မြန်မာအမျိုးသမီးလိဂ် ချန်ပီယံဗိုလ်လုပွဲ ဧရာဝတီအသင်းနှင့် ISPE တို့ ထိပ်တိုက်တွေ့ဆုံမည်

မြန်မာအမျိုးသမီးလိဂ် ချန်ပီယံဗိုလ်လုပွဲ ကို ယခုလ ဇန်နဝါရီ(၃၁)ရက်တွင် ကျင်း ပပြုလုပ်မည်ဖြစ်ရာ ဧရာဝတီအသင်းနှင့် ISPEအသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ယင်းနေ့ မွန်းလွဲ (၃)နာရီအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
လက်ရှိတွင် ဧရာဝတီအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးတွင် (၃)မှတ်အသာဖြင့်ဦးဆောင်နေသလို ISPE အ သင်းသည်လည်း ဧရာဝတီအသင်းထက် ဂိုးကွာခြားချက်သာနေခြင်းကြောင့် ဧရာ ဝတီအသင်းအနေဖြင့် သရေရလဒ် ရရှိမှသာ ချန်ပီယံဖြစ်ဆုကို ရရှိမည်ဖြစ် သည်။
ထို့အတူ ISPE အသင်းအနေဖြင့်လည်း ဧရာဝတီအသင်းကို အနိုင်ရလဒ်ထွက်ပေါ်အောင်ကစားနိုင်မှသာ ချန်ပီယံဖြစ် လာနိုင်မည်ဖြစ်သည်။
ပွဲစဥ်အတွင်း ဧရာဝတီအသင်းက အနိုင် (သို့)သရေရလဒ် ထွက်ပေါ်ပါက ယခုနှစ်အတွက် ရှုံးပွဲမရှိ ချန်ပီယံအသစ်ဖြစ်လာမည်ဖြစ်သည်။
ISPE အသင်း အနိုင်ရပါကလည်း လိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် (၄) ကြိမ်မြောက်ချန်ပီယံအဖြစ် သမိုင်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။
ချန်ပီယံဆု ရရှိရန်အဆုံးအဖြတ်ပေးမည့် ပွဲစဉ်ဖြစ်သည်နှင့်အညီ ကွင်းအတွင်း ပရိတ်သတ်လာရောက်ကြည့်ရှု့မှုများနိုင်ကာ အသင်းနည်းပြများ၏ ကစားသမား အသုံးပြုမှုနှင့် တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီးများအပေါ်တွင်လည်း မူတည်နေကြောင်း သုံးသပ်မှုများရှိနေသည်။

image

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့် ထိုင်းနိုင်ငံသံအ မတ်ကြီးတို့တွေ့ဆုံ
နှစ်နိုင်ငံငွေကြေးကိစ္စပူးပေါင်းဆောင်ရွက်ရန်ဆွေး နွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ ဇန်န ဝါရီ ၂၇ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက် နှစ်နိုင်ငံကြား ငွေရေး ကြေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုဆွေး နွေးခဲ့ကြသည်။

image

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်တွေ့ဆုံ

နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆွေးနွေး
ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ မိုဟာမက် ရှီဘက် ရှာရစ်ဖ် နှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတို့အပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ် ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံကြား အာဆီယံအပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုလည်းဆွေးနွေးခဲ့ကြသည်။

image

နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမြစ်ပြတ်သည်အထိဆက်လက်ဖော်ထုတ်၍ ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်

နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမြစ်ပြတ်သည်အထိဆက်လက်ဖော်ထုတ်၍ ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၆)တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ် ပေါက်စေရေးအတွက် အမြစ်ဖြတ်နှိမ်နင်းလျက်ရှိရာ နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာ ဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိဆက် လက်ဖော်ထုတ်ပြီး ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်ဟု ပြောသည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံ ခြုံရေးကို ခြိမ်းခြောက်နိုင်၍ ထိရောက်စွာတိုက်ဖျက်ခြင်းဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဟု ပြောသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအ ဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာတားဆီးကြပ်မတ်ဆောင် ရွက်ရန်လိုအပ်သည်ဟု မှာကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့်ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်သဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင်ထုတ်ဖော်ပြသနိုင်ခဲ့ပြီး တာဝန်ရှိသူများမှလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု နိုင်ငံတော်ဝန် ကြီးချုပ်ဦးညိုစောက မှာကြားခဲ့သည်။

