စပါးစ်တွင် မပျော်တော့တဲ့ ကစားသမားများအား ထွက်ခွာသွားကြရန် ရောဘတ်တိုဒီဇာဘီ ပြောကြားလာ
====================

စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီက ကလပ်တွင် မပျော်တော့တဲ့ ကစားသမားများအနေဖြင့် ယခုနွေရာသီတွင် အခြားကလပ်များသို့ ပြောင်းရွှေ့သင့်ကြောင်း ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းတွင် စပါးစ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရောဘတ်တိုဒီဇာဘီဟာ အသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ဆွီဒင်လက်ရွေးစင်လူးကပ်စ်ဘတ်ဗေးလ်ရဲ့ အနာဂတ်မရေမရာ ဖြစ်နေမှုနှင့်အတူ အထက်ပါအတိုင်း ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဘတ်ဗေးလ်အတွက် နော်တင်ဟမ်ဖောရက်စ်ရဲ့ ပေါင် ၃၈သန်းဖြင့် ကမ်းလှမ်းမှုအား ပယ်ချထားပြီး ဖြစ်ပါတယ်။ ဖောရက်စ်ဟာ ဘတ်ဗေးလ်ကို ခေါ်ယူရေး လက်မလျှော့သေးဘဲ ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရေး ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။
တနင်္ဂနွေနေ့တွင် နယူးဇီလန်မှာ Auckland FC မှာ ကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်မီ ရောဘတ်တိုဒီဇာဘီက "စပါးစ်နည်းပြဘဝအစကတည်းက ပြောထားပြီးသားပါ။ စပါးစ်မှာ ဆက်မကစားချင်တော့တဲ့သူ၊ မပျော်တော့တဲ့သူ၊ ဒီမှာ ရှိနေရတာ ဂုဏ်မယူတဲ့သူတွေအနေနဲ့ ထွက်ခွာနိုင်တယ် လို့ ပြောထားပြီးသားပါ။ ဒီမှာ ဆက်နေဖို့ ပျော်တဲ့ ဂုဏ်ယူတဲ့ ကြီးမားတဲ့ စိတ်အားထက်သန်မှုနဲ့ Tottenham Hotspur Stadium ကွင်းကို သွားကစားချင်တဲ့ ကစားသမားတွေကိုပဲ အလိုရှိတယ်။ ဒါက ဘောလုံး ဖြစ်နေလို့ပါ။ ကမ္ဘာ့ဖလားကို တွေးကြည့်လိုက်ပါ။ စိတ်အားထက်သန်မှု ကွဲပြားတာ တွေ့ရပါမယ်။ စိတ်အားထက်သန်မှုက အသင်းမှာ ပျော်ပျော်ကြီး ဆက်နေဖို့ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဘတ်ဗေးလ်ဟာ ၂၀၂၄ ခုနှစ်တုန်းက ဆွီဒင်ကလပ် Djurgarden မှ ပြောင်းလာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက ရောဘတ်တိုဒီဇာဘီလက်ထက်တွင် အချိန်အကန့်အသတ်ဖြင့်သာ ပွဲကစားခဲ့ရသူ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ဘတ်ဗေးလ်ဟာ ဒီဇာဘီရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဆန်းဒါးလန်းအား ၁-၀ ဖြင့် ရှုံ့းနိမ့်တဲ့ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ နောက်ဆုံး ၄ ပွဲတွင် အရန်အဖြစ်သာ ကစားခဲ့ရပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် ဆန်ဒရိုတိုနာလီနှင့် မားတီးယပ်စ်ဖာနန်ဒက်စ်တို့အား ပေါင် ၁၈၅ သန်းဖြင့် ခေါ်ယူကာ ကွင်းလယ်ကို အားဖြည့်ထားပြီး ဖြစ်ပါတယ်။
ဆက်လက်ပြီး ရောဘတ်တိုဒီဇာဘီက လာမယ့် ရက်ပိုင်းအတွင်း ဘတ်ဗေးလ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ အားလုံးအတွက် အကောင်းဆုံးဖြစ်လာမယ့် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် နောက်ခံလူများဖြစ်ကြတဲ့ ဂျန်ပေါလ်ဗန်ဟက်ကီ၊ အင်ဒီရောဘတ်ဆင်၊ မားကို့စ်ဆီနီဆီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ရောဘတ်တိုဒီဇာဘီက စပါးစ်ရဲ့ ယခုနွေရာသီ ကစားသမားခေါ်ယူအားဖြည့်မှုမှာ မပြီးပြတ်သေးကြောင်း ပြောကြားသွားပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲမှ အာဂျင်တီးနားကို ရာသက်ပန်ပိတ်ပင်ရန် ပရိသတ် ၂၃ သန်းကျော် လက်မှတ်ထိုး တောင်းဆိုလာ
===================

