အာဆင်နယ်သို့ မပြောင်းမီ လမ်းခွဲခဲ့တဲ့ ချစ်သူနှင့် ပြန်လည်လက်တွဲလာတဲ့ ဗစ်တာဂျိုကာရက်စ်
====================

အာဆင်နယ်စတားဗစ်တာဂျိုကာရက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စပို့တင်းလစ္စဘွန်းမှ အာဆင်နယ်သို့ ပေါင် ၆၄ သန်းဖြင့် မပြောင်းမီ လမ်းခွဲခဲ့တဲ့ ချစ်သူဟောင်း မင်းသမီးအင်းနက်စ်အဂွီယာနှင့် ပြန်လည်ရွှေလက်တွဲလာပါတယ်။
ပေါ်တူဂီသတင်းစာ TV Guia ရဲ့ ဖော်ပြလာမှုအရ ဆွီဒင်တိုက်စစ်မှူးဂျိုကာရက်စ်ဟာ အာဆင်နယ်သို့ မပြောင်းမီ ပေါ်တူဂီနှင့်ပတ်သက်ပြီး တစုံတရာ ဆက်လက် ပတ်သက်လိုခြင်း မရှိတော့လိုမှုနှင့်အတူ ချစ်သူနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုစဉ်တုန်းက ဂျိုကာရက်စ်က အာဆင်နယ်သို့ ပြောင်းခွင့်ရရန် လေ့ကျင့်ခန်းမဆင်းဘဲ သပိတ်မှောက်နေချိန် စပို့တင်းလစ္စဘွန်းကလည်း ဒဏ်ရိုက်ပြီး အရေးယူမယ်လို့ခြိမ်းခြောက်နေတဲ့ကာလ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ ဂျိုကာရက်စ်နှင့် အဂွီယာတို့ဟာ ပြန်လည်ပေါင်းစည်းလာခဲ့ကြပြီ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးကို မကြာသေးမီတုန်းက လစ္စဘွန်းရှိ စားသောက်ဆိုင်တစ်ခုတွင် အတူတကွ တွေ့ရှိလာရတာလည်း ဖြစ်ပါတယ်။
အဂွီယာဟာ မကြာသေးမီတုန်းက အာဆင်နယ်ရဲ့ မန်းဖီးလ်နှင့် အက်ဖ်အေဖလားပွဲကို လာရောက်ကြည့်ရှုကာ ၎င်းတို့အကြားပြန်လည် အဆင်ပြေသွားပြီဖြစ်ကြောင်း အရိပ်အမြွက်ပြသခဲ့ဖူးပါတယ်။
အသက် ၂၇ နှစ်ရှိ သရုပ်ဆောင်ဟာ One Call Stadium ပွဲစဉ်တွင် အာဆင်နယ်က ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်အား ဂျိုကာရက်စ် အရန်ခုံမှာ ထိုင်နေခဲ့ရပေမယ့် လာရောက်ကြည့်ရှုခဲ့တာပါ။
ယခုအခါ TV Guia က ဂျိုကာရက်စ်နှင့် အဂွီယာတို့ ပြန်လည် လက်တွဲလာကြပြီလို့ ဖော်ပြလာပါတယ်။
ဂျိုကာရက်စ်ဟာ ကစားသမားဘဝအား အာရုံစိုက်လိုမှုနှင့်အတူ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို နောက်ချန်ထားခဲ့တာပါ။
ဒါပေမယ့် သူဟာ လန်ဒန်တွင် အခြေကျလာပြီးနောက် အဂွီယာနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လာပါတယ်။
ဂျိုကာရက်စ်ဟာ စပို့တင်းလစ္စဘွန်းတွင် ကစားနေစဉ် အဂွီယာနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ၎င်းတို့ ချစ်သူသက်တမ်း ၂ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
ပေါ်တူဂီရုပ်သံစီးရီးများတွင် သရုပ်ဆောင်နေတဲ့ အဂွီယာဟာ လန်ဒန်တွင် အိမ်ဝယ်ရန် ရှာဖွေနေကြောင်းလည်း သတင်းထွက်နေသူ ဖြစ်ပါတယ်။
ဂျိုကာရက်စ်ဟာ အာဆင်နယ်တွင် ကစားတဲ့ ပထမဆုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၄၈ ပွဲမှာ ၁၈ ဂိုးသွင်းထားပြီး ယင်းမှ ၁၂ ဂိုးကို ပရီးမီးယားလိဂ်မှာ သွင်းထားတာပါ။
သူဟာ အာဆင်နယ်ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ပြိုင်တည်း ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့တွင် အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကစားရပါမယ်။

