အစ္စဝှစ်ချ်နည်းပြသစ်အဖြစ် ဂယ်ရီအိုနေးလ် ခန့်အပ်ခြင်းခံရ
====================

အစ္စဝှစ်ချ်တောင်းဟာ ဝုဗ်နှင့်ဘုန်းမောက်နည်းပြဟောင်းဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၄၃ နှစ်ရှိ နည်းပြဟာ ယခုလအစောပိုင်းတုန်းက နည်းပြရာထူးမှ နုတ်ထွက်လာခဲ့တဲ့ ကီရန်မက်ကန်နာနေရာမှာ အစားထိုးခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
အိုနေးလ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပြင်သစ်လီဂူး ၁ ကလပ် စထရာဘော့အား ကိုင်တွယ်လာခဲ့ပေမဲ့လည်း ထွက်ခွာကာ အစ္စဝှစ်ချ်နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုလာခဲ့ပါတယ်။
သူဟာ ပြီးခဲ့ရာသီတုန်းက စထရာဘော့ကို လီဂူး ၁ တွင် အဆင့် ၈ နှင့် ကွန်ဖရင့်လိဂ်တွင် ဆီမီးဖိုင်နယ်သို့အထိ ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက အစ္စဝှစ်ချ်နည်းပြရာထူးအတွက် ယူနိုက်တက်နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားလည်း ရေပန်းစားခဲ့ပါသေးတယ်။
အိုနေးလ်ဟာ လက်ရှိ အစ္စဝှစ်ချ်အမှုဆောင်ချုပ်မတ်အက်ရှ်တွန်နှင့် ဘရစ္စတိုးစီးတီးတွင် ကစားသမားဘဝတုန်းက အတူကစားခဲ့သူ ဖြစ်ပါတယ်။
အစ္စဝှစ်ချ်ဟာ နည်းပြအိုနေးလ်အား လာမဲ့ရာသီ ပရီးမီးယားလိဂ်တွင် ရှင်သန်ရေး နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူအားဖြည့်ရေး ထောက်ပံ့ပေးသွားပါမယ်။

image

ပရိသတ် ၁၀၀၀၀၀ ဆန့် ကွင်းသစ်အတွက် လိုအပ်တဲ့ မြေနေရာ ဝယ်ယူလာနိုင်ပြီဖြစ်တဲ့ ယူနိုက်တက်
===========================

ယူနိုက်တက်ဟာ လက်ရှိ အသုံးပြုနေတဲ့ အိုးထရက်ဖို့ဒ်ကွင်းအနီး ပရိသတ် ၁၀၀၀၀၀ ဆန့် ကွင်းသစ် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ မြေနေရာအား ဝယ်ယူလာနိုင်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက ကွင်းသစ်စီမံကိန်းကို ကြေညာခဲ့တာ ဖြစ်ပြီး ယခုအခါ လိုအပ်တဲ့ မြေနေရာအား ဝယ်ယူလာနိုင်မှုနှင့်အတူ ကွင်းသစ်တည်ဆောက်ရေး ကြီးမားတဲ့ ခြေလှမ်းသစ်လှမ်းလာနိုင်ပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းနှင့် မီတာ ၃၅၀ ခန့် အကွာအဝေးရှိ စထရက်ဖို့ဒ်အနောက် ကားပါကင်အနီး ဝတ်ဖ်ဆိုက်ဝေး၊ ယူရိုပါဝေး၊ ဂျွန်ဂေးလ်ဘတ်ဝေးတို့အကြား တြိဂံပုံစံရှိ မြေ ၂၅ ဧကအား ဝယ်ယူလာနိုင်တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ကွင်းသစ်စီမံကိန်းအတွက် လိုအပ်တဲ့ အခြားမြေနေရာများကိုလည်း ဝယ်ယူရေး ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယင်းဧရိယာအတွင်းတွင် အိုးထရက်ဖို့ဒ်ကွင်းသစ်စီမံကိန်းအပြင် စီးပွားရေးဇုံ၊ လမ်းပန်းဆက်သွယ်ရေးဇုံတို့လည်း ပါဝင်ပါသေးတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းသစ်ကို ပေါင် ၂ ဘီလီယံဝန်းကျင်အကုန်အကျခံတည်ဆောက်လာမှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်အမီ အပြီးသတ်ရေး ရည်မှန်းထားပါတယ်။
ဒါပေမဲ့ ယင်းစီမံကိန်းမှာ ယင်းကာလတွင် ဖြစ်မြောက်လာရေး အတည်မပြုနိုင်သေးပေမဲ့ ယူနိုက်တက်ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကွင်းသစ်အဆင်သင့် ဖြစ်နေမယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းကို ၁၁၆ နှစ်ကြာ အသုံးပြုလာခဲ့တာ ဖြစ်ပြီး ကွင်းမှာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ခေါင်မိုးမိုးယိုခြင်းအပါအဝင် ပြဿနာများစွာ ရှိလာသလို အခြားခေတ်မီကွင်းများနှင့် နှိုင်းယှဉ်ပါက ခေတ်ဟောင်းကွင်းတစ်ကွင်းသို့ ဖြစ်နေပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိသတ်များ မျက်စိကျအောင် ဝတ်ဆင်လာတဲ့ အပြာမင်းသမီး
==================