ကမ္ဘာ့ဖလားပရိသတ် ၂၃ သန်းကျော်တို့ဟာ အနာဂတ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအား ပါဝင်ခွင့်မပေးဘဲ ရာသက်ပန်ပိတ်ပင်ရန် လက်မှတ်ထိုးတောင်းဆိုမှု ပြုလုပ်လာပါတယ်။
လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့တွင် အင်္ဂလန်၊ စပိန်ကစားသမားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ဖလားတွင် နာမည်ကျော်အရှုံးသမားဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အား ရှုံးနိမ့်ပြီးချိန်တွင် အာဂျင်တီးနားကစားသမားတို့ရဲ့ အားကစားသမားမပီသတဲ့ အပြုအမူများအပေါ်တွင် ပရိသတ်များ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
ပွဲအပြီးတွင် လီယန်ဒရိုပါရီဒက်စ်ဟာ ဂါဗီကို တွန်းလှဲခဲ့မှုအတွက် အနီကတ်ပြသခံခဲ့ရပြီး ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
လက်ထောက်နည်းပြရောဘတ်တိုအေယာလာမှာ အဲရစ်ဂါစီယာကို လည်ပင်းညှစ်ခဲ့သလို ဒါနီအိုလ်မိုရဲ့မျက်နှာကိုလည်း ရိုက်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အတွင်းတွင်ပင် လီယွန်နယ်မက်ဆီပင်လျှင် ပါးစပ်ပိတ်စကားပြောခဲ့တဲ့ မာ့ခ်ကူကူရယ်လာအား အနီကတ်ပြသအောင် ကြိုးပမ်းခဲ့ပါတယ်။
ယခုအခါမှာတော့ ယင်းပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ သန်းပေါင်းများစွာသော ကမ္ဘာတလွှားမှ ဘောလုံးပရိသတ်များဟာ ကမ္ဘာဖ့လားပြိုင်ပွဲတွင် အာဂျင်တီးနားအား ရာသက်ပန်မမြင်တွေ့စေရေး ကြိုးပမ်းလာကြပါတယ်။
နိုင်ငံပေါင်း ၁၇၀ တို့မှ ကမ္ဘာဖ့လားပရိသတ် ၂၃ သန်းကျော်တို့ဟာ အာဂျင်တီးနားအား ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရာသက်ပန်ထုတ်ပယ်ရန် လက်မှတ်ထိုးတောင်းဆိုလာကြါပါတယ်။
အာဂျင်တီးနားပရိသတ် ရှစ်သောင်းကျော်တို့က ကမ္ဘာ့ဖလားဗိုလ်လုပွဲအား ပြန်ကစားခွင့် ရရှိရေး လက်မှတ်ထိုးတောင်းဆိုလာပြီးနောက် ကမ္ဘာ့တလွှားမှ ကမ္ဘာ့ဖလားပရိသတ်များကလည်း အာဂျင်တီးနားကို ကမ္ဘာ့ဖလားမှ ရာသက်ပန်ထုတ်ပယ်ရန် ကြိုးပမ်းလာကြတာပါ။

image

၂ နှစ်အတွင်း ၅ ခုမြောက်ကလပ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ကမ္ဘာ့အလှဆုံးဘောလုံးမယ်
=====================

