နိုင်ငံတော်အစိုးရကထောက်ပံ့သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ဖလမ်းမြို့သို့ရောက်ရှိလာ

တည်ငြိမ်အေးချမ်းလာပြီဖြစ်သော ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နိုင်ငံတော်အစိုးရက မော် တော်ယာဥ်များဖြင့်ပေးပို့လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပေးပို့လျက်ရှိရာ ဇွန် ၁၇ ရက်ညပိုင်းကလည်း ကလေးမြို့မှတစ်ဆင့် မော်တော်ယာဥ်များဖြင့်သယ် ဆောင်လာသော ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သည် ဖလမ်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတွင် ဆန်အိတ်(၂၅)တန်၊ ဆီ(၃၇၁)ပုံး၊ သွပ်(၂,၁၅၀)ချပ် (၁၀) တန်၊ သံ(၉)ဖာ၊ ဝါရှာ(၁)ထုပ်၊ ဘိလပ်မြေ(၁၃၀) အိတ် (၆ ဒသမ ၅)တန်၊ ဆေးရုံသုံးပစ္စည်း(၁၀)တန်၊ ကျောင်း သုံးစာအုပ်(၃၈၂)ထုပ်(၁၅)တန်ပါဝင်ကြောင်း သိရသည်။

image

အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး
ကြိုတင်ပြင်ဆင်

ရန်ကုန်၌ အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။
ယခုနှစ်၌ အာဇာနည်နေ့အခမ်းအနားသည် (၇၉) နှစ်မြောက်
ကျရောက်မည် ဖြစ်သည်။
ပြင်ဆင်မှုများကို ဇွန် ၁၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမ္မာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြင်ဆင်နေမှု၊ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

image

သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်နေ

စက်ရုံပြီးစီးသွားပါက တစ်လလျှင် ကွန်ကရစ်ဇလီဖားတုံး ၆၂၄၀ ထုတ်လုပ်နိုင်မည်
သီပေါမြိုရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်မှုများဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါစက်ရုံပြီးစီးသွားပါက တစ်လလျှင် ကွန်ကရစ်ဇလီဖားတုံး ၆၂၄၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မန္တလေး-လားရှိုးလမ်းပိုင်း ပိုမိုတောင့်တင်းကြံ့ခိုင်စေရန် လိုအပ်သည့်နေရာများတွင် အစားထိုးဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရသည်။
စက်ရုံ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ဇလီဖား Mould နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရုံအတွင်း ရထားလမ်း ပြုပြင်ခြင်းလုပ်ငန်း၊ Traverser ကရိန်းပြုပြင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဖျော်စက် ပြုပြင်ခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းများကို ပိုဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က သွားရောက်ကြည့်ရှုခဲ့ကြောင်း လည်း သိရသည်။
ထိုနောက် နောင်ပိန်ဘူတာအနီး ရထားလမ်းကူးနေရာမှ RBE ရထားဖြင့် ရထားလမ်းကြံ့ခိုင်မှုအခြေအနေ၊ နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှု၊ တံတားကြီး၏ အောက်ခြေတိုင်များကို ခြံစည်းရိုးကာရံထားမှု၊ ဂုတ်ထိပ်ဘူတာအား သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုခဲ့ခြင်း လည်း ဖြစ်သည်။
ထိုပြင် ပြင်ဦးလွင်ဘူတာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု၊ ဘူတာအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်နှင့် အထပ်ခြောက်ထပ်ပါ အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့်မြေနေရာ၊ ပြင်ဦးလွင်ဘူတာနယ်မြေအတွင်းရှိ အလျား ၅၆၁ ပေ၊ အနံ ၃၀၈ ပေရှိ ရော်ဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် အလျား ၁၃၅ ပေ၊ အနံပေ ၂၀ ရှိ ပွဲကြည့်စင်တည်ဆောက်နေ ကြောင်းလည်း သိရသည်။

image

တရုတ်ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အလားအလာများစွာရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် မြန်မာ–တရုတ် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတက မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇွန် ၈ ရက်တွင် စတင်ခဲ့သည့် သံတမန်ဆက်ဆံရေးမှာ ယခုနှစ်တွင် (၇၆) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် China–Myanmar Economic Corridor (CMEC) စီမံကိန်းများအတွက် မဟာဗျူဟာမြောက် ဆက်သွယ်ချိတ်ဆက်ရာနေရာတစ်ခုဖြစ်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်တစ်ခုအဖြစ် အရေးပါသည့် အခန်းကဏ္ဍရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) လုပ်ငန်းများ၊ ရေနံသန့်စင်ထုတ်လုပ်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာ ရှိနေကြောင်းလည်း သမ္မတက ပြောကြားသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အဓိကရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်များ၊ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင်လည်း တရုတ်လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ငွေပေးချေမှုစနစ်များ ဖြေလျှော့ဆောင်ရွက်ထားပြီး ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လက်ခံဆောင်ရွက်ပေးနေကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကိုလည်း အပြည့်အဝ အသက်ဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သမ္မတက ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူစွမ်းအားအရင်းအမြစ်များကို တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာနှင့် ဈေးကွက်အင်အားတို့နှင့် ပေါင်းစပ်ကာ နှစ်နိုင်ငံအကျိုးတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

