ဖို့ အသင့် ဖြစ်နေတာကြောင့် လုပ်ဖို့လည်း အသင့်ပါ"လို့ ပြောကြားသွားပါတယ်။
၂၀၂၄ ခုနှစ်တွင် ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာခဲ့တဲ့ ဘက်ပေးဟာ နှစ်ရာသီဆက် အဓိကဆုဖလားလက်မဲ့ ကြုံပြီးနောက် အဝတ်အစားလဲခန်းအတွင်း ကစားဖော်များနှင့် အဆင်မပြေမှုများ ဖြစ်နေတယ်လို့လည်း သတင်းထွက်နေသူပါ။
သူဟာ လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမဲ့ Opta ရဲ့မှတ်တမ်းအချက်အလက်များအရ ခံစစ်ပိုင်း လုပ်ဆောင်မှု အလွန်နည်းပါးတာ တွေ့ရပါတယ်။
သူဟာ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုမှ ကစားသမား ၁၄၉၀ ဦးတို့တွင် ခံစစ်ပိုင်း စွမ်းဆောင်ရည်အဆင့် ၁၃၅၀ တွင်သာ ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။
သူဟာ တစ်ပွဲပျမ်းမျှ ဘောလုံးဖျက်ထုတ်မှု ၀.၁၄ ကြိမ်သာ ပြုလုပ်ထားပါတယ်။

image

စပိန်တို့ ကိတ်ဗာဒီကို အနိုင်မရလို့ မိုက်ရူးရဲဆန်စွာ လောင်းကြေးထပ်ခဲ့တဲ့ လောင်းကစားသမားတစ်ဦး ပေါင် ၃.၂ သန်း ရရှိသွားခဲ့
====================

လောင်းကစားသမားတစ်ဦးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိတ်ဗာဒီကို စပိန်တို့ အနိုင်မရလို့ မိုက်ရူးရဲဆန်စွာ လောင်းကြေးထပ်ပြီးနောက် ပေါင် ၃.၂ သန်းအထိ အနိုင်ရရှိသွားခဲ့ပါတယ်။
ယူရိုချန်ပီယံ စပိန်ဟာ အသင်းငယ်ကိတ်ဗာဒီကို သက်တောင့်သက်သာဖြင့် ဂိုးပြတ်အနိုင်ရရှိမယ်လို့ တကမ္ဘာလုံးရဲ့ ခန့်မှန်းခြင်းခံထားရတာပါ။
ဒါပေမဲ့ အတ္တလန္တာတွင် ကစားတဲ့ ယင်းပွဲတွင် စပိန်တို့ ဂိုးပေါက် ရှာမတွေ့ဘဲ ဂိုးမရှိသရေဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။
Polymarket Sports မှ လောင်းကစားသမားတစ်ဦးဟာ ယင်းပွဲတွင် စပိန်တို့ အနိုင်မရဆိုပြီး ၁၀/၁ ဖြင့် ကြေးဖွင့်ထားမှုအား ဒေါ်လာ ၄၂၇၉၆၂ (ပေါင် ၃၂၀၀၀) မိုက်ရူးရဲဆန်စွာ လောင်းကြေးထပ်ခဲ့ပါတယ်။
ဒါပေမဲ့ သူခန့်မှန်းတဲ့အတိုင်း စပိန်တို့ အနိုင်မရခဲ့မှုနှင့်အတူ ဒေါ်လာ ၄၇၀၂၇၆၉.၂၃ (ပေါင် ၃.၅ သန်း) ရရှိသွားခဲ့ပါတယ်။
ကိတ်ဗာဒီဟာ ဂိုးသမားဗိုဇင်ဟာရဲ့ လက်စွမ်းပြမှုကြောင့် ပထမဆုံးကမ္ဘာ့ဖလားပွဲတွင် အဖိုးတန်ရမှတ်တစ်မှတ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ စပိန်နှင့်ပွဲတွင် ၇ ကြိမ်အထိ ကာကွယ်မှု ပြုလုပ်ပေးခဲ့ပါတယ်။
သူဟာ စပိန်အသင်းနှင့် ကစားနေစဉ်အတွင်းတွင်ပင် အင်စတာဂရမ်အကောင့်တွင် ဖော်လိုပါ ၁.၅ သန်းကျော်အထိ ပိုင်ဆိုင်သွားခဲ့ပါတယ်။

image

အီရန်ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ထောင်ပေါင်းများစွာသော အမေရိကန်ရောက် အီရန်များ ဆန္ဒပြ
=====================

