အာဖရိကဖလားဆွတ်ခူးခဲ့တဲ့ မာနေးဟာ ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်ကာ Al Nassr အသင်းသားများ ဂုဏ်ပြု
===================

ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ Al Nassr အသင်းသားများဟာ ဆီနီဂေါနှင့်အတူ အာဖရိကဖလားဆွတ်ခူးကာ ပြန်ရောက်လာတဲ့ ဆာဒေယိုမာနေးအား ကိတ်ခွဲပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
ဆီနီဂေါဟာ တနင်္ဂနွေနေ့တုန်းက ရာဘက်တွင် အိမ်ရှင်မော်ရိုကိုနှင့် အာဖရိကဖလားဗိုလ်လုပွဲတွင် အနိုင်ယူကာ ဒုတိယအကြိမ်မြောက် အာဖရိကဖလားဆွတ်ခူးခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ မာနေးဦးဆောင်တဲ့ ဆီနီဂေါဟာ အချိန်ပိုတွင် ပါပီဂူယီသွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရခဲ့တာပါ။
ယင်းပွဲတွင် ဆီနီ‌ဂေါနည်းပြပါပီသီယိုဟာ မော်ရိုကိုအသင်းဘက်သို့ ပင်နယ်တီပေးတဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့အနေဖြင့် အသင်းသားများအား အဝတ်အစားလဲခန်းသို့ ဝင်ခိုင်းခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးနှင့် ဘိုင်ယန်စတားဟောင်းမာနေးက ကစားဖော်များအား ဖျောင်းဖျကာ ၁၇ မိနစ်အကြာတွင် ကွင်းအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်။
မော်ရိုကိုတို့ ရရှိတဲ့ ပင်နယ်တီအား ရီးရဲလ်မက်ဒရစ်စတားဘရာဟမ်ဒီယာ့ဇ်ကန်ရာမှာ ဂိုးသမားအက်ဝတ်မန်ဒီ အလွယ်တကူ ကာကွယ်နိုင်ခဲ့ပါတယ်။
Al Nassr စတားဟာ သောကြာနေ့မှာတော့ ကလပ်အသင်းနှင့် ပြန်လည် ပူးပေါင်းလာခဲ့ပါတယ်။
သူ့ကို အသက် ၄၀ နှစ်ရှိ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်တဲ့ A l Nassr အသင်းသားများက ကိတ်ခွဲပြီး ကြိုဆိုခဲ့ကြပါတယ်။
ယင်းကိတ်တွင် မော်ရိုကိုတွင် မာနေး အာဖရိကဖလားကိုင်မြှောက်အောင်ပွဲခံတဲ့ ပုံပါဝင်သလို Congratulations Senegal champion. Congratulations Sadio ဆိုတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။
ဆီနီဂေါလက်ရွေးစင်ဟာ ကိတ်ကို တစ်ကိုက်ကိုက်လာချိန်တွင် Al Nassr ကစားဖော်များကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။
မာနေးကလည်း ကစားဖော်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

image

ယူနိုက်တက်နှင့် အာဆင်နယ်တို့ ပစ်မှတ်ထားလာတဲ့ ကိုးလ်ပါလ်မာမှာ ချဲလ်ဆီးတွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ရိုဆင်နီယာ ပြောကြားလာ
===================

ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက အိမ်လွမ်းနာကျနေတယ်လို့ သတင်းထွက်နေတဲ့ ကိုးလ်ပါလ်မာမှာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်အလယ်တန်းတိုက်စစ်သမားဟာ မန်ချက်စတာတွင် မွေးဖွားသူ ဖြစ်ပြီး မြောက်ပိုင်းတွင် နေထိုင်မှုအား သတိရတမ်းတနေကာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းခံလာရနေပါတယ်၊
ကိုးလ်ပါလ်မာဟာ ငယ်စဉ်တုန်းက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့်လည်း မန်စီးတီးအကယ်ဒမီထွက်တစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင် ၄၂.၅ သန်းဖြင့် ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက ၂ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး ချဲလ်ဆီးနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။
ရိုဆီနီယာက "ကိုးလ်နဲ့ စကားတွေ အများကြီး ပြောပြီးပြီ။ သူ့ကြည့်ရတာ ဒီမှာ အလွန့်အလွန် ပျော်နေပုံပါပဲ။ သူက ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းမှာ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ ကစားသမားတစ်ဦးပါ။ ကစားသမားတိုင်း ကစားသမားဘဝအတွင်း ဒဏ်ရာကြောင့် ခက်ခဲတဲ့ ကာလကို ဖြတ်ကျော်ရပါတယ်။ ဒါက သူ့အရည်အချင်းကို ညွန်းဆိုနေတာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ ယခုရာသီတွင် ပေါင်ခြံဒဏ်ရာကြောင့် စိတ်ပျက်စရာ ရာသီတစ်ခု ကြုံနေရသူ ဖြစ်ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်နှင့်ပွဲ ဒုတိယပိုင်းတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့အပတ် နိုင်ပွဲအပြီးတွင် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားမှုကြောင့် ချဲလ်ဆီးမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။
ပါလ်မာဟာ အသေးစားပေါင်ကြွက်သားဒဏ်ရာကြောင့် ကြားရက်တုန်းက Pafos အား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြရိုဆင်နီယာက ကိုးလ်ပါလ်မာရဲ့အခြေအနေအပေါ် မူတည်ကာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမယ့်ပွဲတွင် သုံး/မသုံး ဆုံးဖြတ်သွားမယ်လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ရိုဆင်နီယာက နံပါတ် ၂ ဂိုးသမားဖီးလစ်ဂျော်ဂျင်ဆင်မှာ ဒဏ်ရာကြောင့် လွဲချော်လာမှာ ဖြစ်ပေမယ့် လာမယ့်အပတ် ကြားရက် နာပိုလီနှင့်ပွဲတွင် ပါဝင်လာမှာ ဖြစ်ကြောင်းနှင့် ကွင်းလယ်ကစားသမားဒါရီယိုအက်စ်ဆူဂိုမှာ လေ့ကျင့်ရေးကွင်းတွင် လျှော်လဲပြီးနောက် တစ်လကျော်ကြာ အနားယူရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

image

ကာရစ်လက်ထက်တွင် နေရာပြန်ရကာ ခြေစွမ်းပြနေတဲ့ မိုင်နူးကို စာချုပ်သစ်ချုပ်ဆိုရေး ပြန်လည်စိတ်အားထက်သန်လာတဲ့ ယူနိုက်တက်
=================

ယူနိုက်တက်ဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက်တွင် ပွဲထွက်ကစားနေရာ ပြန်လည် ရရှိကာ ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်ကစားသမားကိုဘီမိုင်နူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး ပြန်လည် ဆွေးနွေးမှု ပြုလုပ်ရန် စိတ်အားထက်သန်နေပါတယ်။
မိုင်နူးဟာ ၂၀၂၇ ခုနှစ်တွင် ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့် အချက်ပါဝင်ပါတယ်။
ယူနိုက်တက်ဟာ မိုင်နူးအား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးခဲ့ဖူးပေမယ့် ဆွေးနွေးမှု ရပ်တန့်သွားခဲ့ပါတယ်။
တဖက်တွင် မိုင်နူးဟာ ယခင်နည်းပြရူဘင်အမိုရမ်လက်အောက်မှာတုန်းက နေရာပျောက်ဆုံးနေခဲ့မှုနှင့်အတူ အငှားဖြင့် ထွက်ခွာရေး စိတ်အားထက်သန်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ရူဘင်အမိုရမ်လက်ထက်တွင် ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှ ပွဲထွက်ခွင့်မရခဲ့ရာ ဇန်နဝါရီတွင် အငှားဖြင့် ထွက်ခွာမယ်လို့ ယူဆခဲ့ရပါတယ်။
ဒါပေမယ့် အမိုရမ် ထုတ်ပယ်ခံရပြီး ယာယီနည်းပြမိုက်ကယ်ကာရစ် ရောက်လာချိန်မှာတော့ ကိုဘီမိုင်နူးအတွက် အလှည့်အပြောင်း ဖြစ်လာပါတော့တယ်။
သူဟာ ယာယီနည်းပြဖလက်ချာလက်ထက် ဘရိုက်တန်ကို ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားတတိယအဆင့်ရှုံးပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့သလို ဖလက်ချာလက်ထက် မန်စီးတီးအား ၂-၀ ဖြင့် အနိုင်ရတဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ပွဲထွက်ကစားခွင့်ရရှိကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ယူနိုက်တက်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ မိုင်နူးဟာ ယူရို ၂၀၂၄ တုန်းက အင်္ဂလန်အသင်းအား ဗိုလ်လုပွဲသို့ တက်ရောက်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမိုရမ် ရောက်လာချိန်တွင် မိုင်နူးဟာ တန်ဖိုးထားခြင်း မခံရမှု၊ မမျှမတ ဆက်ဆံခံရမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်ဟာ ရာသီအကုန်တွင် ကက်စ်မီရို ထွက်ခွာလာမှာ ဖြစ်တာနှင့်အညီ မိုင်နူးအား အသင်းတွင် ကာလရှည်ထိန်းသိမ်းရေး လုပ်ခတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးရန် စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

