လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးအတွက် တစ်ဦးလျှင် အများဆုံးကျပ်(၁၀)သိန်းနှုန်းဖြင့် ထောက်ပံပေးလျက်ရှိ

လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၄င်းတို့ ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ပညာရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းစသည့်လုပ်ငန်းများအတွက် တစ်ဦးလျှင် အများဆုံးကျပ်(၁၀)သိန်း နှုန်းဖြင့် ထောက်ပံပေးနေကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံပေးနေခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်နိုင်‌ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့် နောက်ထပ် လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကပြောသည်။
ယမန်နေ့က လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းအစည်းအဝေးကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိ လူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ကော့သောင်းနှင့် ရန်ကုန်မြို့တို့၌ ဖွင့်လှစ်ထားပြီး ဂေဟာမရှိသည့်ဒေသများ၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် ယာယီလက်ခံစောင့်ရှောက်ပေးနေကြောင်း သိရသည်။

image

ရန်ကုန်နှင့် စစ်ကိုင်းတွင် ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေး

လာမည့်ဇန်နဝါရီ(၂၅)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၃)ကို ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုများကို ယမန်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသားလွယ်ကူစွာမဲပေးနိုင်ရးအတွက် စီမံဆောင်ရွက်ထားမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ သွားလာရေးလွယ်ကူစေရန် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုကို စစ်ကိုင်းတိုင်းအစိုးရရုံး၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လုပ်ငန်းများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း(၃)တွင် ရန်ကုန်တိုင်း၌ မြို့နယ်(၁၇)မြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း၌ (၂)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ရုံးစာရွက်စာတမ်းအတုလုပ်သူများအား ဖမ်းမိ
----------------------------

ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ၊ ဌာနဆိုင်ရာ ရုံးစာရွက်စာတမ်းတွေ လိမ်လည် အတုပြုလုပ်သူတွေကို ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ ၁၄ ရက် ညနာ ၆နာရီခွဲအချိန်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး (၁၁)လမ်းရှိ နေအိမ်တစ်အိမ်ကနေ အမျိုးသားနှစ်ယောက်နဲ့အတူ ပြုလုပ်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေးကတ်ပြားအတု အခု ၁၁၀၊ သာသနာစိစစ်ရေးကတ်ပြားအတု ၃ ခု၊ ပြစ်မှု ကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာအတု အခု ၁၂၀၊ ရပ်ကွက်ထောက်ခံစာအတု ၄ရွက်၊ ကျောင်းထောက်ခံစာ အတု ၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု အခု ၁၁၀၊ ဌာန ဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း ၁လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့အမျိုးသား၂ယောက်ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ ည၈နာရီအချိန်မှာ ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ရေအိုးစင်လမ်းက နေအိမ်တစ်အိမ်မှာ လည်း အမျိုးသားနှစ်ဦးနဲ့အတူ ပြုလုပ်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၉ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၈ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၄ ခု၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း ၂လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်မှာ ဖမ်းမိတဲ့အမျိုးသား၂ယောက်ကိုလည်း လှော်ကားနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

image

မြန်မာ-ရုရှား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ယခုလ ၂၇ရက်နေ့တွင် စတင်မည်
-------------------------

မြန်မာ-ရုရှား နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဟာ ဇန်နဝါရီ ၂၇ ရက်ကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် အပြန်အလှန် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၅ ခုနှစ် အောက် တိုဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လာမဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူတွေအတွက် ရက်ပေါင်း ၃၀အထိ နေထိုင်ခွင့်ရှိတဲ့ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ရရှိတော့မှာဖြစ် တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image

ရန်ကုန်တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်
-----------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့အနီးကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၉ ရက် ည ၁၀နာရီ ၁၃မိနစ် ၅၇ စက္ကန့်အချိန် က အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီငလျင်ဟာ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ၊ အနက် ၁၀ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာ အခုလှုပ်ခတ်သွားတဲ့ ငလျင်ကို သိသာစွာ ခံစားလိုက်ရတယ်လို့ ရန်ကုန်မြို့နေပြည် သူတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ငလျင်လှုပ်တာကို သိသာစွာခံစားလိုက်ရတဲ့အတွက် အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်သူတချို့ တိုက်အောက်ကို ပြေးဆင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

image

မြန်မာ-တရုတ် အဂတိတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး HE.Ms. Ma Jia ကို ဇန်နဝါရီ(၁၉)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက် ရေးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်တွေ ဖလှယ်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေကို အပြန် အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖက်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