ထောင်ပေါင်းများစွာသော အီရန်နွယ်ဖွား အမေရိကန်နိုင်ငံသားများဟာ အီရန်ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ SoFi Stadium ကွင်းရှေ့တွင် အီရန်အာဏာပိုင်များအား ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
ယနေ့ အစောပိုင်းတုန်းက အယ်လ်အေတွင် ကစားတဲ့ ယင်းပွဲစဉ်တွင် လုံခြုံရေး အထူးတင်းကြပ်စွာ ချမှတ်ထားခဲ့ပါတယ်။
ထောင်ပေါင်းများစွာသော အီရန်နွယ်ဖွား အမေရိကန်နိုင်ငံသားများဟာ “Islamic Republic, No! No! No!” ၊ “Death to the Islamic Regime! Long Live the Shah!” လို့ သံပြိုင်အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ဆန္ဒပြသူများဟာ လက်ရှိ အီရန်ခေါင်းဆောင်ရဲ့ ပြိုင်ဘက် Lion and Sun အလံများကိုလည်း ကိုင်ဆောင်ထားကြပါသေးတယ်။
ဖီဖာဟာ ယနေ့ အီရန်နှင့် နယူးဇီလန်တို့ရဲ ပွဲစဉ်အတွင်းတွင် အီရန်ရဲ့ တော်လှန်ရေးမတိုင်မီအလံကို ပိတ်ပင်မှု ပြုလုပ်ထားတာပါ။
အမေရိကန်ရောက် အီရန်များဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အီရန်အသင်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြပါသေးတယ်။
ဆန္ဒပြသူများက အီရန်အာဏာပိုင်များဟာ ဘောလုံးကို အသုံးချကာ နိုင်ငံတကာတွင် အပြုသဘောဆောင်တဲ့ အမြင်မျိုး ရရှိရေး ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားကြပါတယ်။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် အမေရိကန်နှင့် စစ်ဖြစ်နေမှုနှင့်အတူ ကမ္ဘာ့ဖလားမတိုင်မီတုန်းက ပြိုင်ပွဲဝင်ရေးနှင့်ပတ်သက်ပြီး မရေမရာ အခြေအနေ ကြုံခဲ့ရတာပါ။
အီရန်ဟာ ယနေ့အစောပိုင်းတုန်းက နယူးဇီလန်နှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် ၂ ဂိုးစီသရေကျကာ အဖိုးတန် ရမှတ် တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားအုပ်စုပွဲတွင် အပိုင်အခွင့်အရေး ရလာချိန်တွင် အငြင်းပွားဖွယ် ပွဲသိမ်းခရာမှုတ်မှု ဖြစ်ပွား
====================

ဆော်ဒီဟာ ယနေ့အစောပိုင်းက ဥရုဂွေးနှင့် ပွဲစဉ်တွင် ပွဲပြီးခါနီးတွင် အနိုင်ဂိုး ရရှိနိုင်မယ့် အပိုင်အခွင့်အရေး ကြုံခဲ့ရပေမဲ့လည်း ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ပွဲသိမ်းခရာမှုတ်မှုကြောင့် နစ်နာခဲ့ရပါတယ်။
ဆော်ဒီဟာ ယနေ့အစောပိုင်းတုန်းက ဥရုဂွေးနှင့်ပွဲတွင် အက်ဘူလီလာအယ်အမ်မရီရဲ့ ပထမပိုင်းဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဥရုဂွေးဟာ ပွဲပြီးရန် ၁၀ မိနစ်အလိုမှာ အရူဂျိုရဲ့ ချေပဂိုးကြောင့် အဖိုးတန် ရမှတ်တစ်မှတ် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဆော်ဒီဟာ ပွဲနှောင်းပိုင်း အပိုင်အခွင့်အရေး ရလာချိန်တွင် ဒိုင်လူကြီးက အငြင်းပွားဖွယ် ပွဲသိမ်းခရာမှုတ်လိုက်မှုကြောင့် အရေးပါတဲ့ ကမ္ဘာ့ဖလားနိုင်ပွဲ မရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက "ဆော်ဒီက ဂိုးသွင်းတော့မှာလေ။ ဘယ်လို ဖြစ်ပြီး ပွဲသိမ်းခရာမှုတ်လိုက်တာလဲ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "ဒိုင်လူကြီးသာ ပွဲသိမ်းခရာမမှုတ်ရင် ဆော်ဒီတို့ ဂိုးရပြီပဲ"လို့ ဆိုသွားပါတယ်။
Miami Dolphins ကွင်းတွင် ကစားတဲ့ အဆိုပါပွဲစဉ်တွင် ပရိသတ်ခုံနေရာလွတ်အမြောက်အမြား ရှိနေကြောင်း တွေ့ရပါတယ်။ ဖီဖာကတော့ ပွဲမတိုင်မီ ယင်းပွဲအတွက် ရောင်းရန် လက်မှတ် ၇ စောင်တည်းသာ ကျန်တော့ကြောင်း ဆိုထားပါတယ်