image

ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်လုံခြုံရေးဆွေးနွေးပွဲအာဆီယံစောင့်ကြည့်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ အကြီးတန်း စစ်ဘက်အရာရှိများသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ပြုလုပ်မည့် နယ်စပ်လုံခြုံရေး ညှိနှိုင်းရေးဂိတ်၌ ဒေသတွင်း လုံခြုံရေး ညှိနှိုင်းရန်နှင့် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်ရန် တွေ့ဆုံခဲ့ ကြသည်။
ကမ္ဘောဒီးယား၏ အထူးစစ်ဒေသ ၅ နှင့် ထိုင်း အမှတ် 1 တပ်မတော်နယ်မြေအကြား ဗျူဟာများ ညှိနှိုင်းဆောင်ရွက်ရန် ကမ္ဘောဒီးယား-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) ၏ အတွင်းရေးမှူးချုပ်ရုံးမှ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မလီဆိုသီတာက ပြောသည်။
ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် ဆာကင်ပက်က ဦးဆောင်ပြီး ဗိုလ်ချုပ် ဖစ်တယာကူ ပိုသီစုဝန် က ထိုင်းစစ်တပ်ကို ဦးဆောင်ခဲ့သည်။
ဆိုချီအာတာ ၏ အဆိုအရ နှစ်ရက်တာ အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်မှာ ကြာသပတေးနေ့ RBC အထူးအစည်းအဝေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ဖလှယ်ရန်နှင့် အစီအစဉ်ရေးဆွဲရန် ဖြစ်သည်။ ဤဆွေးနွေးမှုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်ပြုလုပ်သော အထွေထွေနယ်စပ်ကော်မတီ၏ တတိယအကြိမ် အထူးအစည်းအဝေးတွင် ချမှတ်ထားသော မူဘောင်ကို လိုက်နာသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသများကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်နေချိန်တွင် နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဆွေးနွေးပွဲမှ သိရသည်။ ထူးခြားချက်မှာ အဖွဲ့ဝင်နိုင်ငံနှစ်ခုလုံးမှ ကိုယ်စားလှယ်များပါဝင်သော အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့က အဆိုပါတရားစွဲဆိုမှုများကို စောင့်ကြည့်လျက်ရှိသည်။

image

ထွက်ပေါ်လာမည့်အစိုးရသစ်ကို နိုင်ငံ့တာဝန်များလွှဲ ပြောင်းပေးပြီး ၎င်းတို့၏တာဝန်များကိုအကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်

ရွေးကောက်ပွဲပြီး၍ ထွက်ပေါ်လာမည့်အစိုးရသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးပြီး ၎င်းတို့၏တာဝန်များကိုအကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေး ဆက် လက်ဆောင်ရွက်ပေးရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆)တွင် မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု ၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်၍ ထွက်ပေါ်လာမည့် အစိုးရသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးပြီး ၎င်းတို့၏တာဝန် များကိုအကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေးအ တွက် ဆက်လက်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ထို့ပြင် ရွေးကောက်ပွဲ၌ ပြည်သူလူထုမှ ဆန္ဒမဲများပေးခဲ့ကြခြင်းသည် အစိုးရအပေါ်လိုလားလက်ခံသည့် အ ပြုအမူများဖြစ်၍ အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ထို့အတူ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှလည်း ရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကိုတွေ့မြင်ခဲ့ရပြီး မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥ ပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကိုပြုလုပ်နိုင်ခဲ့ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာဖော်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရှိရခြင်းအား မှတ်ချက်ပြုခဲ့ကြသည်ဟု ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များအသုံးပြုခဲ့၍ မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ် ငန်းစဉ်များ ပိုမိုလျင်မြန်ပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များဖြစ်ပေါ်စေခဲ့သည်ကိုတွေ့ရှိရကာ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒ ရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက် ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရသည်ဟု မှတ်ချက်များပြုခဲ့ကြသည်ဟု ပြောသည်။
ထို့ကြောင့် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ် လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေး ကောက်ပွဲဖြစ်သည်ကိုတွေ့ရှိရကြောင်းလည်း မှတ်ချက်များပြုခဲ့ကြသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့သည်။

image

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင် အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်းကျော် ဆုချ