မီဒီယာဥပဒေသစ် မကြာမီ ရေးဆွဲမည်၊ မီဒီယာကောင်စီ၏ အကြံပြုချက်များ ရယူမည်ဟု ပြည်ထောင်စုဝန်ကြီးပြော
ရန်ကုန်၊ ဇွန် ၁၈

မကြာမီ မီဒီယာဥပဒေသစ် ရေးဆွဲသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားသည်။
ယမန်နေ့က ရန်ကုန်မြို့၌ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မီဒီယာဥပဒေသစ် ရေးဆွဲရေးလုပ်ငန်းစဉ်နှင့်အတူ မီဒီယာအလုပ်ရုံဆွေးနွေးပွဲများနှင့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် နည်းပညာခေတ်တွင် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ရရှိနိုင်ရေးနှင့် သတင်းတု၊ သတင်းမှားများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် မီဒီယာများမှ ဖော်ပြသည့် သတင်းအချက်အလက်များသည် အထောက်အထားခိုင်လုံပြီး ယုံကြည်စိတ်ချရသော ဖော်ပြချက်များ ဖြစ်ရန် လိုအပ်ကြောင်း၊ ပြန်ကြားရေးလုပ်ငန်းများကို သာမန်ရုံးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်၍ မရဘဲ မီဒီယာအဖွဲ့အစည်းများ၊ စာပေနှင့် အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

image

စစ်ကိုင်းတိုင်းလွှတ်တော်၌ စီးပွားရေး၊ကူးသန်းရောင်း ဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီဖွဲ့ စည်း

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့အား ဇွန် ၁၇ ရက်နံနက်ပိုင်းကကျင်းပပြီး စီးပွားရေး၊ကူးသန်းရောင်း ဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီဖွဲ့ စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးသက်ကိုကိုကျော်၊ အတွင်းရေးမှူး(၁)အဖြစ် ကသာမြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁)ဒေါ်အေးအေးသန့်၊ အတွင်းရေးမှူး(၂)အဖြစ် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစိုင်းစံလှစိုးတို့အပါအဝင် (၁၁)ဦးဖြင့်ဖွဲ့ စည်းခဲ့ကာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း လွှတ်တော်ကသဘောတူအ တည်ပြုခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့်ဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။

image

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းရေးနှင့် CMP လုပ်ငန်းများသို့ ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် (၁,၁၃၈,၀၁၈.၇၈) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇၀,၈၀၆.၉၃ ကို CMP ကုမ္ပဏီများထံသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဇွန် ၁၇ ရက်က ပြုလုပ်သည့် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအခြေအနေအရ အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ခဲ့သည်။
ထို့နောက် စက်မှုကုန်ကြမ်းက ၁၃ ရာခိုင်နှုန်း၊ စားသုံးဆီနှင့် ဆေးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်းများက ၉ ရာခိုင်နှုန်းစီ၊ စက်သုံးဆီက ၈ ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းများက ၇ ရာခိုင်နှုန်း အသီးသီးပါဝင်ခဲ့ကြသည်။
ထို့အပြင် စားသုံးကုန်စည်၊ ထုတ်ပိုးမှုပစ္စည်းများ၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စက္ကူတို့က ၄ ရာခိုင်နှုန်းစီ ပါဝင်ခဲ့ပြီး တိရစ္ဆာန်အစာက ၃ ရာခိုင်နှုန်း၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာတို့က ၂ ရာခိုင်နှုန်းစီ ပါဝင်ခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် ကုန်စည်ကဏ္ဍများသို့ နိုင်ငံခြားငွေ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် FX Trading အစီအစဉ်များမှတစ်ဆင့် နိုင်ငံခြားငွေများ ခွဲဝေချထားပေးလျက်ရှိကြောင်း သိရသည်။

image

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်မှ တိုက်စစ်ကစားသမား Maria Lourdes Layacan အား တရားဝင်ခေါ်ယူ