image

ဆွီဒင်ကို ၅-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြကို ထုတ်ပယ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် နည်းပြအပြောင်းအလဲ လုပ်လာတဲ့ တူနီးရှား
====================

တူနီးရှားဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် ဆွီဒင်ကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် နည်းပြဆာဘရီလာမူချီကို ထုတ်ပယ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပင် နည်းပြအပြောင်းအလဲ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။
တူနီးရှားဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ဆွီဒင်ကို ၅-၁ ဖြင့် ကြီးမားတဲ့ ရှုံးပွဲ ကြုံတွေ့ပြီးနောက် လာမိုချီကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
တူနီးရှားဟာ လာမိုချီနေရာတွင် ဆော်ဒီနည်းပြဟောင်းဟာဗီးရီနတ်အား ခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
အတွေ့အကြုံရင့်နည်းပြရီနတ်ဟာ ကမ္ယာ့ဖလားပြိုင်ပွဲကျင်းပရန် ၂ လအလိုတွင် ဆော်ဒီနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး အစောပိုင်းတုန်းက ဂါနာနည်းပြရာထူးအတွက် ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။
ရီနတ်ဟာ တူနီးရှားကို ကိုင်တွယ်ရန် သဘောတူညီမှု ရရှိပြီးနောက် အသင်းအခြေစိုက်ရာ မက္ကဆီကိုနိုင်ငံ၊ နူဗိုလီယွန်၊ ဆန်တီယာဂိုသို့ လာနေပြီ ဖြစ်ပါတယ်။
တူနီးရှားဟာ မကြာမီကာလအတွင်းမှာ ရီနတ်အား နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလာဖို့ ရှိနေပါတယ်။
လာမိုချီဟာ တူနီးရှားက နည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခြင်းခံခဲ့ရပေမဲ့လည်း ယင်းနေ့တွင် အသင်းအား လေ့ကျင့်ပေးမှု ပြုလုပ်ပေးခဲ့ပါသေးတယ်။
တူနီးရှားနည်းပြသစ်ဖြစ်လာမဲ့ အသက် ၅၇ နှစ်ရှိ ရီနတ်ဟာ ဇမ်ဘီယာ၊ အိုင်ဗရီကို့စ်၊ မော်ရိုကို၊ ဆော်ဒီ၊ ပြင်သစ်အမျိုးသမီးလက်ရွေးစင်အသင်းတို့အား ကိုင်တွယ်ဖူးပါတယ်။
တူနီးရှားဟာ လာမဲ့ စနေနေ့တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုတွင် ဂျပန်နှင့် ရင်ဆိုင်ကစားရပါမယ်။ ပြီးလျှင် ၎င်းတို့ဟာ ကြာသပတေးနေ့တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် နယ်သာလန်နှင့် ကစားရပါမယ်။

image

ပီယာဆေ့ဂျ်ကို သုံးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခရစ္စတယ်ပဲလေ့စ် ခန့်အပ်
======================

