ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ရေးနှင့် UNDP Myanmar က ပေးအပ်မည့် Grant များ လျှောက်ထားခြင်းဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲ သုံးခု ကို ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ဇူလိုင်လအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြိုအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအစီအစဉ်များအနေဖြင့် Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ပေးခြင်း၊ လျှောက်ထားရန် လိုအပ်ချက်များနှင့် လျှောက်ထားပုံ အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ဆွေးနွေးပွဲအပြီးတွင်လည်း Grant လျှောက်လွှာများ ရေးသားရာ၌ လိုအပ်သည့် လမ်းညွှန်ချက်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး၊ တက်ရောက်လာသူများ သိရှိလိုသည့် မေးခွန်းများကိုလည်း သင်တန်းပို့ချသူ နည်းပြဆရာ၊ ဆရာမများက တိုက်ရိုက်ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ တက်ရောက်လျှောက်ထားရန်အတွက် ညောင်ရွှေ၊ ကလောနှင့် တောင်ကြီးမြို့နယ်များအတွင်း တည်ရှိသည့် SME လုပ်ငန်းများ ဖြစ်ရမည်ဖြစ်ပြီး၊ ငလျင်မတိုင်မီက အသေးစားလုပ်ငန်း (Micro-enterprises) မဖြစ်ရဘဲ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထို့ပြင် အကျုံးဝင်သည့် လုပ်ငန်းသတ်မှတ်ချက်များအနေဖြင့် လုပ်ငန်းလည်ပတ်မှုသက်တမ်း အနည်းဆုံး (၁၂) လ ရှိပြီး ဝန်ထမ်းအင်အား အနည်းဆုံး (၅) ဦး ရှိခဲ့ဖူးသူ ဖြစ်ရမည်ဖြစ်သည်။
ငွေကြေးပမာဏအနေဖြင့် နှစ်စဉ် လုပ်ငန်းဝင်ငွေ ကျပ်သိန်း (၂၀၀) မှ သိန်း (၈၀၀) ကြား ရှိရမည့်အပြင်၊ လုပ်ငန်းမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သိန်း (၂၀၀) ရှိရမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မှတ်ပုံတင်ထားသော လုပ်ငန်းများအတွက် DICA၊ SME သို့မဟုတ် စည်ပင်လုပ်ငန်းမှတ်ပုံတင် တစ်ခုခု ရှိထားရန် လိုအပ်ပြီး၊ မှတ်ပုံမတင်ထားရသေးပါက အခြားလုပ်ငန်းလည်ပတ်မှု အထောက်အထားများ ပြသနိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲများကို ဇူလိုင် ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ‌ညောင်ရွှေမြို့နယ်၊ ၂၃ ရက်နေ့တွင် ကလောမြို့နယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများ အနေဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်လက်များကို ELearning Portal for MSMES လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။

image

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား ၇၀၀၀ ကျော် ဝင်ရောက်ဖြေဆို

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ရက်မှစတင်၍ Placement Test အထူးအစီအစဉ်ကို ဆောင်ရွက် လျက်ရှိနေသည်။
ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး ဖြေဆိုခဲ့ကြသည်။
Placement test သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေး အရည်အချင်းစစ်ဆေးခြင်းကို ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