အန်နာမာကိုဗစ်ဟာ ဒဏ်ရာကြောင့် ကစားသမားဘဝတိုးတက်မှု ဆိုးဆိုးရွားရွား ရပ်တန့်ခဲ့ရပြီးနောက် ၂ နှစ်အတွင်းတွင် ၅ ခုမြောက်ကလပ်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
ကမ္ဘာ့အလှဆုံးဘောလုံးမယ်လို့ တင်စားခြင်းခံရတဲ့ တိုက်စစ်သမားဟာ ခရိုအေးရှားအမျိုးသမီးလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ကြိုးပမ်းနေတဲ့ Hajduk Split သို့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
မာကိုဗစ်ဟာ Hajduk Split တွင် ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ကစားလာပါမယ်။
မာကိုဗစ်ဟာ ၂၀၂၃ ခုနှစ်မတ်လတုန်းက FC Zurich နှင့်ပွဲစဉ်တွင် Grasshopper အတွက် ကစားစဉ် ကစားသမားဘဝအား အကြီးအကျယ်ထိခိုက်လာစေခဲ့တဲ့ ဆိုးရွားတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ မာကိုဗစ်ဟာ ဒူးအရွတ်ဒဏ်ရာ၊ ကြွက်သားအမြှေးပါးစုတ်ပြဲခြင်းဒဏ်ရာအပြင် အရိုးကျိုးဒဏ်ရာပါ ရရှိခဲ့ပါတယ်။
သူမဟာ ယင်းဒဏ်ရာကြောင့် ကာလရှည်ကြာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့ရပါတယ်။
ယင်းနောက်ပိုင်းမှာတော့ သူမဟာ ဘရာဂါ၊ ဒါမိုင်အန့်စ်အပြင် Brooklyn FC တွင် ညီမဖြစ်သူ ကီကီနှင့် တွဲကစားခဲ့ပါတယ်။ ယခု သူမဟာ Hajduk သို့ ပြောင်းရွှေ့လာပါတယ်။
သူမဟာ ဆိုးရွားတဲ့ ဒဏ်ရာ ၃ ခု ရရှိပြီးနောက်ပိုင်း အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရကာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
မာကိုဗစ်ဟာ မွေးရပ်မြေ ခရိုအေးရှားသို့ ပြန်လည်ခြေချလာချိန်တွင် အကောင်းဆုံးပုံစံပြန်လည် ရရှိလာရေး မျှော်လင့်နေပြီလည်း ဖြစ်ပါတယ်။

image

စူပါစတားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေမှုနှင့်အတူ ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရန် ပစ်မှတ်ထားလာတဲ့ လီဗာပူး
====================

လီဗာပူးနည်းပြအန်ဒိုနီအိုင်ရာအိုလာဟာ အသင်းသို့ စူပါစတားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်စတားဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဟာ ဘရာဇီးနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးနောက် မေးရိုးခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နော်ဝေကို ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တွင် ရှုံးနိမ့်ပြီးနောက် ဂိုအာနီးယားတွင် မေးရိုးပြုပြင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မေးရိုးပြုပြင်မှုကြောင့် ပေါင် ၃၀၀၀ မှ ပေါင် ၁၄၀၀၀ အတွင်း ကုန်ကျခဲ့တယ်လို့ ယူဆရပါတယ်။
တဖက်တွင် လီဗာပူးဟာ ဗီနီရှပ်စ်ကို ယခုနွေရာသီတွင် မခေါ်ယူနိုင်ပါကလည်း လာမယ့် ၂၀၂၇ ခုနှစ် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှုနှင့်အတူ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် အခွင့်အရေးကြီးလည်း ရှိနေပါတယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုများ ပြုလုပ်လာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပေမဲ့လည်း အဆင်မပြေ ဖြစ်နေမှုနှင့်အတူ ရပ်ဆိုင်းထားပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ဗီနီရှပ်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါတွင် ၁၆ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးမှုအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၂၂ ဂိုးအထိ သွင်းနိုင်ခဲ့ပေမဲ့လည်း ဆုဖလားလက်မဲ့ ဖြစ်ပါတယ်။
တဖက်တွင် လီဗာပူးဟာ ပေါင်သန်း ၁၀၀ တန်ကြေးရှိ ပီအက်စ်ဂျီမှ ဘရက်ဒလေဘာကိုလာအား ခေါ်ယူရေး အာဆင်နယ်နှင့် အပြိုင်ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ မော်ဂန်ရော်ဂျာအား ချဲလ်ဆီးသို့ လက်လွှတ်လိုက်ရပြီးနောက် ဘာကိုလာအား ခေါ်ယူရေး စိတ်အားထက်သန်နေပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း မိုက်ကယ်အိုလီဆီကိုသာ ရီးရဲလ်မက်ဒရစ်သို့ လက်လွှတ်လာရပါက ဘာကိုလာဖြင့် အစားထိုးရန် အခြေအနေကို စောင့်ကြည့်နေပါတယ်။

