ဘုန်းမောက်ပွဲတွင် ဟာလန်း ပါဝင်လာရန် မသေချာကြောင်း ဂွါဒီယိုလာဖွင့်ဟလာ
==================
ပက်ဂွါဒီယိုလာက အာလင်းဟာလန်းမှာ ဒဏ်ရာကြောင့် ဘုန်းမောက်နှင့် ရင်ဆိုင်ကစားရမယ့် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မသေချာကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၂၄ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ ကြားရက်တုန်းက ဆွမ်စီးကို ၃-၁ ဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားပွဲစဉ်ကို လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ တနင်္ဂနွေနေ့တွင် အီတီဟတ်ကွင်းမှာ ဘုန်းမောက်အား ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဗီလာကို အရေးနိမ့်တဲ့ပွဲစဉ်တွင် အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ပွဲနှောင်းပိုင်းတွင် ဂိုးသွင်းစဉ် ဂိုးတိုင်နှင့် ပေါင်ခြံထိမိပြီး စိုးရိမ်စရာအခြေအနေ ကြုံတွေ့ခဲ့ပါတယ်။ သူဟာ ယင်းဖြစ်စဉ်တွင် ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံနေမှုနှင့်အတူ ဒဏ်ရာရရှိခဲ့ခြင်းသာ အဖတ်တင်ခဲ့တာပါ။
အာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် ၁၂ ပွဲကစားထားရာတွင် ၁၅ ဂိုးအထိ သွင်းထားနိုင်သူလည်း ဖြစ်ပါတယ်။
ဘုန်းမောက်နှင့်ပွဲတွင် ဟာလန်း ပါဝင်လာမလားလို့ မေးမြန်းလာချိန်တွင် ဂွါဒီယိုလာက "မသိသေးပါဘူး(ကစားနိုင်မလား)။ ကစားနိုင်ဖို့တော့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
ကြားရက်တုန်းက ဆွမ်စီးနှင့်ပွဲတွင် ဟာလန်း မပါဝင်နိုင်ချိန်မှာ မန်စီးတီးတိုက်စစ်ကို အိုမာမာမွတ်ရှ်က ဦးဆောင်သွားခဲ့ပြီး ယခုရာသီ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။