ခရစ္စတယ်ပဲလေ့စ်ဟာ လန့်စ်နည်းပြပီယာဆေ့ဂျ်ကို သုံးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၄၇ နှစ်ရှိ ပြင်သစ်လူမျိုးနည်းပြဟာ အသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ပြီးနောက် ရာသီအကုန်တွင် ထွက်ခွာသွားတဲ့ အိုလီဗာဂလပ်စ်နာနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆေ့ဂျ်ဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက လန့်စ်သို့ ရောက်လာတာ ဖြစ်ပြီး ကလပ်ရဲ့ ၁၂၀ နှစ်သမိုင်းတွင် ပထမဆုံးဖလားအဖြစ် Coupe de France ရယူပေးခဲ့တဲ့အပြင် လီဂူး ၁ တွင် ဒုတိယနေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် လီဂူး ၁ ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ဆွတ်ခူးခဲ့သူပါ။
သူဟာ ယင်းမတိုင်မီ လိုင်ယွန်ကို ၁၄ လကြာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၄-၂၅ ရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးခဲ့ဖူးပါတယ်။
ပဲလေ့စ်ဟာ ဘုန်းမောက်နည်းပြဟောင်းအန်ဒိုနီအိုင်ရာအိုလာ၊ ဖရန့်လမ်းပတ်၊ ကီရန်မက်ကန်နာ၊ ရှောင်ဒိုက်ချီတို့အား ခန့်အပ်ရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ပဲလေ့စ်ရဲ့ ယခင်နည်းပြအိုလီဗာဂလပ်စ်နာဟာ အသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်စဉ်အတွင်း အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနှင့် ကွန်ဖရင့်လိဂ်ဖလားတို့ ရယူပေးခဲ့ကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ပဲလေ့စ်ဟာ ကွန်ဖရင့်လိဂ်ချန်ပီယံဖြစ်ထားမှုနှင့်အတူ လာမဲ့ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရထားပါတယ်။
ဆေ့ဂျ်ဟာ လန့်စ်တွင် လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျာမယ်အလီအူအီကိုလည်း ပဲလေ့စ်သို့ တပါတည်း ခေါ်ဆောင်လာခဲ့ပါတယ်။

image

စပိန်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ဂန္ထဝင်မြောက် လက်စွမ်းပြကစားပြီးနောက် မျက်ရည်ကျခဲ့တဲ့ ကိတ်ဗာဒီဂိုးသမား
===================

ကိတ်ဗာဒီသူရဲကောင်းဗိုဇင်ဟာဟာ စပိန်နှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အဖိုးတန်ရမှတ်တစ်မှတ်ရရှိအောင် လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပွဲအပြီးတွင် မျက်ရည်ကျနေခဲ့တာ တွေ့ရပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ အသင်းငယ်လေး ကိတ်ဗာဒီအား ယူရိုချန်ပီယံနှင့်ပွဲတွင် ဂိုးမရှိသရေကျအောင် လက်စွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီဟာ ဗိုဇင်ဟာရဲ့ လက်စွမ်းပြမှုကြောင့် သမိုင်းတွင် ပထမဆုံးကမ္ဘာ့ဖလားပွဲတွင် ပထမဆုံးရမှတ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီဟာ ကမ္ဘာ့ဖလားသမိုင်းတွင် တတိယအငယ်ဆုံးနိုင်ငံအဖြစ် လူဦးရေ ၅၀၀၀၀ သာ ရှိပါတယ်။ ဗိုဇင်ဟာဟာ စပိန်နှင့်ပွဲတွင် ကာကွယ်မှုများစွာ ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ ကိတ်ဗာဒီ ပြည်သူတစ်ဦးချင်းစီရဲ့ ချီးကျူးမှု ရရှိနေမှာ သေချာပါတယ်။
ကမ္ဘာ့ဖလားရဲ့အသက်အကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဗိုဇင်ဟာဟာ ကာကွယ်မှု ၇ ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၃ ကြိမ်က အပိုင်အခွင့်အရေးကို ကာကွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၁၉၆၆ နောက်ပိုင်းတွင် ကာကွယ်မှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ဒုတိယအသက်အကြီးဆုံးဂိုးသမားဖြစ်ပါတယ်။ သူ့မတိုင်မီ မြောက်အိုင်ယာလန်ဂိုးသမားပက်ဂျန်နင်းဟာ ဘရာဇီးနှင့် ၁၉၈၆ ကမ္ဘာ့ဖလားပွဲတွင် ၁၀ ကြိမ်ကာကွယ်ပြီး အသက် ၄၀ နှစ်အထက် ဂိုးသမားများထဲတွင် ကာကွယ်မှုအများဆုံးလုပ်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။
ပွဲအပြီးတွင် ဗိုဇင်ဟာက "ကလေးဘဝကတည်းက အဘိုးအဘွားတွေနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ ဒီမှာ ရှိမနေနိုင်လို့ ပွဲအပြီးမှာ ငိုခဲ့မိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူတို့ ဆုံးပါးသွားခဲ့ကြပါတယ်။ ကျွန်တော့်အမေလည်း ဗီဇာပြဿနာကြောင့် ဒီမှာ ရှိမနေနိုင်ဘူး။ ပြီးတော့ ကျွန်တော်တို့ကပဲ ငွေပေးရမယ်လေ။ ဒီအချိန်မှာ ဒါမျိုး ကျွန်တော်တို့ မတတ်နိုင်ဘူး"လို့ ပြောကြားသွားပါတယ်၊
ဗိုဇင်ဟာဟာ စပိန်နှင့် ပွဲတွင် လက်စွမ်းပြကာကွယ်နိုင်မှုနှင့်အတူ ပွဲကစားချိန်အတွင်းတွင်ပင် အင်စတာဂရမ်အကောင့်တွင် Follower သစ် တစ်သန်းကျော် ပိုင်ဆိုင်လာခဲ့ပါတယ်။