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ ရွှေ၊ငွေ၊ကြေးဆုတံဆိပ် (၅၉)ခု ဆွတ်ခူးခဲ့သည့် အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်း ၅သောင်း ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။
အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို
ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများမှ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်းစီ၊ ငွေတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက် ) ထိုင်းဘတ် ၅ သောင်းစီ၊ ကြေးတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၃ သောင်းစီ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ထိုဆုများကို မြန်မာသံရုံးသံအမတ်ကြီး ဦးဇော်ဇော်စိုးကလည်းကောင်း၊ စစ်သံမှူးကြီးဗိုလ်မှူးချုပ် ဝင်းသူလင်း ကလည်းကောင်း၊ သံမှူးကြီးဦးစိုးသူဟိန်းကလည်းကောင်း၊ ဘန်ကောက်မြို့ ၊ ဒွန်မောင်းလေဆိပ်၌ ချီးမြှင့် ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

image

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာတွေမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

ရခိုင်ပြည်နယ်ရှိ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက တိုက်ပွဲ ရပ်တန့်နေခဲ့တာ ဖြစ်ပေမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“ဇန်နဝါရီ ၂၅ ရက်၊ မနက်ပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ပြန်ကြားနေရတာ ဒီနေ့အထိပါပဲ။ စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်က ကျေးရွာတွေဘက်ရော၊ စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နားနဲ့ ကျားမသောက် တပ်ရင်းတွေဘက်မှာရော တိုက်ပွဲဖြစ်နေတာ။ ဒီနေ့မနက် အစောပိုင်းကလည်း လေကြောင်းတိုက်ခိုက်တာ ဖြစ်သေးတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန် - စစ်တွေ ကားလမ်းမဘေးရှိ ပက်ခွက်ဆိပ်ကျေးရွာသစ် (အောင်မင်္ဂလာ) ကျေးရွာ အနီးမှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“အဲဒီ နေရာက ဒေသခံတွေအတွက် အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ နေရာပါ။ နိုင်ငံခြားမှာ ရောက်နေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရနိုင်ဖို့ပါ။ AA က ပေးထားတာပါ။ အဲဒီနေရာ လေကြောင်း တိုက်ခိုက်ခံရတာ။ ဒါပေမယ့် တိုက်ခိုက်မှု ဖြစ်တဲ့အချိန် လူမရှိတဲ့အတွက် ထိခိုက်တာတော့ မရှိပါဘူး။ အဆောင်ကတော့ ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။