ကမ္ဘာ့ဖလားပရိသတ်များဟာ ရင်ဘတ်တွင် လည်စည်းသာ စည်းပြီး ပွဲလာကြည့်တဲ့ အပြာမင်းသမီးတစ်ဦးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် အာရံမစိုက်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။
ရိုက်စ်ဆာဘယ်လ်လီနီဟာ မိုင်ယာမီသို့ လာရောက်ကာ ဥရုဂွေးနှင့် ကိတ်ဗာဒီတို့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်အား လာရောက်ကြည့်ရှုခဲ့ပါတယ်။
အသက် ၃၇ နှစ်ရှိ အီတလီသူဟာ ကွင်းသို့ လာချိန်တွင် ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကြောင့် အားလုံးရဲ့ မျက်စိကျခြင်းခံခဲ့ရပါတယ်။
သူမဟာ အပေါ်ပိုင်းတွင် ရင်သားကို လည်စည်းဖြင့် စည်းထားပြီး ဂျင်းဘောင်းဘီတို ဝတ်ဆင်ထားပါတယ်။
သူမဟာ ကွင်းအတွင်းတွင် ပရိသတ်များနှင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးမှုလည်း ခံယူခဲ့ပါတယ်။
ယင်းဓာတ်ပုံများမှာ အွန်လိုင်းတွင် ပျံ့နှံ့နေပြီး ပရိသတ်အချို့တို့က ကွင်းအတွင်း ယင်းသို့ မလုံတလုံ ဝတ်စားခွင့်ပြုသင့်ခြင်း မရှိကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။
ပရိသတ်တစ်ဦးက "ဗြိတိန်မှာဆိုရင် ဒါမျိုးဝတ်လာရင်တော့ အဖမ်းခံရပြီပဲ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "ဘာကြောင့်များ ဒီလိုဝတ်ဆင်ခွင့်ပေးရတာလဲ"လို့ ဆိုသွားပါတယ်။
နောက်တစ်ဦးကလည်း "မိဘတွေက ကလေးတွေကိုပါ ပွဲသို့ ခေါ်လာတယ်လေ။ ဒီတော့ ကွင်းအတွင်း ကွင်းပြင် အဖော်အချွတ်ဝတ်တာမျိုး ပိတ်သင့်တယ်"လို့ ဆိုသွားပါတယ်။
ရိုက်စ်ဆာဟာ အပျော်စီးရွက်လှေတို့တွင် စားပွဲထိုးအဖြစ် ဆောင်ရွက်ခဲ့စဉ် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘီလျံနာများ၊ နာမည်ကျော်အနုပညာရှင်များ၊ အာဏာကြီးမားတဲ့ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရသူ ဖြစ်ပါတယ်။
နောက်ပိုင်းတွင် သူမဟာ အပြာရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပါတယ်။

image

မာရက်စ်ကာအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်လာပြီဖြစ်တဲ့ မန်စီးတီး
=======================