image

G7 ကမ္ဘာ့ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေးကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အား ဘရိုက်တန်ဖျက်သိမ်းခဲ့ရ
====================

ဘရိုက်တန်ဟာ G7 အစည်းအဝေးတက်ရောက်ရန် ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်များကြောင့် ကွင်းပျက်စီးခဲ့ရပြီးနောက် ပြင်သစ်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းမယ့် အစီအစဉ်အား ဖျက်သိမ်းလိုက်ပါတယ်။
ဖေဘီယန်ဟူဇီလာရဲ့ ဘရိုက်တန်ဟာ ၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်ရန်အတွက် Evian-les-Bains သို့ ခရီးထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဘရိုက်တန်ဟာ ၎င်းတို့ အသုံးပြုမယ့် ကွင်းမှာ ပြီးခဲ့တဲ့လ ကမ္ဘာတလွှားမှ ခေါင်းဆောင်များရဲ့ ရဟတ်ယာဉ်ဆင်းသက်မှုကြောင့် ပျက်စီးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဇွန်လ ၁၅ ရက်နေ့တုန်းက ပြုလုပ်တဲ့ ယင်းထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကီယာစတာမာ၊ ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဘရိုက်တန်ဝန်ထမ်းတို့ဟာ ကွင်းကို သွားရောက်စစ်ဆေးချိန်တွင် ကွင်းမှာ အသုံးပြုရန် မဖြစ်နိုင်အောင် ပျက်စီးနေကြောင်း တွေ့ရှိရမှုနှင့်အတူ ယင်းတွင် လေ့ကျင့်န်းဆင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ဘရိုက်တန်ဟာ စနေနေ့တွင် လီဂူး ၂ ကလပ် Annecy နှင့် ခြေစမ်းပွဲကစားမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဘရိုက်တန်ဟာ ပြင်သစ်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဩစတြီးယားတွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနိုင်မယ့် နေရာအား ရှာဖွေနေကြပါတယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၁ ရက်နေ့တွင် လီဂူး ၁ ကလပ် စထရာဘော့နှင့် ခြေစမ်းပွဲကစားမယ့် အစီအစဉ်ကိုတော့ မဖျက်သိမ်းသေးပါဘူး။
ဘရိုက်တန်ဟာ သောကြာနှင့် စနေနေ့တို့တွင် Lancing တွင် လေ့ကျင့်ခန်းဆက်ဆင်းကာ တနင်္ဂနွေနေ့တွင် ဩစတြီးယားသို့ ထွက်ခွာပါမယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၈ ရက်နေ့တွင် ရိုးမားနှင့်လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဘိုလော့ဂ်နာနှင့်လည်းကောင်း‌ ခြေစမ်းရန် စီစဉ်ထားပါသေးတယ်။
ဟူဇီလာရဲ့ ဘရိုက်တန်ဟာ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကွန်ဖရင့်လိဂ်ပလေးအော့ဖ်ပွဲစဉ်ကစားပြီးလျှင် ဩဂုတ်လ ၂၃ ရက်နေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဗီလာအား ဧည့်ခံကစားရပါမယ်။

image

မွေးရပ်မြေအီတလီတွင် မင်္ဂလာပွဲ ကျင်းပလာတဲ့ မန်စီးတီးဂိုးသမားဒွန်နာရမ်မာ
===================

