မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ(MoU)ကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
MoU ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီး ယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့ကအမှာစကားပြောကြားပြီး အလုပ်သဘောနေ့လယ်စာစားပွဲတွင်လည်း ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခ ရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-က မ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow၊ မဟာမဲခေါင်ဒေသခွဲအစားအစာပြပွဲတို့ကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၆ နှင့် ဆက်စပ်အ စည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် Tourism for People, Travel with Purpose"ဦးတည်ချက်ဖြင့် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိလက်ခံကျင်းပလျက်ရှိသည်။

image

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati Kromluang Rajasarini Siribajra Mahavajrarajadhita ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား တော်ဝင်မင်းသမီး ကံတော်ကုန်လွန်ခဲ့ခြင်းအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ထိုင်းတော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများအား စာနာဝမ်းနည်းကြောင်း သဝဏ်လွှာမှတ်တမ်း ရေးသားခဲ့ကြောင်း သိရသည်။
တော်ဝင်မင်းသမီး Princess Bajrakitiyabha သည် ထိုင်းဘုရင်၏ သမီးတော်ဖြစ်ပြီး ကံတော်ကုန်လွန်ချိန်တွင် အသက် ၄၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

image

မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF နိုင်ငံတကာခါးပတ်လုပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးစိုးသန်းနိုင်က ပြောကြားသည်။
မကြာသေးမီက ဂျပန်နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယင်းခရီးစဉ်၏ အကျိုးဆက်ကောင်းတစ်ရပ်အဖြစ် WBC/OPBF အဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက် တရားဝင် Title Match ခါးပတ်လုပွဲ ကျင်းပခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာကစားသမားများ၏ ပရော်ဖက်ရှင်နယ်အဆင့် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာစင်မြင့်တွင် အောင်မြင်မှုများ ရရှိစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင်က ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် PBM ပြိုင်ပွဲ (၃) ကြိမ်အပေါ် အခြေခံ၍ အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်သည်။ ပထမအဆင့် PBM-10 ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ဝိတ်တန်း (၄) တန်းဖြင့် ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဝိတ်တန်း (၂) တန်းမှ ကစားသမားများ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ဒုတိယအဆင့် PBM-11 ပြိုင်ပွဲကို စက်တင်ဘာလအတွင်း ဆက်လက်ကျင်းပမည်ဖြစ်ကာ PBM-10 မှ ဆန်ခါတင်ရွေးချယ်ခံရသည့် ထိပ်တန်းကစားသမားများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နောက်ဆုံးဗိုလ်လုပွဲအဆင့် PBM-12 တွင် အဆင့်ဆင့်ဖြတ်ကျော်လာသည့် အကောင်းဆုံးကစားသမားများက WBC/OPBF Myanmar International Belt တရားဝင်နိုင်ငံတကာခါးပတ်အတွက် Title Match အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
WBC/OPBF ၏ တရားဝင်မြန်မာခါးပတ်ကို စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ဝိတ်တန်း (၂) တန်းအပေါ် အဓိကထား၍ ဆန်ခါတင်ရွေးချယ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဝိတ်တန်းများနှင့် ပါဝင်မည့် ကစားသမားစာရင်းကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပွဲစဉ်သည် မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖွင့်ပေးမည့် သမိုင်းဝင်ပထမဆုံး နိုင်ငံတကာခါးပတ်လုပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ကြောင်း သိရသည်။