image

သိန္နီ နဲ့ နမ့်စလပ်ကြား တစ်သျှူးငှက်ပျော စိုက်ခင်းတွေပိုများလာပြီး စပါစိုက်ဖို့ အခက်ကြုံ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်နဲ့ နမ့်စလပ်ကြားဒေသမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို အများအပြား ရင်းနှီးမြှုပ်နှံလာပြီး ဒေသခံ ခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိတော့ဘဲ အလုပ်သမားအဖြစ် ပြန်လည်လုပ်ကိုင်ရတဲ့ အနေအထား ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခုက ခြံရှင်က အလုပ်သမား ဖြစ်သွားတာ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဝင်လာပြီးတော့ ဒေသခံမြေပိုင်ရှင် တယောက်က မြေဧက ၂ ဧက ရှိတယ်ဆိုရင် အဲဒီမြေ ၂ ဧကကို ဒေသခံက စိုက်မယ်။ သဘောက အမြတ်ဘယ်လောက် ဆိုပြီးပေါ့နော်။ မြေပိုင်ရှင်က အမြတ်တော့ရမယ်။ အလုပ်သမားအဖြစ်လည်း လုပ်ရမယ် ဆိုတဲ့ပုံစံမျိုးပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေကို ငှားယူပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိန်းချုပ်လာတဲ့ အတွက် ဒေသခံခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေအပေါ် စီမံခန့်ခွဲ ဆုံးဖြတ်ချက်ချနိုင်တာတွေ မရှိတော့ဘူးလို့ သူက ပြောပါတယ်။
“မြေကို တရုတ်တွေ ငှားယူလိုက်ပြီး ဒေသခံ ခြံမြေပိုင်ရှင်တွေက အလုပ်သမားအနေနဲ့ ပဲလုပ်ရတဲ့ အနေအထားဖြစ်သွားတာပေါ့။ ခြံမြေပိုင်ရှင်တွေ ဘာမှ ဆုံးဖြတ်ချက် ချလို့ မရတော့ဘူး”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒေသခံ တချို့က ငှက်ပျောစိုက်ပျိုးရေးကို လက်မခံချင်ပေမယ့် ဘေးပတ်ဝန်းကျင် လယ်ယာမြေတွေ ငှက်ပျော စိုက်ခင်းတွေ ဖြစ်လာပါက စပါးစိုက်ပျိုးဖို့ ရေ အခက်အခဲတွေကြုံလာနိုင်တာကြောင့် လက်ခံလိုက်ရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
“တချို့က မြေရှင်တွေ မစိုက်ချင်ဘူး ဆိုရင်လည်း ဘေးပတ်ဝန်းကျင်က ငှက်ပျော ဖြစ်ဖြစ်၊ ကြံဖြစ်ဖြစ် အကုန်စိုက်လိုက်ပြီဆိုရင် လယ်ကွက်မှာ ရေမရတော့လို့ စပါးစိုက်လို့ မရတော့ဘူးလေ”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ သိန္နီနှင့် နမ့်စလပ်ကြားမှာ ငှက်ပျောစိုက်ခင်းများလာသလို့ နမ့်ပေါင်ဒေသ တချို့နေရာတွေမှာလည်း တစ်သျှူးငှက်ပျော စိုက်ပျိုးလာတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်စပ်တလျှောက်က ဒေသတွေမှာတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များက စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ ချုပ်ကိုင်လာနေပြီး မိရိုး ဖ လာ ဒေသ သဘာဝ စိုက်ပျိုးရေး စနစ်တွေ အများစု ပြောင်းလဲသွားတာကို တွေ့လာရပါတယ်။

image

မီချီဂန်ပြည်နယ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မြောက်ပိုင်းရှိ ဆီးနှင်းဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လမ်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
I-196 လမ်းပေါ်မှာ ထရပ်ကားကြီးတွေနဲ့ ယာဉ်တွေဆင့်တိုက်မိပြီး ယာဉ်များစွာ လမ်းပေါ်ကနေ လမ်းကြောင်းလွဲ လျှောကျမှုတွေ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေရှိပေမယ့် သေဆုံးသူမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယာဉ်တိုက်မှုမဖြစ်ပွားမီ တနာရီလျှင် ၃၂ မှ ၄၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နေချိန် ဆီးနှင်းတွေ ကျဆင်းမှုကြောင့် ရှေ့ရှိကားတွေကို မမြင်ရတော့ဘူးလို့ ပက်ဒရိုမက်တာဂျူနီယာ ဆိုသူက ပြောပါတယ်။ သူရဲ့ ပစ်ကပ်ကားကို ဘေးကင်းစွာရပ်တန့်နိုင်ခဲ့ပေမယ့် နောက်မှတိုက်မိတာတွေကို ရှောင်ရှားဖို့ လမ်းဘေးကို ထိုးချခဲ့ရတယ်လို့ ပြောပါတယ်.
တနင်္လာနေ့မနက်ပိုင်း ဒီဖြစ်ရပ်မှာ ကုန်တင်ကား ၃၀ မှ ၄၀ အထိ စုပုံပြီး ပုံမှန်အားဖြင့် ယာဉ်ကြောရှုပ်ထွေးနေတဲ့ ပြည်နယ်အဝေးပြေးလမ်းမကြီးကို နာရီပေါင်းများစွာကြာမြင့်အောင် ပိတ်ခဲ့ရပါတယ်။
အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ယာဉ်မောင်းတွေအနေနဲ့ အရှိန်လျှော့မောင်းဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပြီး ဆောင်းရာသီမုန်တိုင်းဟာ ဒေသတွင်းမှာ ဆီးနှင်းတွေဆက်လက်ကျဆင်းနေပြီး လေအေးတွေကြောင့် အပူချိန် အနုတ် ၂၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဆီးနှင်းကျဆင်းမှု လေးလက်မအထိ ရှိနိုင်မယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပြီး မီချီဂန်အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းအလယ်ပိုင်းဒေသတွေမှာ အခြေအနေပြင်းထန်ပါတယ်။ အဲဒီဒေသတွေကို လတ်တလောမှ ခရီးသွားလာခြင်းမပြုဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