image

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊ ​နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၂၃၉) ဦး၊ ​နှလုံးရောဂါဆိုင် ရာလူနာ (၂၂၄)ဦး၊​ဦးနှောက်နှင့်အာရုံ ကြော (ဆေးကု/ခွဲစိတ်) လူနာ (၂၃၄) ဦး
​အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါလူနာ (၂၀၁) ဦး၊ ​ဆီးချိုနှင့် ဟော် မုန်းရောဂါလူနာ (၁၉၂) ဦး၊​ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာလူနာ (၁၁၅) ဦး၊​ရင်ခေါင်း၊ ကင်ဆာနှင့် အခြားရောဂါလူနာ (၆၅) ဦးတို့ကို စမ်းသပ်ကုသပေးခဲ့ကြောင်းသိရသည်။
ထိုအပြင်​ဆေးကုသပေးရုံသာမက တိကျ သော ရောဂါရှာဖွေမှုများရရှိစေရန် ခေတ် မီစက်ကိရိယာများဖြင့်ပါ တစ်ပါတည်း စစ်ဆေးပေးခဲ့ပြီး ​အထူးအစီအစဉ်အနေ ဖြင့် နားဝေဒနာရှင် (၃၃) ဦးကိုလည်း နားကြားကိရိယာများ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
​ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းစေရန်နှင့် ရောဂါများကို အချိန်မီစောစီးစွာ သိရှိကုသနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ကွင်းဆင်းကုသမှုများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
​ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လူနာပေါင်း (၈၀၀) ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်များကို အခြားမြို့များသို့လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။
အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။
ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စကားပြန်မှတဆင့် ပြောကြားခဲ့သည်။ “ဘောလုံးဟာ ပျော်ရွှင်ကျေနပ်မှုတွေကို ဆောင်ကျဉ်းပေးမယ်၊ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံတွေကို ပိုမိုနီးကပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
အုပ်စု ဂျီတွင် နးဇီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်သည် အမေရိက-အီရန်စစ်ပွဲနှင့် မကြာသေးခင်ကမှ ကြေညာလိုက်သော ငြိမ်းရေးသဘောတူညီချက်ကို နောက်ခံထား၍ ကစားမည်ဖြစ်သကဲ့သို့ ကမ္ဘာ့ဖလားတွင် တစ်ကြိမ်တစ်ခါမှ မဆုံဖူးသေးသော နိုင်ငံနှစ်ခုကြား ယှဉ်ပြိုင်မှုတွင် စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းကို ထည့်သွင်းပေးလိမ့်မည်ဖြစ်သည်။
အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလကုန်ပိုင်းတွင် အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် အီရန်သည် ၎င်းတို့၏ ကမ္ဘာ့ဖလားအခြေစိုက်စခန်းကို အရီဇိုးနားရှိ အားကစားကွင်းမှ မက္ကဆီကိုသို့ ပြီးခဲ့သည့်လကုန်ပိုင်းတွင် ရွှေ့ပြောင်းခဲ့သည်။
အီရန်သည် ယခုအခါ ၎င်းတို့၏ အုပ်စုတွင်းသုံးပွဲ ပွဲစဉ်အသီးသီးအတွက် မက္ကဆီကိုမှ အမေရိကသို့ ခရီးသွားရမည်ဖြစ်ပြီး ၎င်းတို့ဘောလုံးအဖွဲ့ချုပ်မှ အဖွဲ့ဝင်အချို့ အမေရိကသို့ ခရီးသွားခွင့်နှင့် ဗီဇာငြင်းပယ်ခံခဲ့ရခြင်းသည် အသင်းအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့ကြောင်း နည်းပြ ဂါလီနိုအီက ပြောကြားခဲ့သည်။