image

ပဲခူးတိုင်းရှိ အာမခံအလုပ်သမား ၇၅,၀၀၀ ကျော် ကျန်းမာရေးစောင့်ရှောက်မှု ရရှိ၊ ဆေးဖိုးကျပ်သန်း ၄၅၄ ကျော် ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၇၅,၀၂၆ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့က ဆေးဖိုးအမှုတွဲ ၂,၁၈၅ တွဲအတွက် ကျပ် ၄၅၄ ဒသမ ၉၈၁ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၁၅ ခန်း၊ Fee for Service စာချုပ်ဆေးခန်း ၁၅ ခန်း၊ ဌာနကြီးဆေးခန်း ၅ ခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Myanstar Garment Co., Ltd.၊ Suitstar Garment Co., Ltd. နှင့် Sudey Industrial Myanmar Co., Ltd. အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားအခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် လူမှုဖူလုံရေးအဖွဲ့၏ ရွေ့လျားဆေးကုသယာဉ်များဖြင့် အထည်ချုပ်စက်ရုံသုံးရုံရှိ အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဖောက်စမ်းသပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။
ခေါင်းဆောင်နှစ်ဦးအကြား ယခုကဲ့သို့ ကမ္ဘာ့နည်းပညာလောကတွင် ရေပန်းစားနေသည့် Huawei ၏ နောက်ဆုံးထုတ်ဖုန်းကို လက်ဆောင်ပေးအပ်ခြင်းနှင့် မြန်မာသမ္မတ ကိုယ်တိုင် စမ်းသပ်ကြည့်ရှုခြင်းသည် ရိုးရှင်းသည့် သံတမန်ရေးရာ နှုတ်ဆက်မှုထက် ပိုမိုနက်ရှိုင်းပြီး၊ မကြာသေးမီက ဆွေးနွေးခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဆင့်မြင့်နည်းပညာနှင့် AI ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများကို လက်တွေ့မြေပြင်တွင် ပိုမိုထင်ဟပ်ပေါ်လွင်စေသည့် စိတ်ဝင်စားဖွယ် သံတမန်ရေးရာ ပြကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း အကဲခတ်သူများက သုံးသပ်ထားကြသည်။

image

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့် IPU ကော်မတီနှစ်ရပ် ဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
AIPA ဆိုင်ရာ ပူးပေါင်းကော်မတီကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်တို့အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် IPU ဆိုင်ရာ ပူးပေါင်းကော်မတီကို ဥက္ကဋ္ဌအဖြစ် ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးအောင်သီဟတို့အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီနှစ်ရပ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သက်တမ်းသတ်မှတ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခဲ့ကြပြီး လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းကို အစည်းအဝေး စတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ) ဦးနော်တောင်တို့က တာဝန်ယူမည်ဖြစ်သည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ စုစုပေါင်း ၁၈ ဦးတို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းကို အစည်းအဝေး စတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း MPU ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော်ရေးရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄-ခ အရ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

image

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသဆောင်သစ်သည် အကျယ်အဝန်း ၁၆,၈၀၀ စတုရန်းပေရှိပြီး ခွဲစိတ်ခန်းပါဝင်သည့် RC နှစ်ထပ်အဆောက်အဦဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၁,၇၈၉ ဒသမ ၄၄၅ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးကုသဆောင်သစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် အနီးဝန်းကျင်ဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလွယ်ကူထိရောက်စွာ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

image

ကိတ်ဗာဒီနှင့် ဂိုးမရှိသရေကျပြီးနောက် ချစ်သူရဲ့ နှစ်သိမ့်ခြင်းခံခဲ့ရတဲ့ လာမိန်းယာမဲလ်
======================