ဂျီယန်လူဂီဒွန်နာရမ်မာဟာ မွေးရပ်မြေအီတလီတွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပလာခဲ့ပြီး သူငယ်ချင်းဘောလုံးသမားအမြောက်အမြား တက်ရောက်ခဲ့ကြပါတယ်။
မန်စီးတီးဂိုးသမားဟာ အီတလီနိုင်ငံ၊ လိုကိုရိုတိုဒိုရှိ Chiesa Madre di San Giorgio Martire တွင် ငယ်ချစ်အလစ်စီယာအယ်လီဖန်တီနှင့် လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ နေပယ်အနီး Castellammare di Stabia မြို့တွင် ၂၀၁၆ ခုနှစ်တုန်းက အလစ်စီယာနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ပထမဆုံးသားလီယိုအား ၂၀၂၄ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။
၎င်းတို့ဟာ မေလတုန်းက စေ့စပ်ခဲ့ကြပြီး “Long-term contract signed.”ဆိုပြီး အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့ပါတယ်။
ဒွန်နာရမ်မာရဲ့ မင်္ဂလာပွဲသို့ ပက်ဂွါဒီယိုလာ၊ အာလင်းဟာလန်း၊ ဆန်ဒရိုတိုနာလီ၊ ပေါ်လိုမာလ်ဒီနီ၊ နီကိုလိုဘာရယ်လာတို့ တက်ရောက်ခဲ့ကြပါတယ်။
မာလ်ဒီနီနှင့် ဂွါဒီယိုလာတို့ဟာ ယခုအပတ်အစောပိုင်းတုန်းက အီတလီနည်းပြရာထူးအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသူများလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာဟာ မိသားစုအား ပိုမိုအချိန်ပေးလိုမှုနှင့်အတူ အီတလီနည်းပြရာထူးအား ငြင်းပယ်ခဲ့ပါတယ်။
မန်စီးတီးကစားဖော်အာလင်းဟာလန်းမှာ ချစ်သူအစ္စဘယ်ဟော့ဂ်ဆန်ဂျိုဟန်ဆန်နှင့်အတူ တက်ရောက်ခဲ့ပါတယ်။

image

လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် အာဆင်နယ်ဂန္ထဝင်ဗီအဲရာ ဆွေးနွေးနေ
===================

ပြင်သစ်နှင့် အာဆင်နယ်ဂန္ထဝင်ကွင်းလယ်ကစားသမားပက်ထရစ်ဗီအဲရာဟာ ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။
ဗီအဲရာဟာ ဆီနီဂေါတွင် မွေးဖွားသူဖြစ်ပြီး အသက် ၈ နှစ်သား အရွယ်တွင် မိသားစုနှင့်အတူ ပြင်သစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ် ဆွတ်ခူးခဲ့ကာ ဂျူဗင်တပ်၊ အင်တာမီလန်တို့တွင်လည်း ကစားခဲ့ဖူးပြီး မန်စီးတီးတွင် ကစားသမားဘဝ အဆုံးသတ်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၅၀ နှစ်ရှိ ဗီအဲရာဟာ မန်စီးတီးအသင်းလူငယ်အသင်းကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် နယူးယောက်စီးတီးအက်ဖ်စီ၊ နိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်၊ စထရာဘော့နှင့် ဂျီနိုအာတို့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။
သူဟာ နိုဝင်ဘာလတုန်းက စီးရီးအေကလပ်မှ ထွက်ခွာခဲ့သူပါ။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာဖ့လားပြိုင်ပွဲတွင် စိတ်ပျက်စရာရလဒ်ကြုံရပြီးနောက် ပါပီသီယောကို ထုတ်ပယ်ထားပြီးဖြစ်ကာ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံအား ခန့်အပ်ရန် ပစ်မှတ်ထားနေပါတယ်။
ဆီနီဂေါဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ပြင်သစ်နှင့် နော်ဝေတို့ကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း အီရတ်ကို ၅-၀ ဖြင့် အနိုင်ရရှိကာ အကောင်းဆုံးတတိယအသင်းအဖြစ် ရှုံးထွက်အဆင့်သို့ တက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၎င်းတို့ဟာ ဘယ်ဂျီယံနှင့် ၃၂ သင်း ရှုံးထွက်အဆင့်တွင် ပွဲပြီးရန် ၄ မိနစ်အလိုအထိ ၂-၀ ဖြင့် ဦးဆောင်ထားနိုင်ပြီးမှ ၃-၂ ဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
ဗီအဲရာကို ဆီနီဂေါနည်းပြအဖြစ် မြင်တွေ့လာရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပေမဲ့လည်း တဖက်တွင် နည်းပြဘဝ အောင်မြင်မှုနည်းပါးမှုအပေါ် ဝေဖန်ထောက်ပြနေသူများလည်း ရှိပါတယ်။