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်နိုင်ငံကလပ်အသင်း Stallion Laguna FC မှ တိုက်စစ်ကစားသမား Maria Lourdes Layacan အား တရားဝင် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်(၁၈) ရက်တွင် အသင်းက ထုတ်ပြန်အသိပေးထားသည်။
ကွင်းအတွင်း အရှိန်အဟုန်ပြင်းစွာ ဆွဲပြေးကစားနိုင်စွမ်းရှိသောကြောင့် "Pocket Rocket" ဟု နာမည်တွင်သူ Maria သည် တိုက်စစ်ပိုင်းနှင့် တောင်ပံနေရာများတွင် ထူးချွန်စွာ ကစားနိုင်စွမ်းရှိသူဖြစ်သည်ဟု အသင်းက ဆိုသည်။
Stallion Laguna FC အသင်းနှင့်အတူ အာရှအဆင့် ကလပ်အသင်းပြိုင်ပွဲဖြစ်သော AFC Women's Champions League (2026) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် အတွေ့အကြုံရှိသော ကစားသမားတစ်ဦးလည်း ဖြစ်သည်။
Maria ၏ ကစားသမားဘဝ အောင်မြင်မှုမှတ်တမ်းများတွင် ဖိလစ်ပိုင်ပြည်တွင်းပြိုင်ပွဲများဖြစ်သော Ang Liga (2026) ပြိုင်ပွဲ၌ ချန်ပီယံဆု၊ PFF Women's League (2025) တွင် 3rd Runner-Up ဆုများ ရရှိခဲ့သည့်အပြင်၊ De La Salle University (DLSU) အသင်းနှင့်အတူ UAAP ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ (၄) ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၃ ရာသီများအတွက် သွင်းဂိုးအများဆုံးဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ကြောင်း အသိပေးထားသည်။

image

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးပရဝဏ်အတွင်း ဝင်ရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေသည့် အဝတ်အစားများ ဝတ်ဆင်လာကြရန် မြန်မာသံရုံး (စင်ကာပူ) က အသိပေးနှိုးဆော်ထားသည်။
သံရုံး၏ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်စွဲပါ အသိပေးချက်အရ အမြင်မသင့်တော်သည့် အဝတ်အစားများဖြစ်သော အင်္ကျီလည်ဟိုက်၊ စွပ်ကျယ်၊ ဘောင်းဘီအတို၊ ဘောင်းဘီအပြဲနှင့် စကတ်အတိုများ ဝတ်ဆင်၍ လာရောက်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။
သံရုံးသို့ လာရောက်ဆောင်ရွက်ကြသူများအနေဖြင့် သတ်မှတ်ထားသည့် ဝတ်စားဆင်ယင်မှု စည်းကမ်းများကို လိုက်နာကြခြင်းဖြင့် လုပ်ငန်းစဉ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
မြန်မာသံရုံး (စင်ကာပူ) သည် နိုင်ငံကူးလက်မှတ်ဆိုင်ရာနှင့် အခြားကောင်စစ်ရေးဝန်ဆောင်မှုများ လာရောက်ရယူကြသူများအား သင့်တော်သော ဝတ်စားဆင်ယင်မှုဖြင့် လာရောက်ကြရန် ထပ်မံနှိုးဆော်ထားသည်။

image

မြန်မာ့အာကာသကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ကြိုဆို

မြန်မာနိုင်ငံ၏ အာကာသသိပ္ပံနှင့် အာကာသစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ကျွမ်းကျင်ပညာရှင် လေ့ကျင့်မွေးထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်အာကာသနည်းပညာကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲသုတေသနဓာတ်ခွဲခန်းများ တည်ထောင်ရေး၊ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလေ့ကျင့်ပျိုးထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်က ၎င်းတို့ကုမ္ပဏီအနေဖြင့် ဂြိုဟ်တုထုတ်လုပ်ရေးနှင့် ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်း လည်ပတ်ထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့အသုံးချသင်တန်းများကို ပံ့ပိုးပေးရန် အသင့်ရှိကြောင်းနှင့် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အာကာသနည်းပညာ ကျွမ်းကျင်ပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မိမိအနေဖြင့် အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးစိတ်ဝင်စားကြောင်း၊ တရုတ်နိုင်ငံခရီးစဉ်အတွင်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများ၊ သုတေသနအဆောက်အအုံများကို သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့် အာကာသနည်းပညာများအပေါ် ယုံကြည်မှုရှိပြီး နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကဏ္ဍအားလုံးတွင် ပူးပေါင်းကူညီဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် နည်းပညာလွှဲပြောင်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် သင်တန်းပေးရေးဆိုင်ရာ အသေးစိတ်အစီအစဉ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးနိုင်ရန် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image