AA က အဲဒီနေရာမှာ မနက် ၆ နာရီလောက်နေ ညနေပိုင်းလောက်အထိ အင်တာနက် ဖွင့်ပေးထားတာလို့ သိရပြီး ညပိုင်းအချိန် ရောက်ရင်တော့ စက်တွေအကုန်လုံး ပြန်သိမ်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေ ဖြစ်နေတော့ လူတွေလည်း စီးပွားရေးကအစ ကျပ်တည်းလာကြတာပေါ့။ ဘယ်သူမှ စစ်မဖြစ်စေချင်ပါဘူး။ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာပဲ အတတ်နိုင်ဆုံး အေးအေးချမ်းလေးပဲ နေချင်ကြတာ။ လက်ရှိ ပုံစံအတိုင်းဆို AA က စစ်ရေးနယ်မြေ ချဲ့ထွင်မယ့်သဘော ရှိနေတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်လာနိုင်တဲ့ သဘော ဖြစ်နေတယ်။ ပြည်သူတွေအတွက်ကတော့ အုပ်ချုပ်တဲ့ နေရာမှာ ဘယ်သူပဲ ဖြစ်နေပါစေ။ ဒေသကောင်းဖို့၊ နယ်မြေအေးချမ်းဖို့ကိုပဲ လိုလားပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
AA တပ်တွေဟာ စစ်တွေမြို့အခြေစိုက် ဒကစ ကာကင်းစခန်း တချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က သိမ်းပိုက်လိုက်ပြီးတဲ့နောက် ထိန်းချုပ်နယ်မြေတွေ တိုးချဲ့နိုင်ဖို့ ကြိုးပမ်းလာနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၄ ခုကို ထိန်းချုပ်ထားတဲ့ AA ဟာ ရခိုင် ဒေသတခုလုံးကို ဆက်လက် သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့ အသိပေး ပြောဆိုထားပြီး စစ်တွေမြို့ ပတ်ဝန်းကျင်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းကနေ စတင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အရင် တိုက်ပွဲတွေ မဖြစ်ခင်တုန်းကတော့ စားဝတ်နေရေး ကျပ်တည်းတာတွေ မရှိခဲ့ဘူးပေါ့။ ကုန်သွယ်ရေး၊ စီးပွားရေး ပုံမှန်အတိုင်း ဆက်လုပ်နေလို့ရတယ်။ အခုကတော့ တိုက်ပွဲတွေ မရပ်မနား ရှိလာတာနဲ့အမျှပါပဲ၊ ကုန်ဈေးနှုန်းတွေ တောက်လျှောက် တက်လာတယ်။ ပစ္စည်းတွေ ရှားပါးတယ်၊ ဝယ်မရ ဖြစ်လာတယ်။ စစ်ဖြစ်ရင်တော့လည်း ဘယ်နေရာမှ မကောင်းဘူးပေါ့။ ပြည်သူတွေ သေရကြေရနဲ့ စားသောက်၊ နေထိုင်ရေး အကုန် ဒုက္ခရောက်ကြရတယ်။ ကိုယ့်နေရာမှာကိုယ် အေးအေးချမ်းချမ်း ရှာမစားနိုင်တော့ဘူးပေါ့” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိ စစ်တွေမြို့မှာ ပေါ်ဆန်မွှေးဆန် တအိတ် ကျပ် နှစ်သိန်းခြောက်သောင်း၊ ဆန်ကြမ်း တအိတ် ကျပ် တသိန်းခွဲ၊ အမဲသား တပိဿာ ကျပ် ခုနှစ်သောင်းကျော်၊ ဝက်သား တပိဿာ ခြောက်သောင်းကျပ်၊ ငါး တပိဿာ ကျပ် ငါးသောင်းဝန်းကျင် ရောက်ရှိနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဒါအပြင် လျှပ်စစ်မီးလည်း မရရှိတော့တာကြောင့် မြို့နေ ပြည်သူတွေဟာ နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်နိုင်ဖို့အတွက် ထင်း၊ မီးသွေး၊ ဖယောင်းတိုင်၊ ဆိုလာ၊ ဘတ္ထရီအိုး စတာတွေကို အသုံးပြုနေရပြီး အဲဒီ ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။