image

အမျိုးသမီးဘောလုံးလောကရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာတဲ့ ရော့ဒ်မန်း
===================

အမေရိကန်တိုက်စစ်မှူးထရီနီတီရော့ဒ်မန်းဟာ Washington Spirit နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီးနောက် ကမ္ဘာ့ဘောလုံးလောကရဲ့ လုပ်ခအများဆုံးရ အမျိုးသမီးဘောလုံးမယ်ဖြစ်လာကြောင်း အေးဂျင့်က ပြောဆိုလာပါတယ်။
အသက် ၂၃ နှစ်ရှိ ရော့ဒ်မန်းဟာ NBA စတားဟောင်းဒင်းနစ်ရော့ဒ်မန်းရဲ့ သမီးဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တုန်းက Washington Spirit နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် သူမဟာ ယခုအခါ Washington Spirit နှင့်ပင် သုံးနှစ်စာချုပ်သစ်ချုပ်ဆိုလာခဲ့ပါတယ်။
သူမဟာ စာချုပ်သစ်ကြောင့် တစ်နှစ်လုပ်ခ ဒေါ်လာ ၂ သန်း(ပေါင် ၁.၄၈ သန်း)အထိ အပြင် အပိုဆုကြေးများ ရရှိလာမှာ ဖြစ်ပါတယ်။
သူမရဲ့အေးဂျင့်မိုက်ဆန်ကောစကီးက "အရမ်းအံ့ဩစရာကောင်းတဲ့ ခံစားချက်ပါ။ အခုက အလှည့်အပြောင်းကာလပါ။ ဘယ်လို ခံစားရတယ်ဆိုတာ ပြောမပြတတ်ဘူး"လို့ ပြောကြားသွားပါတယ်။
ရော့ဒ်မန်းမတိုင်မီ ယခင်တုန်းက အမျိုးသမီးဘောလုံးလောကတွင် လုပ်ခအများဆုံး ရရှိတဲ့သူအဖြစ် Ballon d'Or သုံးကြိမ်ဆက်ရှင် ဘာစီလိုနာအလယ်တန်းကစားသမားအေနီတာဘွန်မာတီက ရပ်တည်ခဲ့တာပါ။
၂၀၂၅ ခုနှစ်တုန်းက National Women's Soccer League (NWSL) ဟာ တစ်သင်းလျှင် လုပ်ခအသုံးစရိတ် ဒေါ်လာ ၃.၅ သန်း(ပေါင် ၂.၆ သန်း)သာ အသုံးပြုခဲပါတယ်။
ဒါပေမယ့် ဒီဇင်ဘာလတုန်းက NWSL ဘုတ်အဖွဲ့ဟာ ထိပ်တန်းကစားသမားတစ်ဦးအတွက် ကန့်သတ်ငွေ ပိုသုံးခွင့်ပေးလာမှုကာ နောက်ထပ် ဒေါ်လာ ၁ သန်းအထိ အသုံးပြုခွင့်တိုးပေးခဲ့ပါတယ်။
ယင်းအချက်ကြောင့် ရော့ဒ်မန်းမှာ လုပ်ခများစွာ ရရှိလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရော့ဒ်မန်းဟာ ၂၀၂၁ ခုနှစ်တုန်းက သူမရဲ့ ပထမဆုံးရာသီတွင် Washington Spirit အား NWSL Championship ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီခဲ့ပြီး NWSL Rookie Of The Year ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူမဟာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရပြီးနောက် ၄၇ ပွဲကစားထားရာမှာ ၁၁ ဂိုးသွင်းထားပါတယ်။
သူမဟာ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်တွင် ၃ ဂိုးသွင်းကာ အမေရိကန်အသင်းအား ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်အောင် ကူညီနိုင်ခဲ့ပါသေးတယ်။
ရော့ဒ်မန်းရဲ့ ဖခင် ဒင်းနစ်မှာ Detroit Pistons ၊ Chicago Bulls တို့တွင် ကစားစဉ်အတွင်း NBA Championships ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