လာမိန်းယာမဲလ်ဟာ အသင်းငယ်လေးကိတ်ဗာဒီနှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိဘဲ အံ့ဩသင့်ဖွယ် ဂိုးမရှိသရေကျပြီးနောက် ချစ်သူရဲ့အားပေးနှစ်သိမ့်ခြင်းခံခဲ့ရပါတယ်။
အသက် ၁၈ နှစ် အရွယ်ရှိ ဘာစီလိုနာပါရမီရှင်ကစားသမားဟာ ယင်းပွဲတွင် လူစားဝင်ရောက်ကစားလာပြီးနောက် အသင်းငယ်ကိတ်ဗာဒီရဲ့ ခံစစ်ကြောင်းကို ဖြိုခွဲရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ပွဲအပြီးမှာတော့ လာမိန်းယာမဲလ်ကို ပွဲကြည့်စင်တွင် ချစ်သူ၊ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အတူ တွေ့ခဲ့ရပါတယ်။
စပိန်အင်ဖလူရင်ဇာနှင့် မော်ဒယ်အိုင်နက်စ်ဂါစီယာဟာ ပွဲကြည့်စင်တွင် လာမိန်းယာမဲလ်အား နှစ်သိမ့်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ ဂါစီယာဟာ ပြီးခဲ့တဲ့လတုန်းက လာမိန်းယာမဲလ်နှင့် ချစ်ကြိုက်နေကြောင်း လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပြီး အမေရိကန်သို့ လိုက်ပါက ချစ်သူကို အားပေးနေတာလည်း ဖြစ်ပါတယ်။
သူမဟာ လာမိန်းယာမဲလ်အမည်ပါ စပိန်အသင်းအင်္ကျီဝတ်ဆင်ပြီး စပိန်ကို ကြည့်ရှုအားပေးခဲ့ပါတယ်။
လာမိန်းယာမဲလ်ဟာ မိနစ် ၂၀ ပွဲကစားခဲ့ပေမဲ့ ကိတ်ဗာဒီခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ယင်းပွဲတွင် စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရရှိပြီး ဂိုးပေါက်ကန်ချက် ၂၃ ကြိမ်အထိ ပြုလုပ်ခဲ့ပေမဲ့ ဂိုးပေါက်မတွေ့ခဲ့ပါဘူး။
ကိတ်ဗာဒီဟာ အသက် ၄၀ နှစ်အရွယ် ဂိုးသမားဗိုဇင်ဟာရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးမပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဗိုဇင်ဟာဟာ ယင်းပွဲတွင် ၇ ကြိမ်ကာကွယ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပွဲကစားနေချိန်တွင် အင်စတာဂရမ်တွင် ဖော်လိုဝါ ၁.၅ သန်းကျော်အထိ ရရှိသွားခဲ့ပါတယ်။ S

image

လိင်အကြမ်းဖက်မှုကြောင့် စပိန်တိုက်စစ်မှူးရာဖာမာ ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်ခြင်းခံလာရ
=====================

ဝုဗ်နှင့် နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးဟောင်းရာဖာမာဟာ လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် စပိန်ရှိ တရားရုံးတစ်ခုရဲ့ ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်ခြင်းခံလာရပါတယ်။
ဒါ့အပြင် ဆီဗီလာတိုက်စစ်မှူးဟာ နစ်နာသူအား နစ်နာကြေး ယူရို ၆၄၀၀၀ ပေးရန်လည်း ဆုံးဖြတ်ခြင်းခံလာရပါတယ်။
တရားရုံးက ရာဖာမာနှင့်အတူ ပါဝင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဂျာရာကိုလည်း လိင်အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်အပြင် စိတ်ပိုင်းဆိုင်ရာနစ်နာစေမှုအတွက် ထောင်ဒဏ် ၆ လချမှတ်ခြင်းခံလာရပါတယ်။ ဂျာရာဟာ ဒဏ်ငွေ ယူရို ၆၂၈၀ လည်း ချမှတ်ခံခဲ့ရပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်က အတည်မဟုတ်သေးပါဘူး။ ရာဖာမာက အယူခံဝင်သွားမယ်လို့ ကြေညာထားပါတယ်။
ရာဖာမာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆီဗီလာမှ အယ်ချီသို့ အငှားဖြင့် သွားရောက် ကစားခဲ့စဉ်အတွင်း ၂၇ ပွဲတွင် ၈ ဂိုးသွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။
မေလတုန်းက တရားရုံးတွင် တစ်ရက်တာ စစ်ဆေးမှုခံယူစဉ်တုန်းက ရာဖာမာက အမျိုးသမီး ၂ ဦးတို့က ၎င်းတို့နှင့် လိင်ဆက်ဆံရန် သဘောတူညီခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
ရာဖာမာဟာ ဗလင်စီယာတွင် အငှားဖြင့် သွားကစားနေစဉ် အထက်ပါအမှုအား ကျူးလွန်ခဲ့တာ ဖြစ်ပြီး ဂျာရာမှာလည်း ဒုတိယတန်းကလပ် အယ်ဘာစီတီမှာ ကစားနေတဲ့သူ ဖြစ်ပါတယ်။
စပိန်ယူ-၂၁ နှင့် ယူ-၂၃ အသင်းတို့တွင် ကစားခွင့်ရခဲ့တဲ့ ရာဖာမာဟာ လက်စ်ပါးမက်စ်၊ ဟူစကာတို့တွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

image