image

ဆက်စ်ကိုအတွက် လိုက်ဇစ်ကို အပိုဆုကြေးသန်းများစွာ ပေးလာရတော့မယ့် ယူနိုက်တက်
===================

ယူနိုက်တက်ဟာ ရာသီအကုန်တွင် ဘင်ဂျာမင်ဆက်စ်ကိုအတွက် ကလပ်ဟောင်းရက်ဘူးလ်လိုက်ဇစ်အား အပိုဆုကြေးများစွာ ပေးလာရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးအား လိုက်ဇစ်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းဖြင့် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်စ်ကိုဟာ တနင်္လာနေ့တုန်းက ဘရန့်ဖို့ဒ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အနိုင်ဂိုးသွင်းယူပြီးနောက် ယခုရာသီ ၁၁ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ဆလိုဗေးနီးယားတိုက်စစ်မှူးအတွက် လိုက်ဇစ်အား အပိုဆုကြေးသန်းများစွာပေးလာရတော့မှာ ဖြစ်ပါတယ်။
Sky Sports ရဲ့ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ ဆက်စ်ကိုရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီအပြီးတွင် လိုက်ဇစ်ကို အပိုဆုကြေး ပေါင် ၃.၅ သန်းဝန်းကျင်အထိ ပေးလာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဆက်စ်ကိုရဲ့ ပွဲကစားခွင့် ရရှိမှု၊ သွင်းယူနိုင်တဲ့ ဂိုးအရေအတွက်၊ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုတို့အပေါ် မူတည်ကာ အပိုဆုကြေး ထပ်ပေးလာရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရာသီများတွင် ဆက်စ်ကို ဆက်လက် ခြေစွမ်းပြနေဦးမည်ဆိုပါက လိုက်ဇစ်အား အပိုဆုကြေးများ ထပ်မံပေးလာရပါဦးမယ်။
ယူနိုက်တက်ဟာ ဘင်ဂျာမင်ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရက်ဘူးလ်နှင့် ခြေစမ်းပွဲ ကစားရပါဦးမယ်။
ယူနိုက်တက်ဟာ ယင်းခြေစမ်းပွဲအတွက် ငွေကြေး ရရှိလာမှာ မဟုတ်ဘဲ ယင်းမှ ငွေအားလုံးကို လိုက်ဇစ်မှ ရရှိလာပါမယ်။
ဆက်စ်ကိုဟာ ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

image

၁၅ မောင်းအောင်ကာ ၁ ပေါင် လောင်းပြီး ပေါင် ၁သိန်းပါး ရရှိသွားတဲ့ Sky Bet ကစားသမား
===================