ချစ်သူသစ်အား တရားဝင်ကြေညာပြီးနောက် ကလပ်သစ်သို့ ပြောင်းရွှေ့လာတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးဘောလုံးမယ်
=====================

အလီရှာလေမန်းဟာ လက်စတာသို့ ပြောင်းရွှေ့ကာ အင်္ဂလိပ်ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာပါတယ်။
အသက် ၂၇ နှစ်ရှိ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဗီလာမှ ထွက်ခွာကာ အီတလီဘောလုံးလောကတွင် ကျင်လည်ပြီးနောက် လက်စတာနှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
သူမဟာ ချစ်သူဟောင်းဒေါက်ကလပ်လူးဝစ်ဇ်နှင့်အတူ ဂျူဗင်တပ်သို့ အတူ ပြောင်းခဲ့ပေမယ့် ၂၀၂၄ ခုနှစ်တွင် ကိုမိုသို့ ပြောင်းကစားခဲ့ပါတယ်။
လေမန်းဟာ ယခင်တုန်းက အင်္ဂလိပ်ကလပ်များဖြစ်ကြတဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်တို့တွင်လည်း ကစားခဲ့သူ ဖြစ်ပါတယ်။
သူမဟာ ယခင်တုန်းက အမျိုးသမီးနှင့်လည်း ချစ်ကြိုက်ဖူးသလို နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမားဒေါက်ကလပ်လူးဝစ်ဇ်နှင့်လည်း နှစ်အတန်ကြာ ချစ်ကြိုက်ဖူးတာကြောင့် နှစ်ဖက်ချွန်လို့ သတ်မှတ်ခံထားသူ ဖြစ်ပါတယ်။
သူမဟာ လက်စတာသို့ ပြောင်းကြောင်း မကြေညာမီ ချစ်သူသစ် Love Island စတားဟောင်း မက်ကန်ဇီနှင့် တွဲနေပြီ ဖြစ်ကြောင်း အင်စတာဂရမ်တွင် တရားဝင်ကြေညာခဲ့ပါတယ်။
မက်ကန်ဇီဟာ ဗုဒ္ဓဟူးနေ့တုန်းက သူ့မွေးနေ့တွင် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်အဖြစ် သတ်မှတ်ခံထားရတဲ့ လေမန်းနှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို အင်စတာဂရမ်တွင် တင်လာတာလည်း ဖြစ်ပါတယ်။

image

ဖီနာဘာချီနိုင်ပွဲတွင် တီလီမန်းကို အော်ဟစ်ခဲ့တဲ့အပြင် ဒေါသတကြီးဆောင့်တွန်းခဲ့တဲ့ ဗီလာနည်းပြအမ်မရီ
=====================

အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာတို့ ဖီနာဘာချီအား အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းတွင် ယူရီတီလီမန်းအား ဒေါသတကြီး ဆောင့်တွန်းခဲ့ပါတယ်။
ဗီလာဟာ အစ္စတန်ဘူလ်တွင် ဖီနာဘာချီအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ရန် သေချာသွားခဲ့ပါတယ်။
ယင်းပွဲစဉ်ရဲ့ နှောင်းပိုင်းတွင် အမ်မရီဟာ တီလီမန်းအပါအဝင် ကစားသမား ၃ ဦးကို လူစားလဲခဲ့ပါတယ်။
တီလီမန်းကို ဆယ်ကျော်သက်ကစားသမားဂျော့ဟမ်မင်းနှင့် လူစားလဲခဲ့ပါတယ်။
အမ်မရီဟာ ကွင်းအတွင်းမှ ပြေးလွှားထွက်ခွာလာတဲ့ ဘယ်လ်ဂျီယံအလယ်တန်းကစားသမားကို ဒေါသတကြီးအော်ဟစ်ခဲ့သလို လက်ဖြင့် ဆောင့်တွန်းခဲ့ပါတယ်။
ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဘောလုံးပရိသတ်များက အမ်မရီမှာ အချိန်မဆွဲဘဲ ကွင်းမှ ပြေးလွှားထွက်ခွာလာခြင်းကြောင့် တီလီမန်းကို ဒေါသထွက်လေသလားလို့ မေးခွန်းထုတ်နေကြပါတယ်။
အမ်မရီကမူ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး "သူက ကျုပ်သားလိုပဲ"လို့ ဖြေကြားကာ ဘာပြဿနာမှ မရှိကြောင်း ဆိုသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ဗီလာဟာ ဆန်ချိုရဲ့ ၂၅ မိနစ် ခေါင်းတိုက်ဂိုးဖြင့် ဖီနာဘာချီအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ဗီလာဟာ တနင်္ဂနွေနေ့တွင် စိန့်ဂျိမ်းစ်ပါ့ခ်သို့ သွားရောက်ကာ နယူးကာဆယ်နှင့် အဝေးကွင်းပွဲကြပ်ကစားရပါမယ်။

image

နောက်ခံလူမစ်ကီဗန်ဒီဗန်ကို ကမ္ဘာ့စံချိန်တင်ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်လာတဲ့ စပါးစ်
===================