image

ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာ

ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့နေ့က ထုတ်ဖော်‌ ကြေညာလိုက်ပါတယ်။
"ဇန်နဝါရီ ၂၃ ရက်မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် မဲဆွယ်စည်းရုံးရေးတွေ စတင်မှုကို ဇန်နဝါရီ ၂၇ ရက်၊ မဲပေးတာနဲ့ မဲ ရေတွက်တာတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် "လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ခေါင်းဆောင်ပြောင်းလဲမှုတွေ မကြာခဏရှိနေပေမယ့် ဆယ်စုနှစ်များစွာ အဓိကပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ တာကာချိကို အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူမရဲ့ပါတီကို လူကြိုက်မှုတွေ ကျဆင်းနေပေမယ့် မဲရလဒ်တွေကတော့ မြင့်မားစွာရှိနေပါတယ်။
ဒါပေမယ့် ညွန့်ပေါင်းမိတ်ဖက် Japan Innovation Party (JIP) ပါဝင်တဲ့ သူမရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့ဟာ ဩဇာကြီးမားတဲ့ အောက်လွှတ်တော်မှာ အများစုနေရာကို များစွာကွာဟခြင်းမရှိပါဘူး။ ဒါဟာ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်တာအပါအဝင် သူမရဲ့ မူဝါဒအစီအစဉ်တွေ အတည်ပြုခြင်းအတွက် အဟန့်အတား ဖြစ်စေပါတယ်။
"လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်မှာ အများစုနေရာရရှိပါက အခြားပါတီတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ မူဝါဒများချမှတ်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ် " လို့ တိုကျိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ Sadafumi Kawato က ပြောပါတယ်။
တကာချီရဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဧပြီလမှစတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ယန်း ၁၂၂.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ ဘီလီယံ) ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့နဲ့ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးကို မြှင့်တင်ဖို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို အမြန်ဆုံးရယူဖို့ ကတိပြုထားပါတယ်။

image

ရန်းနက်စ်နောက်ခံလူဂျက်ကက်အား ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေးနေ
==================

ချဲလ်ဆီးဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ရန်းနက်စ်ဗဟိုနောက်ခံလူဂျီရီမီဂျက်ကက်ကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ချဲလ်ဆီးဟာ ယခုလတွင်ပင် ခေါ်ယူရေးအတွက် ရန်းနက်စ်အပြင် နောက်ခံလူရဲ့ အေးဂျင့်နှင့် ဆွေးနွေးထားပါတယ်။ ဒါပေမယ့် ရန်းနက်စ်ဘက်က ပေါင်သန်း ၆၀ ကျော်အထိ တောင်းဆိုထားပါတယ်။
ပြင်သစ်ယူ-၂၁ လက်ရွေးစင်နောက်ခံလူကိုယ်တိုင်ကလည်း ချဲလ်ဆီးသို့ ပြောင်းရွှေ့ကစား‌ရေး စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးဟာ ဂျက်ကက်အပြင် ကိုမိုနောက်ခံလူဂျာကာဘိုရေမွန်နှင့် ဘုန်းမောက်နောက်ခံလူမာကို့စ်ဆီနီဆီတို့ကိုလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။ ကိုမိုနောက်ခံလူကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေတာပါ။
ဆီနီဆီမှာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး ဂျူဗင်တပ်ကလည်း စိတ်ဝင်စားနေပါတယ်။
ချဲလ်ဆီးဟာ နွေရာသီတုန်းက ဗဟိုနောက်ခံလူ အားဖြည့်ရေး ကြိုးပမ်းခဲ့ပေမယ့် အဓိကပစ်မှတ်ဒိန်းဟွိုက်ဆန်မှာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ရာသီကြိုကာလတွင် လီဗီကိုလ်ဝဲလ် ဒူးဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာကြုံလာရတဲ့အပြင် ထရီဗိုချာလိုဘာနှင့် တိုဆန်အဒါရာဘီအိုယိုတို့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေမှုကြောင့် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။

image