image

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။
ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံ၊ နည်းပညာတော်လှန်ရေးနှင့် စက်မှုကဏ္ဍ အသွင်ကူးပြောင်းမှုလှိုင်းသစ်များ အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ ဉာဏ်ရည်တု (AI)၊ အာကာသနည်းပညာ၊ ဇီဝဆေးပညာနှင့် စွမ်းအင်သစ် ကဏ္ဍများတွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာလျက် ရှိသည်။
အစီရင်ခံစာတွင် ထောက်ပြထားသည်မှာ သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ အဆင့်မြင့် ကိုယ်ထူကိုယ်ထစနစ်နှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်စွမ်း ရရှိရန်၊ ထို့ပြင် ကုန်ထုတ်လုပ်မှုအခြေခံ နိုင်ငံကြီးတစ်ခုအဆင့်မှနေ၍ စမတ်နည်းပညာဖြင့်ထုတ်လုပ်နိုင်စွမ်းရှိသော နည်းပညာအင်အားကြီးနိုင်ငံ တစ်ခုအဖြစ် ကူးပြောင်းနိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် မျိုးဆက်သစ်လူငယ်ထု၏ တီထွင်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းများကို ဖော်ထုတ်အသုံးချရန် လိုအပ်သည်။
အာကာသကဏ္ဍတွင် လူငယ်သုတေသီ အမြောက်အမြားသည် အာကာသစခန်း တည်ဆောက်ရေးဆိုင်ရာ အဓိကစနစ်များကို သုတေသနပြုလုပ်ခြင်းနှင့် တီထွင်ဆန်းသစ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း အစီရင်ခံစာက ဆိုသည်။ အလားတူ ရေနက်ပိုင်းစူးစမ်းရှာဖွေရေးတွင်လည်း တရုတ်နိုင်ငံ၏ ဂျောက်လုံ အမည်ရှိ ရေနက်ပိုင်းမောင်းသူမဲ့ ရေငုပ်သင်္ဘော သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့တွင် လူငယ်နည်းပညာရှင်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
ဉာဏ်ရည်တု (AI) ကဏ္ဍ၌လည်း လူငယ်များ ဦးဆောင်သည့် စတင်ပျိုးထောင်စ ကုမ္ပဏီအဖွဲ့ အများအပြားသည် Algorithm များနှင့် AI မော်ဒယ်ကြီးများ တည်ဆောက်မှုအပိုင်းတွင် အောင်မြင်မှုစံချိန်သစ်များ ရရှိခဲ့ကြသည်။
နိုင်ငံတော်စာရင်းအင်းဗျူရို၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် နှစ်စဉ် သိပ္ပံနှင့် အင်ဂျင်နီယာဘွဲ့ရ လောင်းလျာပေါင်း ၃ သန်းကျော်ကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက် လူသားအရင်းအမြစ်အင်အားစုကို စဉ်ဆက်မပြတ် ခိုင်မာအောင် တည်ဆောက်နေသည်။
“ဒီလူငယ်တွေဟာ စက်မှုလုပ်ငန်းရဲ့ ရှေ့တန်းမျက်နှာစာမှာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ပြသခြင်းအားဖြင့် အင်ဂျင်နီယာအင်အားစုဆိုင်ရာ အကျိုးအမြတ် ကို လက်တွေ့ကျတဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကျိုးအမြတ်အဖြစ် ပြောင်းလဲပေးနေကြပြီး တရုတ်နိုင်ငံ ခေတ်မီတိုးတက်ရေးအတွက် အားကောင်းမောင်းသန် မောင်းနှင်အားတစ်ခု ဖြစ်လာနေပါတယ်” ဟု အစီရင်ခံစာတွင် ကောက်ချက်ချ ဖော်ပြထားသည်။

image

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်ဝန်ထမ်း(၆)ဦးကို ချီးမြှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား ယနေ့ ဇွန် ၁၅ ရက်ကချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း(၆)ဦးအား ပြည်ထောင်စုဝန် ကြီးကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေး အပ်ချီးမြှင့်ခဲ့သည်။
မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံး ပြုနေသောမီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ်(၅,၀၆၈,၈၀၀)ဆုံးရှုံးခဲ့ရကာ ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ်(၄ ဒသမ ၅ ဘီလီယံကျော်) နစ်နာဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် စက်ရုံပိုင်ရှင်အား မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားရှိပြီး လျော်ကြေး၊ နစ်နာကြေးများပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အ ညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဓာတ်အားပျောက် ဆုံးမှုကျဆင်းရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပ ပျောက်ရေးအတွက် ရုံးချုပ်၊ ခရိုင်၊ မြို့နယ်ရှောင်တ ခင်စစ်ဆေးရေးအဖွဲ့များ၊ AMI Control Center မှ မီ တာများကိုစောင့်ကြည့်ခြင်းတို့အား အရှိန်အဟုန်ဖြင့် စစ်ဆေးခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလအထိ ရှောင်တခင်စစ်ဆေးမှုများအရ လျော် ကြေး၊ ဒဏ်ကြေးနှင့် အစားထိုးတပ်ဆင်ခငွေကျပ် (၅ ဒသမ ၁)ဘီလီယံကျော်ပြန်လည်ရရှိခဲ့ပြီးဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုနှင့် မသမာမှုများကြောင့်ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရန် ကြိုး ပမ်းနေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မသမာမှုများရပ်တန့်ခြင်း၊ တွေ့ရှိပါက သတင်းပေးတိုင်ကြားခြင်းနှင့် လေလွင့်မှုမရှိအောင် စနစ်တကျသုံးစွဲခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။