စပါးစ်ဟာ နောက်ခံလူမစ်ကီဗန်ဒီဗန်အား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်လာပါတယ်။
ဒတ်ချ်ဗဟိုနောက်ခံလူဟာ ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တစ်ခုသို့ ပြောင်းရွှေ့ရေး ကလပ်ကို ဖိအားပေးနေတယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဗန်ဒီဗန်ဟာ ၂၀၂၃ ခုနှစ်တုန်းက အန့်ပိုစတီကိုဂလူလက်အောက်တွင် စပါးစ်သို့ ပေါင် ၄၃ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပါတယ်။
ဝုဖ်ဘတ်နောက်ခံလူဟောင်းဟာ ဆိုးရွားတဲ့ ရာသီတစ်ခု ကြုံနေရတဲ့ စပါးစ်အသင်းတွင် ခြေစွမ်းပြနိုင်တဲ့ ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီအတွင်းတွင် မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပျက်နေမှုနှင့်အတူ မြောက်လန်ဒန်တွင် မပျော်မရွှင်ဖြစ်နေတယ်လို့ ယူဆရသူလည်း ဖြစ်ပါတယ်။
ဗန်ဒီဗန်ဟာ နိုဝင်ဘာလတုန်းက ချဲလ်ဆီးအား ရှုံးနိမ့်ပြီးနောက် နည်းပြသောမတ်စ်ဖရန့်အား လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့သလို ယခုလအစောပိုင်းတုန်းက ဘုန်းမောက်အား ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ပရိသတ်များနှ့င့် ပြဿနာတက်ခဲ့ပါသေးတယ်။
ယင်းအဖြစ်အပျက်များနှင့်အတူ သူ့အနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလများ ထွက်ပေါ်လာတာပါ။
ဒါပေမယ့် talkSPORT က စပါးစ်ဘက်ကမူ အသင်းရဲ့ အဓိကနောက်ခံလူအား ကမ္ဘာစံချိန်တင်နောက်ခံလူပြောင်းရွှေ့ကြေး ရရှိလာမှသာလျှင် ရောင်းချလာမှာ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဟယ်ရီမက်ဂွိုင်းယားရဲ့ လက်စတာမှ ယူနိုက်တက်သို့ ပေါင် ၈၅ သန်းဖြင့် အပြောင်းအရွှေ့က ကမ္ဘာ့ဘောလုံးလောကတွင် အမြင့်ဆုံးနောက်ခံလူ ပြောင်းရွှေ့ကြေးအဖြစ် ရပ်တည်နေပါတယ်။
မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့နောက်တွင် ဂျို့စ်ကိုဂဗာဒီယော်ရဲ့ ၂၀၂၃ ခုနှစ်တုန်းက မန်စီးတီးသို့ ပေါင် ၇၇ သန်းဖြင့် အပြောင်းအရွှေ့ကလည်းကောင်း၊ ဗာဂယ်ဗန်ဒိုက်ရဲ့ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးသို့ ပေါင် ၇၅ သန်းဖြင့် အပြောင်းအရွှေ့က လည်းကောင်း၊ ဝက်စ်လေဖိုဖာနာရဲ့ ၂၀၂၂ ခုနှစ်တုန်းက ချဲလ်ဆီးသို့ ပေါင် ၇၅ သန်းဖြင့် အပြောင်းအရွှေ့တို့ကလည်းအကောင်း ရပ်တည်နေပါတယ်။
ဒါပေမယ့် စပါးစ်ကမူ မစ်ကီဗန်ဒီဗန်အား လက်လွှတ်ရမည်ဆိုပါက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ရရှိမှသာလျှင် လက်လွှတ်လာပါမယ်။
စပါးစ်ဟာ ဗန်ဒီဗန်မှာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားမှုနှင့်အတူ ကစားသမားရဲ့အနာဂတ်အား အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် talkSPORT က ဗန်ဒီဗန်မှာ ပရီးမီးယားလိဂ်ကလပ်တစ်ခု (သို့မဟုတ်) ဥရောပထိပ်သီးကလပ်တစ်ခုသို့ ပြောင်းလိုနေကြောင်းလည်း ဆက်လက်ဖော်ပြသွားပါတယ်။
လီဗာပူးဟာ အသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်ရဲ့အနာဂတ်မရေမရာမှုအပြင် အီဘရာဟမ်ကိုနာတေးမှာ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်မှုတို့ကြောင့် ဗန်ဒီဗန်ရဲ့အခြေအနေအား အနီးကပ်စောင့်ကြည့်နေပါတယ်။
လီဗာပူးဟာ မာ့ခ်ဂူဟီအား ခေါ်ယူလိုခဲ့ပေမယ့်လည်း အင်္ဂလန်နောက်ခံလူမှာ မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

