ဥရောပက စစ်ပွဲစတင်လာရင် အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်ပြော
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ညှိနှိုင်းရေးမှူးတို့အကြား ငါးနာရီကြာ ဆွေးနွေးမှုအတွင်း သဘောတူညီချက် ရရှိခဲ့ခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရင်မလင်ပြောရေးဆိုခွင့်ရှိသူက မော်စကိုအစည်းအဝေးဟာ အပြုသဘောဆောင်ပေမယ့် ငြိမ်းချမ်း အစီအစဉ်ရဲ့ အစိတ်အပိုင်းအချို့ကို ရုရှားအတွက် လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အဓိကအားဖြင့် နယ်မြေပိုင်ဆိုင်မှု ပြဿနာတွေမှာလို့ ဆိုပါတယ်။
ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ သားမက် ဂျရက်ကူရှ်နာတို့ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ သံတမန်ရေးဆွေးနွေးပွဲတွေအပြီးမှာ သမ္မတပူတင်နဲ့ ဆွေးနွေးခဲ့တာပါ။ လက်ရှိဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဘက်က မှတ်ချက်မပေးသေးပါဘူး။
အင်္ဂါနေ့အစောပိုင်းတွင် ပူတင်က အမေရိကန်ပြည်ထောင်စု ထောက်ခံတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအပေါ် ယူကရိန်ူနဲ့ ဥရောပမှ အဆိုပြုထားတဲ့ ပြောင်းလဲမှုတွေက လက်မခံနိုင်စရာဖြစ်တယ်လို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့ပြီး ဥရောပကို တိုက်ခိုက်လိုခြင်းမရှိပေမယ့် ဥရောပအနေနဲ့ စစ်ပွဲထဲကို ဝင်ရောက်ပြီး စစ်ပွဲတခုစတင်လိုပါက ရုရှားအနေနဲ့ အသင့်ဖြစ်နေပြီ လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ဥရောပမဟာမိတ်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်းကို ပြင်ဆင်ဖို့ အမေရိကန်ပြည်ထောင်စုကို စည်းရုံနေကြပြီး အိမ်ဖြူတော်ကလည်း အမြန်သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းခဲ့ပြီး ရုရှားကတော့ လက်မခံဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလအတွင်း ပေါက်ကြားလာခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းမှာတော့ ရုရှားအတွက် အလေးသာတဲ့ အချက်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခဲ့ရပေမယ့် ဒီအစီအစဉ်ဟာ မကြာသေးမီရက်သတ္တပတ်များအတွင်း အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါတယ်။
မော်စကိုအစည်းအဝေးအပြီး အဆိုပြုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပူတင်ရဲ့ အကြီးတန်းလက်ထောက် ယူရီ ယူရှာကော့ဗ်က " ကရင်မလင်အနေနဲ့ အချက်အချို့ကို သဘောတူညီခဲ့ပေမယ့် အချို့အချက်တွေကို ဝေဖန်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ညှိနှိုင်းမှုပုံစံကို မပြုလုပ်ရသေးဘဲ ရှေ့ဆက်လုပ်ဆောင်ရမယ့် ဆွေးနွေးမှုများစွာ ရှိနေသေးတယ် " လို့ဆိုပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပိုင်ဆိုင်ခွင့်ပေးရေးနဲ့ ယူကရိန်းကလည်း ဥရောပမှ ပေးအပ်တဲ့ လုံခြုံရေးအာမခံချက်တွေ ရယူရေးအပါအဝင် နှစ်ဖက်အကြား အဓိက သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။