image

အေစီမီလန်အား ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာတဲ့ ယူနိုက်တက်နည်းပြဟောင်းအမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ အေစီမီလန်နည်းပြရာထူးအတွက် သဘောတူညီမှု ရရှိပြီးနောက် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အမိုရမ်ဟာ အေစီမီလန်အား ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာခဲ့တာပါ။
A Bola ရဲ့ဖော်ပြလာမှုအရ အမိုရမ်ရဲ့ အေစီမီလန်နှင့် စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။
ရူဘင်အမိုရမ်ဟာ အေစီမီလန်အသင်းတွင် တစ်ရာသီလုပ်ခ ယူရို ၃.၅ သန်း ရရှိလာမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်၊ ဆုဖလား ရရှိမှုတို့အပေါ် မူတည်ပြီး အပိုဆုကြေးများလည်း ထပ်မံ ရရှိလာပါဦးမယ်။
အမိုရမ်ဟာ အေစီမီလန်အသင်းပိုင်ရှင် RedBird Capital ရဲ့ မီးစိမ်းပြခြင်းခံလာရပါက အေစီမီလန်နည်းပြဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ အယ်လီဂရီရဲ့နေရာတွင် အစားထိုးခန့်အပ်ရေး နည်းပြအမြောက်အမြားကို လျာထားခဲ့ပေမဲ့ အမိုရမ်မှာ ကလပ်လက်မဲ့ ဖြစ်နေမှုနှင့်အတူ နစ်နာကြေး ပေးရန် မလိုတာကြောင့် ခန့်အပ်ရေး ဆုံးဖြတ်လာတာပါ။
ရူဘင်အမိုရမ်နှင့် နည်းပြအဖွဲဝင်များဟာ ယခုနှစ် အစောပိုင်းတုန်းက ယူနိုက်တက်ကို ၁၄ လကြာ ကိုင်တွယ်ပြီး ထုတ်ပယ်ခြင်းခံရပြီးနောက် နစ်နာကြေး ပေါင် ၁၆.၇ သန်းအထိ ရရှိခဲ့ကြပါတယ်။
အမိုရမ်ဟာ အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါက လာမဲ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဝရာကလောတွင် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် အသင်းဟောင်း ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