image

နာပိုလီတိုက်စစ်မှူးလူကာအား ခေါ်ယူရန် ဖောရက်စ် နီးစပ်နေ
===================

နော်တင်ဟမ်ဖောရက်စ်ဟာ နာပိုလီတိုက်စစ်မှူးလိုရန်ဇိုလူကာအား ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရတဲ့ ဖောရက်စ်ဟာ အီတလီလက်ရွေးစင်တိုက်စစ်မှူးအား နွေရာသီတွင် အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။
လူကာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အူဒီးနီးစ်မှ အငှားဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးဟာ နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းရေး အပြီးသတ်ရန်အတွက် အင်္ဂလန်သို့ ရောက်နေပြီလည်း ဖြစ်ပါတယ်။
ဖောရက်စ်နည်းပြရှောင်ဒိုက်ချီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂိုး ၂၀ သွင်းခဲ့တဲ့ တိုက်စစ်မှူးခရစ်ဝုဒ်မှာ မည်သည့်အချိန်တွင် ပြန်ကစားနိုင်မယ်ဆိုတာ မသိရသေးမှုနှင့်အတူ တိုက်စစ်မှူးအားဖြည့်ရန် လိုအပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
လူကာဟာ ပြီးခဲ့တဲ့ရာသီတုန်းက အူဒီးနီးစ်အတွက် ၁၄ ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့်လည်း စီးရီးအေချန်ပီယံနာပိုလီသို့ ပြောင်းလာချိန်တွင် ကွန်တီ လက်အောက်မှာ နေရာရရိရေး ရုန်းကန်နေရပါတယ်။
ဖောရက်စ်ဟာ ဝုဗ်တိုက်စစ်မှူးဂျော်ဂျင်စထရန်းလာဆင်ကို ခေါ်ယူရန် စိတ်ဝင်စားပေမယ့်လည်း ပေါင်သန်း ၄၀ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရတာပါ။ ၎င်းတို့ဟာ လူကာရဲ့ နာပိုလီကစားဖော် ဘယ်နောက်ခံလူမားသီးယပ်စ်အိုလီဗာကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါသေးတယ်။
ဖောရက်စ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ရမှတ် ၅ မှတ်ကွာဟနေပါတယ်။

image

ဆာဂျမ်ရက်ကလစ်ဖ်အား ပူးတွဲပိုင်ရှင်အဖြစ်မှ ဖယ်ရှားရေး ထောင်ပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များ ဆန္ဒပြလာမည်
======================

ယူနိုက်တက်ပရိသတ်များအဖွဲ့ The 1958 က လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖူလ်ဟမ်နှင့် အိမ်ကွင်းပွဲစဉ်မတိုင်မီ ပရိသတ် ၅၀၀၀ မှ ၆၀၀၀ အတွင်း စုရုံးဆန္ဒပြမှု ပြုလုပ်သွားမယ်လို့ ကြေညာလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးပွဲတွင် မန်စီးတီးအား ၂-၀ ဖြင့် အနိုင်ရကာ တာထွက်ကောင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့်လည်း ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့မှ စောစောစီးစီး ထွက်ခွာထားရမှုနှင့်အတူ ယခုရာသီ ဆုဖလားမျှော်လင့်ချက် မရှိတော့ပါဘူး။
ယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဆာဂျမ်ရက်ကလစ်ဖ် ပူးတွဲ ပိုင်ရှင်ဖြစ်လာကာ ကလပ်ရဲ့အားကစားရေးရာများကို ထိန်းချုပ် ဆုံးဖြတ်လာပြီးနောက်ပိုင်း ကလပ်သမိုင်းတွင် အဆိုးရွားဆုံးရာသီအဖြစ် အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ရသလို ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်း စပါးစ်ကို အရေးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရက်ကလစ်ဖ်လက်ထက် ပထမဆုံးခန့်အပ်တဲ့ နည်းပြဖြစ်တဲ့ ရူဘင်အမိုရမ်ကိုလည်း ဇန်နဝါရီလ ၅ ရက်နေ့တုန်းက ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကေ့စ်နှင့် လူသိရှင်ကြားပြဿနာတက်ပြီးနောက် ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်အဖွဲ့ဟာ ယခုရာသီ ပထမဆုံးပွဲဖြစ်တဲ့ အာဆင်နယ်နှင့်ပွဲတွင် ဆန္ဒပြရန် စီစဉ်ထားခဲ့ပေမယ့် ကလပ်ဘက်က ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း ၂၀၀ ကျော် အသုံးပြုလာပြီးနောက် ဖျက်သိမ်းခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာတော့ The 1958 အဖွဲ့ဟာ ဆာဂျမ်ရက်ကလစ်ဖ်အား ပူးတွဲပိုင်ရှင်အဖြစ်မှ ထွက်ခွာရေး ထောင်ပေါင်းများစွာသော ပရိသတ်များ စုရုံးကာ ဆန္ဒပြမှု ပြုလုပ်လာတော့မှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ယူနိုက်တက်ပရိသတ်များဟာ အသင်းပိုင်ရှင်ဂလေဇာမိသားစုအား အကြီးအကျယ် ဆန္ဒပြမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလတုန်းက ဆန္ဒပြပွဲမှာ အကြီးကျယ်ဆုံးဖြစ်ခဲ့ပြီး ပရိသတ်များရဲ့ ဆန္ဒပြမှုကြောင့် လီဗာပူးနှင့်ပွဲကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။
ယင်းနောက်ပိုင်းတွင် ယူနိုက်တက်ပရိသတ်များဟာ ၂၀၂၂ ခုနှစ်တုန်းက နော့ဝှစ်ချ်နှင့် လီဗာပူးပွဲမုတိင်မီတွင်လည်းကောင်း၊ ၂၀၂၄ ခုနှစ်က အာဆင်နယ်နှင့်ပွဲမတိုင်မီတွင်လည်းကောင်း၊ ပြီးခဲ့တဲ့နှစ်က ဗီလာနှင့်ပွဲမတိုင်မီတွင်လည်းကောင်း ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ပရိသတ်များဟာ ၂၀၂၃ ခုနှစ် ဖောရက်စ်နှင့်ပွဲနှင့် ပြီးခဲ့တဲ့နှစ် မန်စီးတီးပွဲအပြီးတွင်လည်း ပွဲပြီး ခရာမှုတ်ပြီးချိန်တွင် မပြန်ဘဲ ထိုင်သပိတ်မှောက်ခဲ့ကြပါသေးတယ်။