image

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။
သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဦးနေလင်းထွန်းက သံဃာတစ်ပါးလျင် အလှူငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် သံဃာ(၁၁၁)ပါးအတွက် အလှူငွေကျပ်(၃,၃၃၀,၀၀၀)ကိုလှူဒါန်းခဲ့သည်။

image

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။
ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့် မိုးရွာသွန်းမှုဖြစ်နိုင်ခြေများ ကိုလည်း ခန့်မှန်းပေးထားကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် စုစုပေါင်းမိုးရေချိန်သည် 450 mm ထက်ကျော်လွန်နိုင်ပြီး မုတ္တမကွေ့အနီးရှိ မွန်နှင့် ကရင်ပြည်နယ်တို့တွင်လည်း မိုးအား အလွန်ကောင်းနေမည်ဖြစ်ပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ပုံမှန်ထက် မိုးပိုရွာနိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ခြေ ရှိကြောင်း အသိပေးထားသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး Cumulative Rainfall မြင့်မားလာနိုင်သဖြင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Floods) ၊ တောင်ကျစမ်းရေကျခြင်းနှင့် တောင်တန်းဒေသများတွင် မြေပြိုခြင်းဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ကြောင်းလည်း သတိပြုရန် အသိပေးထားသည်။

image

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။
ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီမံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။
ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပြည်သူအားလုံးယုံကြည်ရသည့် ဝန်ထမ်းအဖြစ် ကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက် တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှချီးမြှင့်သည့် စီမံထူးချွန်(ဒုတိယအဆင့်)ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် သင် တန်းသားစံပြဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇော်ထက်အောင်၊ ဒေါ်စုသက်တင်နှင့် ဌာနခွဲစာရေးဦးအောင်သူထွေးတို့အား ပြည်ထောင်စုဝန်ကြီးက တစ်ဆင့်မြင့်ရာထူးများဖြစ်သည့် ဒု-လူဝင်မှု ကြီးကြပ်ရေးမှူးနှင့် ရုံးအုပ်ရာထူးအဆင့်များကိုအပ်နှင်းတပ်ဆင်ပေးပြီး အမိန့်စာ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို

မကြာမီ တွေ့ဆုံကြတော့မည့်ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ လတ်တလော နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုများ
ယခု ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီကာလအတွင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ၊ အိမ်နီးနားချင်းများနှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် သံတမန်ရေးရာ တွေ့ဆုံမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ၏ သံတမန်ရေးရာ လှုပ်ရှားမှုများ
အိန္ဒိယနိုင်ငံ ခရီးစဉ်
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက် ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်တွင် သွားရောက်ခဲ့ပြီး အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ဇွန် ၈ ရက်က ဂါ ရဝပြုတွေ့ဆုံမှုကိုလည်း လက်ခံတွေ့ဆုံခဲ့သည်။
လာအိုဒု-ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံခြင်း
ဇွန်လ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane အား လက်ခံတွေ့ဆုံခဲ့သည်။လာအိုသို့ ဖိတ်သည့် ဖိတ်ကြားစာပါ တပါတည်းယူလာခဲ့သည်။
တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ သံတမန်ရေးရာ လှုပ်ရှားမှုများ
အမေရိကန်သမ္မတနှင့်
တွေ့ဆုံခြင်း
မေလ ၁၄ ရက် နံနက်ပိုင်းကလည်း တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ် ရောက်ရှိလာသည့် အမေရိကန်သမ္မတ မစ္စတာဒေါ်နယ်ထရမ့် (Mr. Donald Trump) နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့သည်။
ရုရှားသမ္မတနှင့် တွေ့ဆုံခြင်း
မေလ ၂၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည့် ရုရှားနိုင်ငံသမ္မတ မစ္စတာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြောက်ကိုရီးယားခရီးစဉ်
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ နိုင်ငံတော်အဆင့် ခရီးစဉ် သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့သည်။

image