မုံးကိုးဒေသ ဈေးကွက်ကို တရုတ်နိုင်ငံသားတွေ လွှမ်းမိုးလာလို့ ဒေသခံတွေ အခက်ကြုံ

မူဆယ်ခရိုင်၊ မုံးကိုးဒေသမှာ တရုတ်နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းနဲ့ ဈေးကွက်ထဲ ဝင်ရောက်လုပ်ကိုင်မှု ပိုများလာတာကြောင့် ဒေသခံတွေရဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာသလို နေ့စားအလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ မုံးကိုးဒေသက ဈေးကွက်အများစုမှာ တရုတ်ဘက်က လာရောက်ရောင်းချသူတွေ ပိုများလာပြီး ကုန်ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်း ရောင်းချနေတာကြောင့် ဒေသခံဈေးသည်တွေအနေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံဈေးသည်တဦးက ပြောပါတယ်။
“အခု ဈေးထဲမှာ ကြည့်လိုက်ရင် တရုတ်ဘက်က လာရောင်းတဲ့သူတွေ အရမ်းများလာတယ်။ သူတို့က ပစ္စည်းကို တိုက်ရိုက်ယူလာပြီး ရောင်းတော့ ဈေးနှုန်းမှာရော ပမာဏမှာရော မယှဉ်နိုင်ဘူး။ အရင်လို ရောင်းအားမရှိတော့ဘူး” လို့ သူက ပြောပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေမှာလည်း ဒေသခံနေ့စားအလုပ်သမားတွေအစား MNDAA က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်သားတွေကို အသုံးပြုနေတာကြောင့် ဒေသခံနေ့စားအလုပ်သမားတွေအတွက် အလုပ်အကိုင် ရှားပါးလာတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“အရင်တုန်းကတော့ နေ့စားအလုပ်တစ်ခုခု ရှာလို့ရသေးတယ်။ အခုတော့ အလုပ်ရှိရင်တောင် ဒေသခံတွေ နေ့စားအလုပ် မရတော့ဘူး။ ထောင်သားတွေကိုပဲ ခိုင်းနေတော့တယ်။ ထောင်သားတွေကိုတော့ လုပ်အားခပေးစရာ မလိုဘူးလေ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ MNDAA ဘက်က MNDAA စစ်သားမလုပ်ချင်လို့ ရှောင်တိမ်းနေသူတွေနဲ့ ရှောင်တိမ်းနေရတဲ့ ဒေသခံအစိုးရဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ လယ်ယာခြံမြေတွေအပြင် မြေလွတ်မြေရိုင်းတွေကိုပါ သိမ်းယူထားပြီး တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကို ခေါ်သွင်းကာ ငရုတ်သီးစိုက်ခင်းတွေ လုပ်ကိုင်နေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေက ကော်ဖီစိုက်ပျိုးဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင်းက နမ့်တောင်းကျေးရွာမှာလည်း ဒေသခံတောင်သူတချို့ရဲ့ ခြံမြေ ဧက ၂၀ ခန့်ကို MNDAA ဘက်က သိမ်းယူပြီး တရုတ်လုပ်ငန်းရှင်တဦးကို ကော်ဖီစိုက်ပျိုးခွင့်ပေးထားကာ ၁၂ နှစ်ကြာ မြေအသုံးပြုသွားမယ်လို့ ဒေသခံတွေကို ပြောထားကြောင်း သိရပါတယ်။

image

မုံရွာမှာ ခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူသူခိုး၅ယောက်ဖမ်းမိ

မုံရွာမြို့ရပ်ကွက်စုံကခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူ ဆိုင်ကယ်သူခိုး၅ဦးကို ဇွန်လ၁၆ရက်နံနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်း နယ်ထိန်း​ခေါင်း​ဆောင်ဒုရဲမှုးစိုးမင်းပိုင်ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပါတယ်။
မုံရွာမြို့ပေါ်ရပ်ကွက်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး ရဲမှူးကြီး နိုင်လင်းရဲ့ ကြီးကြပ်ကွပ်ကဲမှု၊ မုံရွာခရိုင်ခေတ္တခရိုင်ရဲတပ်ဖွဲ့မှုး ရဲမှုးလှမြင့်၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူး သိန်းထွန်းတို့ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ မုံရွာမြို့ မြို့မရဲစခန်း နယ်ထိန်းဒုရဲမှူး စိုးမင်းပိုင် ဦးစီးတဲ့အဖွဲ့ဟာ မှုခင်းကျဆင်းရေး ရက်၁၀၀ စီမံချက်ဆောင်ရွက်နေစဥ်မှာ ဖမ်းဆီးရမိတာပါ။
ပူးပေါင်းအဖွဲ့ဟာ မုံရွာမြို့ထန်းတောအောင်ရတနာရပ်​မှာနေတဲ့ ဘေးတွဲမောင်းသူတဦးအိမ်မှာ ခိုးရာပါဆိုင်ကယ်တွေ လက်ခံထားတယ်လို့သတင်းရတဲ့အတွက် ကွင်းဆက်လိုက်ပြီးရှာဖွေရာမှာ ခိုးသူနဲ့လက်ခံသူတို့ သိမ်းဆည်းထားတဲ့ ခိုးရာပါ ဆိုင်ကယ်၁၉စီးကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။
ဆိုင်ကယ်ခိုးတဲ့သူ ၃ဦးဟာ မုံရွာမြို့ပေါ် ရပ်ကွက်အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြတာဖြစ်ပြီး ခိုးရာပါဆိုင်ကယ်တွေကို အမျိုးသား၂ဦးက လက်ခံခဲ့ကြတာပါ။ ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ခိုးရာပါလက်ခံခဲ့သူ၂ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာမှာ လက်ရှိအချိန်အထိဆိုင်ကယ်ပိုင်ရှင်၄ဦးပေါ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ကလည်း မုံရွာမြို့နေရာအနှံ့က ခိုးယူခဲ့တဲ့ ဆိုင်ကယ်၄စီးနဲ့ အတူ ဆိုင်ကယ်ခိုးသူအမျိုးသား၁ဦး အမျိုးသမီး၂ဦးတို့ကို
ဖမ်းဆီးရမိထားပါသေးတယ်။

image