image

ကစားသမားဘဝမှ အနားယူပြီးနောက် စီးပွားရေးလောကသို့ ဝင်ရောက်လာတဲ့ ချဲလ်ဆီးစတားဟောင်းဟာဇက်
=====================

အေဒင်ဟာဇက်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ဝိုင်လောကသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံစတားဟောင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားတဲ့ ခုနှစ်နှစ်တာကာလအတွင်းတွင် အံ့မခန်းခြေစွမ်းကောင်းများစွာ ပြသခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ ဟာဇက်ဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပေါင်သန်း ၉၀ ဖြင့် ပြောင်းသွားခဲ့ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်မှာတော့ ဒဏ်ရာပြဿနာများစွာ ကြုံရကာ ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ စောစောစီးစီး အနားယူခဲ့ရပါတယ်။
ယခုအခါ ဟာဇက်ဟာ အီတလီဝိုင်သူဌေးဖေဘီယိုကော်ဒယ်လာနှင့် ပူးပေါင်းကာ ကိုယ်ပိုင်ဝိုင်ထုတ်လုပ်လာတော့မှာ ဖြစ်ပါတယ်။
၎င်းတို့ဟာ အီတလီထွက် စပျစ်ဖြင့် ဝိုင်ထုတ်လုပ်ကာ အီတလီတွင် ရောင်းချလာမှာ ဖြစ်သလို လာမယ့်လတွင် ဘယ်လ်ဂျီယံမှာလည်း ရောင်းချလာပါမယ်။
အသက် ၅၀ နှစ်ရှိ ကော်ဒယ်လာဟာ ဘယ်လ်ဂျီယံကလပ် ယူနီယံစိန့်ဂယ်လွိုက်စ်အပါအဝင် ကလပ်များတွင် အားကစားဒါရိုက်တာအဖြစ် အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ကော်ဒယ်လာရဲ့ ဝိုင်ကုမ္ပဏီဟာ ယခင်တုန်းက ရော်နယ်ဒင်ဟို၊ ဘူဖွန်အပါအဝင် စတားကစားသမားများနှင့် ပူးပေါင်းကာ ဝိုင်ထုတ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဟာဇက်ဟာ ၂၀၁၂ ခုနှစ်တွင် လိုင်လီမှ ပေါင် ၃၂ သန်းဖြင့် ရောက်လာပြီးနောက် ချဲလ်ဆီးအတွက် ၃၅၂ ပွဲကစားခဲ့ရာမှာ ဂိုး ၁၁၀ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

image