မန်စီးတီးဟာ ချဲလ်ဆီးနှင့် နစ်နာကြေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိလာပြီးနောက် အန်ဇိုမာရက်စ်ကာအား နည်းပြသစ်အဖြစ် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ရေး အနီးစပ်ဆုံးအနေအထားသို့ ရောက်လာပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီအကုန်တွင် အသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာသွားတဲ့ ပက်ဂွါဒီယိုလာရဲ့ နေရာတွင် အစားထိုးရေးလက်ထောက်နည်းပြမာရက်စ်အား ခန့်အပ်ရန် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးနှင့် ချဲလ်ဆီးတို့ဟာ အန်ဇိုမာရက်စ်ကာအတွက် နစ်နာကြေးနှင့်ပတ်သက်ပြီး ရက်သတ္တပတ်အတန်ကြာ ဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် ယခုအခါ ပေါင် ၁၀ သန်းဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိလာပြီလို့ ယုံကြည်ရပါတယ်။
မာရက်စ်ကာဟာ ယခုနှစ် နှစ်သစ်ကူးနေ့တွင် ချဲလ်ဆီးမှ ထွက်ခွာခဲ့ပေမဲ့လည်း ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။
မန်စီးတီးဟာ ဂွါဒီယိုလာရဲ့နေရာတွင် အစားထိုး ခန့်အပ်ရေး အန်ဇိုမာရက်စ်ကာတစ်ဦးတည်းကိုသာ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့တာပါ။
မာရက်စ်ကာဟာ လက်စတာနှင့် ချဲလ်ဆီးတို့အား မကိုင်တွယ်မီ မန်စီးတီးတွင် ဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပါတအယ်။

image

အက်သလက်တီကိုထံ အသင်းပြောင်းခွင့် တောင်းဆိုလာတဲ့ အယ်လ်ဗာရက်ဇ်
====================

အာဂျင်တီးနားတိုက်စစ်မှူးဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ အိပ်မက်များ ဖြစ်မြောက်လာစေရေး အက်သလက်တီကိုမက်ဒရစ်ထံသို့ အသင်းပြောင်းခွင့် တောင်းဆိုလာပါတယ်။
ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ အသက် ၂၆ နှစ်ရှိ အယ်လ်ဗာရက်ဇ်ဟာ ဇွန်လ အစောပိုင်းတုန်းက မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ယူရိုသန်း ၁၅၀ ဖြင့် ကမ်းလှမ်းခြင်းခံခဲ့ရပေမဲ့လည်း အက်သလက်တီကိုက ပယ်ချခဲ့ပါတယ်။
လက်ရှိအချိန်တွင် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အယ်လ်ဗာရက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အဖွင့်ပွဲ ၂ ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။
ဩစတြီးယားအား အနိင်ရတဲ့ပွဲအပြီးမှာတော့ အယ်လ်ဗာရက်ဇ်က "လူတွေနဲ့ (အက်သလက်တီကို) စကားပြောထားပါတယ်။ ပြောဖို့ လိုအပ်နေခဲ့တယ်။ အားလုံးအတွက် အကောင်းဆုံးက အပြောင်းအရွှေ့ ဖြစ်လာဖို့ပါ။ ကျွန်တော့်အိပ်မက်တွေ ဖြစ်လာစေချင်တယ်။ အခုက ဒီအကြောင်းပြောရမယ့် အချိန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဖုံးကွယ်မထားနိုင်ပါဘူး။ ရိုးသားတဲ့လူတစ်ယောက်ပဲ ဖြစ်ချင်တယ်"လို့ ပြောကြားသွားပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် မန်စီးတီးမှ ပေါင် ၈၁.၅ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီး အက်သလက်တီကိုအတွက် ၁၀၆ ပွဲကစားထားရာမှာ ၄၉ ဂိုးသွင်းကာ ၁၇ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ လာလီဂါပထမဆုံးရာသီတုန်းက ၁၇ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ၈ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ချန်ပီယံလိဂ်တွင် ၁၀ ဂိုးအထိ သွင်းကာ အက်သလက်တီကိုအား ဆီမီးဖိုင်နယ်သို့အထိ တက်ရောက်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။

image

ရာသီဥတုကြောင့် ၂ နာရီကြာ ရွှေ့ဆိုင်းခဲ့ရပေမဲ့ အီရတ်နှင့်ပွဲတွင် ၂ ဂိုးသွင်းကာ မက်ဆီပြီးလျှင် ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်လာတဲ့ ဘက်ပေး
======================