image

ဖီဖာဥက္ကဌအင်ဖန်တီနိုအား တိုင်ကြားလာမှုများအပေါ် နိုင်ငံတကာအိုလံပစ်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးသွားမည်မဟုတ်
====================

နိုင်ငံတကာအိုလံပစ်ကော်မတီက ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုနှင့်ပတ်သက်ပြီး တိုင်ကြားလာမှုများအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်မဟုတ်ကြောင်း ကြေညာလာပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ FairSquare က အင်ဖန်တီနိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆုံးဖြတ်ချက်များအား ဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်ပြီး ကြေညာချက်များ (သို့မဟုတ်) အခြားရှင်းလင်းချက်များ ပြုလုပ်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေးနှင့်ပတ်သက်ပြီး ကြားနေမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတကာအိုလံပစ်ကော်မတီထံ တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်အား အနီကတ်အတွက် အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်မကျခံစေရေးအတွက် အင်ဖန်တီနိုထံ ဖုန်းဆက်ကာ ပြန်လည်သုံးသပ်ပေးရေး ပြောဆိုခဲ့ကြောင်း ဝန်ခံထားပါတယ်။
အမေရိကန်တိုက်စစ်မှူးဟာ ဘော့စနီးယားအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အနီကတ်ကြောင့် ဘယ်ဂျီယံနှင့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်လာမှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်နယ်ထရမ့် ကြားဝင် စွက်ဖက် လုပ်ဆောင်လာမှုနှင့်အတူ ဖီဖာက ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ၁၂ လဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ယင်းသို့ ချမှတ်လာမှုနှင့်အတူ ဘာလိုဂန်ဟာ ဘယ်ဂျီယံအား ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ၂၀၂၀ ခုနှစ်ကတည်းက နိုင်ငံတကာအိုလံပစ်ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လာသူ ဖြစ်ပါတယ်။
အိုလံပစ်ကော်မတီစည်းမျဉ်းအရ အဖွဲ့ဝင်များမှာ အာဏာပိုင်းများ သို့မဟုတ် အဖွဲ့အစည်းများ ကြားခံအဖွဲ့အစည်းများ အမိန့် သို့မဟုတ် ညွှန်ကြားချက်များကို မလိုက်နာဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မဲပေးပိုင်ခွင့် ရှိရမယ်ဆိုပြီးတော့ ပါဝင်ပါတယ်။
ဒါပေမဲ့ ယခုအခါ နိုင်ငံတကာအိုလံပစ်ကော်မတီက အင်ဖန်တီုနိအပေါ် တိုင်ကြားမှုမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ တရားစီရင်ပိုင်ခွင့် ပြင်ပတွင် ရှိနေကြောင်း ကြေညာလာပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ နော်ဝေဘောလုံးအဖွဲ့ချုပ်က အင်ဖန်တီနိုရဲ့ ဘာလိုဂန်ပွဲပယ်ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တိုင်ကြားရေး စဉ်းစားနေကြောင်း ဘီဘီစီသို့ ပြောကြားလာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ အရေးယူနိုင်ခြင်း မရှိကြောင်း ကြေညာလာတာပါ၊
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ အင်ဖန်တီနိုက ဒေါ်နယ်ထရမ့်အား ချီးမြှင့်လိုမှုအတွက် ဖီဖာရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆုအား ဖန်တီး ချီးမြှင့်မှုအတွက်လည်း ဖီဖာထံ တိုင်ကြားခဲ့ဖူးပါတယ်။