image

ကြံတတန်ကို တသိန်းတ​သောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တသိန်းငါး​ထောင်က​နေ တသိန်းတ​သောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြား ပြေလည်မှုမရရှိတာကြောင့် သကြားစက်ရုံတွေ ခုချိန်ထိ လည်ပတ်နိုင်ခြင်း မရှိ​သေးဘူးလို့ သိရပါတယ်။
စက်ရုံအ​နေနဲ့ ကြံတတန်ကို တသိန်းခွဲ ကျပ်နူန်း ပေးဖို့အတွက် တောင်သူနဲ့ စက်ရုံတွေအကြား ညှိနှိုင်းနေကြတာဖြစ်ကြောင်း ၊ ခုချိန်ထိ ညှိနိူင်းမှု အဆင်ပြေတာကြောင့် စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
" တောင်သူတွေကလည်း အဲဒီစျေးဆို မရောင်းတော့ဘူး ။မီးရှို့ပစ်မယ် ဖြစ်နေတယ်။ စျေးကလည်း အရမ်းကွာနေတာကိုး ။ အခုကြံအသင်းကလည်း ညှိပေးနေတာ နှစ်ကြိမ်ရှိပြီ ။ခုထိတော့ မပြေလည်သေးလို့ စက်မလည်သေးဘူး ။တောင်သူက တသိန်းခွဲ မရရင် မပို့ဘူးပြောတယ်။ စက်ရုံကလည်း ၏တသိန်းတ​သောင်းထက်ပိုမပေးဘူး ဖြစ်နေတယ်။ ဆက်ညှိရအုံးမယ့်သဘောပါ ။အခုက ရာသီအရမ်းလည်းနောက်ကျနေပြီ။ နောက်ကျတော့ ကြံတွေခြောက်ကုန်ပြီ ။ သူတို့(စက်ရုံ) ကတော့ သယ်ယူစရိတ်တွေများတယ် ၊ ဂိတ်တွေများတယ်။ သကြားတအိတ်ကို ၁၅၀၀၀ ပေးရတယ်တို့ ဘာတို့နဲ့ အကြောင်းပြတာပေါ့။ " လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။
လက်ရှိ ကြံရာသီမှာ အခြားဒေသရှိ သကြားစက်ရုံတွေက စက်ရုံ အရောက်စျေး ကြံတတန်ကို ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်နူန်း စျေးဖွင့်ထားချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းစက်ရုံတွေက စက်ရုံအရောက်စျေး ၁၀၅၀၀၀ မှ ၁၁၀၀၀၀ ကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေက တွက်ချေမကိုက်တာကြောင့် ညှိနိူင်းနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံအရောက် ကြံစျေးဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ကြံခုတ်ခ ၊ ကြံတင်ခ ၊ ကားခ အားလုံးကို ကုန်ကျခံရတာကြောင့် အနည်းဆုံး ကြံတတန်ကို ၁၅၀၀၀၀ ကျပ်လောက် ရရှိမှသာ အဆင်ပြေမှာ ဖြစ်တယ်လို့ သိရပါတယ် ။
သကြားစက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကြံတောင်သူတွေအနေနဲ့ ကြံခုတ်ဖို့နောက်ကျနေပြီး ကြံတွေ ခြောက်လာပြီး ဒီထက်ပိုပြီး ထားပါက ဆုံးရှုံးမှုပိုပြီး ကြီးနိုင်တဲ့ အခြေအနေ ရှိတာကြောင့် စျေးနူန်းတခုညှိနိူင်းပြီး စက်ရုံတွေ အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။
" အတတ်နိုင်ဆုံး ညှိနှုင်းစျေးလေးနဲ့ လည်စေချင်နေပြီ ။ ဒီထက်နောက်ကြရင် ကျွန်တော်တို့လို တောင်သူငယ်လေးတွေ အတွက် မလွယ်တော့ဘူး ။ တောင်သူကြီးတွေအတွက်က ကြိုက်တဲ့အချိန်ဖွင့် ကြံခုတ်ခကို ဘယ်စျေးနဲ့ဖြစ်ဖြစ် အလွယ်လေး ပေးနိုင်ပေမယ့် တောင်သူငယ်လေးတွေ အတွက်တော့ ကြိုတင်ခုတ်စရိတ် မရရင် စက်ရုံဖွင့်နောက်ကြလို့ ကြံခုတ်ခတွေ စျေးကြီးလာရင် မိုးရွာလို့ ကြံတွေ တဆင့်နှစ်ဆင့် သယ်ထုတ်ရရင် ဘယ်လိုမှမတတ်နိုင်ဘဲ ကြံခင်းတွေဖျက်ပြီး သီးကြမ်းဘက်လှည့်ဖို့ ဖြစ်နေပါပြီ။ နယ်မြေအခြေအနေကလည်း တအားကြီးမဆိုးပါဘူး ။ တိုင်းပြည်အခြေအနေ မငြိမ်သက်တာကို အကြောင်းပြပြီး စက်ရုံတွေဘက်က စျေးနှိမ်ပြီး ဝယ်ချင်နေတာပါ ။ " လို့ စစ်ကိုင်းတိုင်းက ကြံစိုက်တောင်သူ တယောက်က ပြောပါတယ် ။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံ တန် ၃၀၀ မှ ၁၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံနဲ့ တန် ၂၀၀၀ မှ ၈၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံရှိပြီး ကြံစိုက်ဧက ၇၅၀၀၀ မှ ၁၀၀၀၀၀ ကြားရှိကြောင်း တနှစ်ကို ကြံတန်ချိန် တနှစ် ကြံတန် ၁၅ သိန်းကျော် စိုက်ပျိုးထုတ်လုပ်မှု ရှိတယ်လို့ သိရပါတယ် ။
နေပြည်တော် ၊ လယ်ဝေးမြို့နယ်ဘက်မှာလည်း လုပ်သား ရှားပါးတဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များတာကြောင့် တောင်သူငယ်တွေအနေနဲ့ စက်ရုံအရောက် ကြံပို့နိုင်ခြင်းမရှိဘဲ ပွဲစားတွေကို အခင်းပြတ်စျေးနူန်း တတန်ကို ၉၀၀၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ် ။