ကိုင်လီယန်ဘက်ပေးဟာ ရာသီဥတုဆိုးရွားမှုကြောင့် ပွဲကို ၂ နာရီကြာ ရွှေ့ဆိုင်းခဲ့ရပေမဲ့လည်း အီရတ်နှင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူကာ ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်လာပါတယ်။
ဘက်ပေးဟာ ပြင်သစ်အတွက် ကမ္ဘာ့ဖလားပွဲ ၁၆ ပွဲတွင် ၁၆ ဂိုးအထိ သွင်းယူထားလာနိုင်တာ ဖြစ်ပြီး မက်ဆီပြီးလျှင် ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်လာပါတယ်။
မက်ဆီဟာ အစောပိုင်းတုန်းက ဩစတြီးယားအား အာဂျင်တီးနားက ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးတဲ့နောက် ၁၈ ဂိုးဖြင့် ကလိုဆေးအား ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။
ယခု ပြင်သစ်နှင့် အီရတ်ပွဲစဉ်က ရာသီဥတုဆိုးရွားမှုကြောင့် ပွဲကို ရပ်ဆိုင်းမှု ရွှေ့ဆိုင်းမှု ပြုလုပ်ခဲ့ရတဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲဆိုရင်လည်း မမှားပါဘူး။
ယခုပွဲ ပထမပိုင်းတွင် ကွင်းဧရိယာအနီး မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရသလို ဒုတိယပိုင်းတွင်လည်း ပွဲကို နှစ်နာရီကျော်ကြာ ရွှေ့ဆိုင်းပြီးမှ ကစားခဲ့ရပါတယ်။
ယခုပွဲတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ရေးကို ရွှေ့ဆိုင်းခဲ့ရပေမဲ့ ပွဲကို သတ်မှတ်အချိန်အတိုင်း စတင်ခဲ့ပါတယ်။
ပြင်သစ်ကို ပွဲကို လွှမ်းမိုးကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ဘက်ပေးက ဧရိယာအစပ်ကနေ ဘယ်ခြေဖြင့် အဝေးထောင့်သို့ ကန်ကာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဟာ ရေသောက်နားချိန်အပြီးနောက်ပိုင်းတွင် အခွင့်အရေးဖန်တီးနိုင်ခြင်း မရှိဘဲ အီရတ်သို့ ဘောလုံးပိုင်ဆိုင်မှု ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ နောက်ခံလူဇိတ်တာဆင်းရဲ့ ဘောလုံးပေးပို့မှုကို အီရတ်ဂိုးသမား မထိန်းနိုင်မှုကနေ ဒမ်ဘီလီ ရရှိသွားပြီး ခင်းပေးမှုမှ တဆင့် ဘက်ပေးက ရိုးရှင်းစွာ ပိတ်သွင်းကာ ပြင်သစ်အတွက် ဒုတိယဂိုးသွင်းခဲ့ပါတယ်။
ပြင်သစ်ဟာ အက်ဒရီယန်ရာဘီယော့ရဲ့ အပိုင်ခေါင်းတိုက်ချက် လွဲချော်သွားမှု၊ အိုလီဆီရဲ့ ကန်ချက် တိုင်ထိသွားမှုကြောင့် နစ်နာခဲ့ရပေမဲ့လည်း ဒမ်ဘီလီက ၆၆ မိနစ်မှာ တတိယဂိုးသွင်းခဲ့လို့ ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဒီဂိုးက Ballon d'Or ဆုရှင် ဒမ်ဘီလီရဲ့ ပထမဆုံးကမ္ဘာ့ဖလားဂိုးလည်း ဖြစ်ပါတယ်။
ပွဲနှောင်းပိုင်းမှာ ဘက်ပေးဟာ ဟက်ထရစ်သွင်းနိုင်မဲ့ အခွင့်အရေးရခဲ့ပေမဲ့လည်း လွဲချော်သွားခဲ့ပါတယ်။
ပြင်သစ်ဟာ ဒီနိုင်ပွဲကြောင့် ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတဲ့ လီယွန်နယ်မက်ဆီ
=====================