image

ဘယ်ဂျီယံနည်းပြသစ်အဖြစ် နယ်သာလန်စတားဟောင်းဗန်ဘွမ်းမဲလ် ခန့်အပ်ခြင်းခံလာရ
====================

ဘယ်ဂျီယံဟာ နယ်သာလန်အသင်းခေါင်းဆောင်ဟောင်းမာ့ခ်ဗန်ဘွမ်းမဲလ်ကို ယူရို ၂၀၂၈ ပြိုင်ပွဲအထိ နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၄၉ နှစ်ရှိ ဗန်ဘွမ်းမဲလ်ဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ချန်ပီယံစပိန်ကို ရှုံးနိမ့်ကာ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်သွားတဲ့ ပြင်သစ်နည်ပြရူဒီဂါစီယာရဲ့ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံလာရတာ ဖြစ်ပါတယ်။
ဗန်ဘွမ်းမဲလ်ဟာ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဘယ်ဂျီယံနည်းပြအဖြစ် တရားဝင်တာဝန်ထမ်းဆောင်လာပါမယ်။
ဘယ်ဂျီယံဟာ ဗန်ဘွမ်းမဲလ်ရဲ့ လက်ထောက်နည်းပြများအဖြစ်လည်း ဘူဒီဝင်းဇင်ဒန်း၊ မာတင်မာတင်နှင့် ရေနီယာရော့ဘီမွန့်ကိုလည်း ခန့်အပ်သွားပါတယ်။
ဗန်ဘွမ်းမဲလ်ဟာ ဘယ်ဂျီယံအား ပထမဆုံးပွဲစဉ်များအဖြစ် စက်တင်ဘာလ၊ အောက်တိုဘာလအတွင်း အီတလီ၊ ပြင်သစ်၊ တူရကီတို့နှင့် ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်များအား ကြီးကြပ်လာပါမယ်။
ဗန်ဘွမ်းမဲလ်ဟာ ကစားသမားဘဝတုန်းက နယ်သာလန်အတွက် ၇၉ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ဖူးပါတယ်။
သူဟာ ကစားသမားဘဝတုန်းက ပီအက်စ်ဗွီ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်တို့တွင် ကျင်လည်ခဲ့ဖူးပြီး ဆုဖလားများစွာ ရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် နယ်သာလန်ယူ-၁၇ အသင်းတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ကာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် ဆော်ဒီအသင်းနှင့် ဩစတြေးလျအသင်းတို့တွင်လည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်တွင် ပီအက်စ်ဗွီနှင့် ဝုဖ်ဘတ်တို့အား ကိုင်တွယ်ခဲ့သလို ဘယ်ဂျီယံထိပ်သီး ရွိုင်ရယ်အန့်ဝတ်ကိုလည်း ကိုင်တွယ်ခဲ့ကာ ၆၆ နှစ်အတွင်း ပထမဆုံးအမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ခဲ့ဖူးပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၄၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၅၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၃၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၃၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၆၀ ကျပ်
ဝယ်ဈေး - ၄၉၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၉ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၉ ကျပ်
ဝယ်ဈေး - ၆၄၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၂၁ ကျပ်
ဝယ်ဈေး - ၂၆.၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၇ ကျပ်
ဝယ်ဈေး - ၄၄.၈၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃ .၀၂ ကျပ်
ဝယ်ဈေး - ၂.၉၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၀ ကျပ်
ဝယ်ဈေး - ၅၇၇၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၂ ကျပ်
ဝယ်ဈေး - ၁၁၈၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image