ငါမသေချင်ဘူး
ဒါပေမယ့်..
ငါသေဖို့ တွေးနေရတယ်။
ဘဝဆိုတာ ဘာလဲ ငါမသိဘူး
ငါမသိတဲ့ ငါ့ဘဝအတွက်
ငါ့သမိုင်းငါလည်း ရေးနေရတယ်။
လောကကြီးအကြောင်း
ငါကိုယ်တိုင် နားမလည်ခင်မှာ
အတင်းအကြပ်နားလည်ခဲ့ရတယ်။
တစ်ခါတစ်လေ
ကိုရေမွန်ရဲ့ သီချင်းတွေ အော်ဆိုရင်း
တစ်ခါတစ်လေ တစ်ကောင်ထဲ ကြေကွဲနေရတယ်။
လူတွေပြောတဲ့ဟာသတွေကလည်း
ပျော်စရာမကောင်းတော့တဲ့အခါ
လူရွှင်တော်တွေလည်း ဘုံပျောက်ခဲ့ရတယ်။
နိုင်ငံမှာ ပျော်စရာမရှိတော့
မှိုင်တွေတွေနဲ့ ကဗျာဆရာဖြစ်ခဲ့ရ။
စာအုပ်တွေလည်း ဖတ်
ကိုယ်ပိုင် ဒိုင်ယာရီထဲ
ငါ့အကြောင်းငါချရေးရင်း
ငါဟာ ဘယ်သူဆိုတာ
မမေ့ဖိုးအရေး ကြံဖန်ရသေး။
နိုင်ငံရေးနဲ့ အချစ်ရေးကို
ရောထွေးမိတော့
ငါ့ကို ဝေဖန်သူက အများသား..၊
ခက်ပါရဲ့..ကြေကွဲစရာပဲ။
အချစ်မရှိပဲ မည်သူက ရှင်သန်နိုင်မည်လဲ။
ဘုရားသခင်အဟောကိုတော့
မလွန်ဆန်နိုင်ပါ
မေတ္တာပေးပြီးလည်း ပြန်မမျှော်လင့်ရဲပါ။
ဘဝပေးကံကြောင့်
သေချင်တာတောင် မင်းမိန့်ရှိမှ
သေခွင့်ရတော့ ငိုချင်စရာပဲ
အံ့ဩဖွယ်ရာ လူတွေက
တစ်နေ့ထပ် တစ်နေ့ ဆုတ်ယုတ်လာတော့
ငါ့ကိုယ်ငါတောင် ပြန်အော်ဂလီဆန်ရတယ်။
သစ္စာ၊ မေတ္တာတွေ မဲ့သွားတဲ့ ခေတ်ထဲ
ဖောက်ပြန်မှုတွေကြား
ကုန်းကောက်စရာ အချစ်မရှိတော့
မောင်လူအေး ရွှေရင်သွေးလေး
ဇောက်ထိုး မိုးမျှော်ဖြစ်ရပြန်ပြီ
ကုန်ဈေးနှုန်းက အဆမတန်
မိုးလောက်ကြီးထိ မြင့်နေမတော့
တို့လည်း ထမင်းကြမ်း ရေစိမ်
ကန်စွန်းရွက်ပြုတ်နဲ့
နှစ်ပါးသွားရပြန်တော့။
တက်သစ်စ စာရေးသူပေါက်စလေးတွေကို
ရိုက်ချပါသတဲ့ ဆိုပြီး
သတင်းထွက်လာသေး
ငါ့ကိုယ်ငါ ပြန်ငုံ့ကြည့်ရတယ်
ဪ..ငါက တက်သစ်စထဲကဟဆိုမှ
စိတ်အေးရ။
မေတ္တာစစ်ကို လိုချင်လွန်းပြန်တော့
ခွေးမွေး၊ ကြောင်မွေးနဲ့
ငါ့မှာ သံသရာကိုလည်လို့၊
ပျော်ပွဲ ရွှင်ပွဲတွေ သူသူကိုယ်ကိုယ်လုပ်ကြတော့
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
ဟိုမျှော် ဒီမျှော် ခွေးကလေးလို
လိုက်မျှော်လိုက်ရတာ
ငါတို့နေရာက မုန်တိုင်းတိုက်ပြီး
ရှင်သန်နေရတာ
သူတို့က နေရာကွက်ကြားနေသာနေတော့
ပြုံးနိုင် ပျော်နိုင်ပေါ့။ မထူးဆန်းပါဘူး။
ဒီလိုနဲ့ပဲ
သူတို့ သမိုင်းမဟုတ်တဲ့ ငါ့သမိုင်းဟာ
ပထမအပိုင်း ပြီးသွားရ။
-နော်ယာ