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားက ဩစတြီးယားကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ လွဲခဲ့ပေမဲ့လည်း အနိုင်ဂိုး ၂ ဂိုးလုံးကို သွင်းယူပြီးနောက် ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက အသက် ၃၉ နှစ်ပြည့်ခဲ့တဲ့ မက်ဆီဟာ ဩစတြီးယားနှင့်ပွဲတွင် ကမ္ဘာ့ဖလားသွင်းဂိုး ၁၇ ဂိုးမြောက်ဂိုးနှင့် ၁၈ ဂိုးမြေက်ဂိုးတို့အား သွင်းယူခဲ့တာ ဖြစ်ပြီး ဂျာမနီတိုက်စစ်မှူးမီရိုဆလပ်ဗ်ကလိုဆေးအား ၂ ဂိုးအသာဖြင့် ကျော်ဖြတ်လာပါတယ်။
မက်ဆီဟာ ယင်းပွဲတွင် ပထမဂိုးအား ပွဲချိန် ၃၈ မိနစ်တွင် မီဒီနာရဲ့ ခင်းပေးမှုကနေ သွင်းခဲ့တာ ဖြစ်ပြီး ဒုတိယဂိုးအား ပြန်အံထွက်လာတဲ့ ဘောလုံးကနေ ပိတ်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
တကယ်တော့ မက်ဆီဟာ ယခုပွဲ အစောပိုင်းမှာ လူသာရိုမာတီနက်ဇ်ကြောင့် ရရှိတဲ့ ပင်နယ်တီကနေ ဂိုးသွင်းနိုင်မဲ့ အခွင့်အရေး ရခဲ့သူပါ။
ဒါပေမဲ့ မက်ဆီရဲ့ ကန်ချက်က လွဲချော်သွားခဲ့လို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဩစတြီးယားနှင့်ပွဲမှာလည်း အနိုင်ဂိုး ၂ ဂိုးလုံးအား သွင်းလာမှုနှင့်အတူ အုပ်စု ပွဲ ၂ ပွဲပြီးဆုံးချိန်မှာ သွင်းဂိုး ၅ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲ အနိုင်ရရှိပြီး ရမှတ် ၆ မှတ်ဖြင့် ၃၂ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ညပွဲမှ ဂျော်ဒန်က အယ်ဂျီးရီးယားကို အနိုင်မရလာပါက အာဂျင်တီးနားတို့ အုပ်စုဗိုလ်ဖြစ်ပါမယ်။
အဖွင့်ပွဲမှာ ဂျော်ဒန်ကို အနိုင်ရခဲ့တဲ့ ဩစတြီးယားက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း နောက်တစ်ဆင့်သို့ တက်နိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားတုန်း ဖြစ်ပါတယ်။

image

စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် စပါးစ်မှ ထွက်ခွာရေး အလေးအနက်ထားစဉ်းစားနေတဲ့ ဘတ်ဗေးလ်
=====================

ဆွီဒင်ရဲ့လူးကပ်စ်ဘတ်ဗေးလ်ဟာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် စပါးစ်မှ ထွက်ခွာရေး အလေးအနက်ထား စဉ်းစားနေပါတယ်။
အသက် ၂၀ နှစ်ရှိ ဘတ်ဗေးလ်ဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက နည်းပြရောဘတ်တိုဒီဇာဘီရဲ့လက်အောက်တွင် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရခဲ့တဲ့အပြင် သူ့စိတ်ကြိုက် ကျောနံပါတ် ၆ နေရာမှာလည်း ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။
စပါးစ်ဘက်ကလည်း ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရေး ကြိုးပမ်းနေပြီး နယူးကာဆယ်ရဲ့ တိုနာလီအား ပေါင်သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရပါတယ်။
ဘတ်ဗေးလ်ရဲ့အေးဂျင့်များဟာ ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီးတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဇန်နဝါရီလတုန်းက ဘတ်ဗေးလ်ကို ခေါ်ယူရေး စိတ်ဝင်စားခဲ့ပေမဲ့လည်း ယခုအခါ စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။
လက်ရှိအချိန်တွင် ဆွီဒင်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးစ်အတွက် ၃၃ ပွဲကစားခွင့်ရခဲ့သူဖြစ်ပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှစ်လကြာ နားခဲ့ရပါတယ်။

image

ရှုံးပွဲမရှိသေးတဲ့ အီရန်မှာ သမိုင်းတွင် ကျန်ရစ်လာမည်ဟု အီရန်နည်းပြဂါလီနိုအီး ပြောကြားလာ
=====================

