ဘယ်ဂျီယံနည်းပြသစ်အဖြစ် နယ်သာလန်စတားဟောင်းဗန်ဘွမ်းမဲလ် ခန့်အပ်ခြင်းခံလာရ
====================

ဘယ်ဂျီယံဟာ နယ်သာလန်အသင်းခေါင်းဆောင်ဟောင်းမာ့ခ်ဗန်ဘွမ်းမဲလ်ကို ယူရို ၂၀၂၈ ပြိုင်ပွဲအထိ နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၄၉ နှစ်ရှိ ဗန်ဘွမ်းမဲလ်ဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ချန်ပီယံစပိန်ကို ရှုံးနိမ့်ကာ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်သွားတဲ့ ပြင်သစ်နည်ပြရူဒီဂါစီယာရဲ့ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံလာရတာ ဖြစ်ပါတယ်။
ဗန်ဘွမ်းမဲလ်ဟာ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဘယ်ဂျီယံနည်းပြအဖြစ် တရားဝင်တာဝန်ထမ်းဆောင်လာပါမယ်။
ဘယ်ဂျီယံဟာ ဗန်ဘွမ်းမဲလ်ရဲ့ လက်ထောက်နည်းပြများအဖြစ်လည်း ဘူဒီဝင်းဇင်ဒန်း၊ မာတင်မာတင်နှင့် ရေနီယာရော့ဘီမွန့်ကိုလည်း ခန့်အပ်သွားပါတယ်။
ဗန်ဘွမ်းမဲလ်ဟာ ဘယ်ဂျီယံအား ပထမဆုံးပွဲစဉ်များအဖြစ် စက်တင်ဘာလ၊ အောက်တိုဘာလအတွင်း အီတလီ၊ ပြင်သစ်၊ တူရကီတို့နှင့် ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်များအား ကြီးကြပ်လာပါမယ်။
ဗန်ဘွမ်းမဲလ်ဟာ ကစားသမားဘဝတုန်းက နယ်သာလန်အတွက် ၇၉ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ဖူးပါတယ်။
သူဟာ ကစားသမားဘဝတုန်းက ပီအက်စ်ဗွီ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်တို့တွင် ကျင်လည်ခဲ့ဖူးပြီး ဆုဖလားများစွာ ရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် နယ်သာလန်ယူ-၁၇ အသင်းတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ကာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် ဆော်ဒီအသင်းနှင့် ဩစတြေးလျအသင်းတို့တွင်လည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်တွင် ပီအက်စ်ဗွီနှင့် ဝုဖ်ဘတ်တို့အား ကိုင်တွယ်ခဲ့သလို ဘယ်ဂျီယံထိပ်သီး ရွိုင်ရယ်အန့်ဝတ်ကိုလည်း ကိုင်တွယ်ခဲ့ကာ ၆၆ နှစ်အတွင်း ပထမဆုံးအမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ခဲ့ဖူးပါတယ်။

image