Sky Bet မှ လောင်းကစားသမားတစ်ဦးဟာ အံ့ဩသင့်စရာကောင်းအောင် ၁၅ သင်းမောင်းအောင်ကာ ၁ ပေါင်လောင်းပြီး ပေါင် ၉၃၀၃၂.၀၆ ရရှိသွားခဲ့ပါတယ်။
ယင်းကစားသမားဟာ အင်္ဂလန်နှင့် ဥရောပတလွှားမှ ပွဲများအား နှစ်သင်းလုံး ဂိုးသွင်းမယ်၊ ဘယ်အသင်း အနိုင်ရမယ်ဆိုပြီး နှစ်မျိုးစပ် မောင်းလောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အံ့ဩစရာကောင်းစွာပင် သူ လောင်းထားတဲ့ မောင်းအတိုင်း အောင်မြင်သွားမှုနှင့်အတူ ကြီးမားတဲ့ ငွေကြေးလည်း ရရှိသွားပါတယ်။
သူ့ရဲ့ ၁၅ သင်းမောင်းတွင် ဘိုင်ယန်မြူးနစ်တို့ ပထမပိုင်းတွင် မိန့်ဇ်ကို ၃-၀ ဖြင့် ရှုံးနိမ့်နေပြီးမှ ၄-၃ ဖြင့် နောက်က လိုက်ကစားကာ အနိုင်ယူတဲ့ပွဲ ပါဝင်သလို မန်စီးတီးတို့ အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ ဆောက်သမ်တန်နှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲလည်း ပါဝင်ပါတယ်။
ယင်းလောင်းကစားသမားရဲ့ မောင်းတွင် လီဗာပူးနှင့် မန်စီးတီး(လီဗာပူးနှင့် နှစ်သင်းလုံးဂိုးသွင်း)၊ အာဆင်နယ်နှင့် နယူးကာဆယ်(အာဆင်နယ်)၊ မန်စီးတီးနှင့် ဆောက်သမ်တန်(မန်စီးတီး)၊ ဘရိုက်တန်နှင့် ဘရစ္စတိုး(နှစ်သင်းလုံးဂိုးသွင်း)၊ နော့ဝှစ်ချ်နှင့် ဆွမ်စီး(နှစ်သင်းလုံးဂိုးသွင်း)၊ အောက်စ်ဖို့ဒ်နှင့် ရှက်ဖီးလ်ဝင်းနက်စ်ဒေး(နှစ်သင်းလုံးဂိုးသွင်း)၊ ရှက်ဖီးလ်ယူနိုက်တက်နှင့် ပရက်စ်တန်(နှစ်သင်းလုံးဂိုးသွင်း)၊ ကာဒစ်ဖ်နှင့် နော်သမ်တန်တောင်း(ကာဒစ်နှင့် နှစ်သင်းလုံးဂိုးသွင်း)၊ လူတန်တောင်းနှင့် ဘန်စလေ(လူတန်နှင့် နှစ်သင်းလုံးဂိုးသွင်း)၊ ပလိုင်းမောက်နှင့် ပေါ့ဗေးလ်(ပလိုင်းမောက်နှင့် နှစ်သင်းလုံးဂိုးသွင်း)၊ ဘားနက်နှင့် ဂယ်လင်တန်(ဘားနက်နှင့် နှစ်သင်းလုံးဂိုးသွင်း)၊ အက်ခရင်တန်နှင့် ခရော်လေတောင်း(နှစ်သင်းလုံးဂိုးသွင်း)၊ ကမ်းဘရစ်ချ်နှင့် ဘာရိုး(ကမ်းဘရစ်ချ်)၊ မိန့်ဇ်နှင့် ဘိုင်ယန်မြူးနစ်(ဘိုင်ယန်မြူးနစ်နှင့် နှစ်သင်းလုံးဂိုးသွင်း)၊ ကိုလုံးနှင့် လေဗာကူဆင်(လေဗာကူဆင်နှင့် နှစ်သင်းလုံးဂိုးသွင်း)တို့ ဖြစ်ကြပါတယ်။

image

ရိုဆင်နီယာအား ထုတ်ပယ်လိုက်ပြီးနောက် နည်းပြရာထူးအတွက် အိုင်ရာအိုလာကို ချဲလ်ဆီး ဆက်သွယ်မှု ပြုလုပ်လာ
=====================