အီရန်နည်းပြအေမာဂါလာနိုအီးက အီရန်အသင်းမှာ ကမ္ဘာ့ဖလားမတိုင်မီနှင့် ပြိုင်ပွဲအတွင်း မတည်မငြိမ်မှုနှင့် ကြုံရပေမဲ့လည်း ရှုံးပွဲမရှိသေးမှုနှင့်အတူ အသင်းနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ ပြောဆိုခြင်းခံရလိမ့်မယ်လို့ ပြောကြားလာပါတယ်။
ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် နယူးဇီလန်နှင့် သရေကျခဲ့တဲ့ အီရန်ဟာ တနင်္ဂနွေနေ့တုန်းက ဘယ်လ်ဂျီယံနှင့် ပွဲစဉ်တွင်လည်း ဂိုးမရှိသရေကျကာ ရှုံးပွဲမရှိသေးပါဘူး။
အီရန်အသင်းဟာ အီရန်နှင့် အမေရိကန်အကြား စစ်ဖြစ်နေခဲ့မှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မရေမရာ ဖြစ်ခဲ့ပြီး ခြေစမ်းပွဲများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဂါလီနိုအီးက "လွန်ခဲ့တဲ့ ခြောက်လကို ပြန်ပြောချင်တယ်။ ကျွန်တော်တို့ စစ်ပွဲအခြေအနေ ခြောက်လကြုံခဲ့တယ်။ ကျွန်တော်တို့ လိဂ် မကစားခဲ့ဘူး။ ကျွန်တော်တို့နဲ့ မကစားချင်တာကြောင့် ပြိုင်ဘက်အသင်းတွေက ပွဲကို ဖျက်သိမ်းလိုက်ကြတယ်။ ကျွန်တော်တို့ အဆိုးရွားဆုံးအခြေအနေနဲ့ ကမ္ဘာ့ဖလားကို လာခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
အီရန်အသင်းဟာ အစောပိုင်းတုန်းက အမေရိကန်တွင် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့ နောက်ပိုင်းတွင် မက္ကဆီကိုသို့ ပြောင်းရွှေ အခြေစိုက်ခဲ့ပါတယ်။
၎င်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပွဲမတိုင်ခင် တစ်ရက်အလိုတွင်မှ အမေရိကန်သို့ ပြည်ဝင်ခွင့်ရကာ ပွဲပြီးတဲ့ရက်တွင်ပင် အမေရိကန်မှ ထွက်ခွာရပါတယ်။
အီရန်ဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအဖြစ် သောကြာနေ့တွင် ဆက်တယ်တွင် အီဂျစ်နှင့် ရင်ဆိုင်ကစားရပါမယ်။
အီရန်ဟာ အီဂျစ်နှင့်ပွဲတွင် အနိုင်ရရှိပါက ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပါမယ်။
ဒါပေမဲ့ ဂါလာနိုအီးက အီရန်အသင်းမှာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်ရာ ကြီးကျယ်တဲ့ အောင်မြင်မှုများ ရယူထားနိုင်ပြီးဖြစ်ကြောင်း ပြောကြားလာပါတယ်။
၎င်းက "ဒီလိုအခြေအနေမျိုးတွေနဲ့ ကမ္ဘာ့ဖလားလာကစားရတဲ့ ကစားသမားတွေကို ဂုဏ်ပြုသင့်ပါတယ်။ အနိုင်ရမယ့်(ဘယ်လ်ဂျီယံနဲ့ပွဲ)အခွင့်အရေး ကြုံခဲ့တယ်။ ဒါပေမဲ့ ဒါက ကြီးကျယ်တဲ့အောင်မြင်မှုလို့ ထင်တယ်။ ပွဲမတိုင်ခင် ၁၆ နာရီအလိုမှာမှ လေ့ကျင့်ရေးတဲ့ ကမ္ဘာ့ဖလားနှစ်ပွဲကြုံခဲ့ရတယ်။ ဒါက သမိုင်းတွင်လာမှာပါ။ အနာဂတ်မျိုးဆက်တွေ ကျွန်တော်တို့ အောင်မြင်မှုအကြောင်း ပြောနေကြမှာပါ"လို့ ပြောကြားသွားပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image