image

စစ်ရှောင်စခန်းတချို့မှာ အရေပြားရောဂါ ဖြစ်ပွားနေ

မကွေးတိုင်း စလင်းမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ဘေးရှောင် ထောင်နဲ့ချီ အရေပြားရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စလင်းမြို့နယ်အတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ ၈၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လက်ရှိမှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ သိရပါတယ်။
“လိုအပ်တာကတော့ ဆေးဝါးတွေ အရေးပေါ် လိုနေတယ်။ စားနပ်ရိက္ခာလည်း လိုတယ်။ တောထဲမှာ စစ်ရှောင်နေရတာဆိုတော့ သောက်ရေ၊ သုံးရေ အခက်အခဲ အများကြီးရှိနေတယ်။ ဖျားနာပြီး အရေပြားမှာ ယားနာတွေ ဖြစ်လာကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
စလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်မှ စတင်ကာ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ခြင်း၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းတွေကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ရှောင်တွေ အရေပြားရောဂါ ခံစားနေကြရတာက နှစ်နှစ်ကျော်လောက်တော့ ရှိနေပြီ။ အခုရက်ပိုင်းထဲမှာမှ နယ်မြေရှင်းလင်းတာတွေ ပိုစိတ်လာတော့ သွားလာရေး အခက်အခဲတွေ ဖြစ်လာတယ်။ ဒါကြောင့် ဆေးဝါးတွေ ရှားလာတယ်။ အလုံအလောက် မရှိတော့ဘူး” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ ကယားပြည်နယ်၊ ရှားတောမြို့နယ်က စစ်ရှောင်စခန်း တချို့မှာလည်း ပြင်းထန်ပြီး ကူးစက်မြန်တဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ ရှားတောမြို့နယ်အတွင်း ရေရှားပါးတဲ့ စစ်ရှောင်စခန်း တချို့မှာ အရေပြားရောဂါ စတင် ဖြစ်ပွားခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်း အနည်းဆုံး သုံးနေရာထက်မနည်း ကျန်းမာရေး ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အဖြစ် အများအဆုံးကတော့ ၁၅ နှစ်အောက် ကလေးတွေပေါ့။ လသား အရွယ်လေးတွေလည်း ပါတယ်။ အဓိက က ရေမသန့်ရှင်းတာ၊ ရေရှားပါးတာကြောင့် ဖြစ်တာ။ တယောက်ကနေ တယောက် အင်မတန်လည်း ကူးစက်လွယ်နေတယ်” လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့နယ်မှာလည်း ကလေးငယ်တွေ အပါအဝင် လူကြီး၊ လူငယ် ရာနဲ့ချီ အရေပြားရောဂါတွေ ကူးစက် ခံစားနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကျောက်ဖြူမှာ လေကြောင်းအန္တရာယ်နဲ့ တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် အိုးအိမ် စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော်ဝန်းကျင် ရှိနေတာဖြစ်ပြီး နီးစပ်ရာ ဆွေးမျိုးသားချင်း နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအပြင် ဘေးလွတ်ရာ နေရာတွေမှာ အလွန်ကျဉ်းကျပ်စွာ စုပြုံ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း၊ စစ်ဘေးရှောင်‌ စခန်းအတွင်း လူဦးရေ များပြားခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ကျန်းမာရေး အသိပညာ နည်းပါးခြင်းနဲ့ ဆေးဝါး မပြည့်စုံခြင်းတွေကြောင့် ရောဂါကူးစက်နှုန်း မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အရေပြားရောဂါ ဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ လိမ်းဆေး၊ သောက်ဆေးနဲ့ သောက်သုံးရေ သန့်စင်ဆေးဝါးတချို့ ကူညီပေးနေမှုတွေ ရှိပေမယ့်လည်း ကူးစက် ပျံ့ပွားမှုနှုန်းကို ထိန်းချုပ်နိုင်တဲ့အထိ ပြည့်စုံလုံလောက်မှု မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိ ရခိုင်ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး စစ်ဘေးရှောင်တွေကတော့ အဲဒီဒဏ်ကို ပိုပြီး ခံစားကြရတယ်လို့ သိရပါတယ်။

image