ချဲလ်ဆီးဟာ ထုတ်ပယ်လိုက်တဲ့ လီယမ်ရိုဆင်နီယာနေရာတွင် အစားထိုးခန့်အပ်ရန်အတွက် ဘုန်းမောက်မှ ထွက်ခွာလာမယ့် အန်ဒိုနီအိုင်ရာအိုလာရဲ့ အေးဂျင့်များအား ဆက်သွယ်မှု ပြုလုပ်လာပါတယ်။
အသက် ၄၁ နှစ်ရှိ ရိုဆင်နီယာဟာ ချဲလ်ဆီးအား ၁၀၆ ရက်သာ ကိုင်တွယ်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲ ကြုံတွေ့ပြီနောက် ဗုဒ္ဓဟူးနေ့တုန်းက ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ရာသီအကုန်အထိ လက်ကျန်ပွဲများအား ကိုင်တွယ်ရန် ကယ်လမ်မက်ဖာလိန်းအား ခန့်အပ်ထားပါတယ်။
ချဲလ်ဆီးဟာ လာမယ့် ဇွန်လအထိ အမြဲတမ်းနည်းပြခန့်အပ်လာဦးမှာ မဟုတ်ဘဲ ယင်းကာလအတွင်းတွင် နည်းပြသစ်ခန့်အပ်ရေး ကြိုးပမ်းလာပါမယ်။
Football London ရဲ့ ဖော်ပြလာမှုအရ အသက် ၄၃ နှစ်ရှိ အိုင်ရာအိုလာဟာ ချဲလ်ဆီးနည်းပြရာထူးအတွက် လျာထားခြင်းခံရတဲ့ နည်းပြများထဲမှ တစ်ဦး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ရာသီအကုန်တွင် ဘုန်းမောက်မှ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ အိုင်ရာအိုလာရဲ့ အေးဂျင့်များနှင့် ဆက်သွယ်မှုများ ပြုလုပ်ကာ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ အိုင်ရာအိုလာရဲ့ အခြေအနေအား အစောပိုင်း စုံစမ်းမှုမျှသာ ပြုလုပ်ရသေးတာ ဖြစ်ပြီး ခန့်အပ်ရေး ဆွေးနွေးလာခြင်း မရှိသေးပါဘူး။
ဗယ်လီကာနိုနည်းပြဟောင်းဟာ လက်ရှိ ရာသီတွင် ဘုန်းမောက်အား ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်ကာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်ပေးနေသူ ဖြစ်ပါတယ်။
အိုင်ရာအိုလာကို ယူနိုက်တက်၊ လီဗာပူး၊ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း ခန့်အပ်ရေး စိတ်ဝင်စားနေကြပါတယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက် ရလဒ်ကောင်းများ ရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အခြေအနေကောင်းနေပေမယ့် အမြဲတမ်းနည်းပြရာထူးအတွက် မဆုံးဖြတ်ရသေးပါဘူး။
နယူးကာဆယ်ဟာ ဥရောပဝင်ခွင့် လွဲချော်လာနိုင်မှုနှင့်အတူ နည်းပြအက်ဒီဟောင်းရဲ့အနာဂတ်အား အလေးအနက်ထား စဉ်းစားနေပါတယ်။
လီဗာပူးနည်းပြအန်းဆလော့မှာလည်း နွေရာသီတုန်းက ပေါင်သန်းလေးရာကျော် အသုံးပြုကာ ကစားသမားခေါ်ယူအားဖြည့်ခွင့်ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားအား ကာကွယ်နိုင်ခြင်း မရှိမှုကြောင့် ဖိအားများအောက် ကျရောက်နေပါတယ်။
ပဲလေ့စ်က ရာသီအကုန်တွင် နည်းပြအိုလီဗာဂလပ်စ်နာ ထွက်ခွာလာမှာ ဖြစ်လို့ နည်းပြသစ် ရှာဖွေနေပါတယ်။
ချဲလ်ဆီးတို့ နည်းပြရာထူးအတွက် စိတ်ဝင်စားနေတဲ့အထဲမှာ အိုင်ရာအိုလာအပြင် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇာဘီးအလွန်ဆို၊ ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားတို့လည်း ပါဝင်နေပါသေးတယ်။

image

ဗြိတိန်သို့ ဥရောပပွဲ ကြီးကြပ်ရန် လာချိန်တွင် လူငယ်တစ်ဦးအား လိင်အကြမ်းဖက်မှုဖြင့် ယူအီးအက်ဖ်အေ ထိပ်တန်းဒိုင်တစ်ဦး ဖမ်းဆီးခံရ
=================

ယူအီးအက်ဖ်အေဒိုင်လူကြီးတစ်ဦးဟာ ဗြိတိန်သို့ ပွဲတစ်ပွဲ ကြီးကြပ်ရန် လာချိန်တွင် လူငယ်တစ်ဦးအား လိင်အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ဒိုင်လူကြီးဟာ ဥရောပွဲမတိုင်မီ ၎င်းရဲ့ ဟိုတယ်အခန်းထဲတွင် ဆယ်ကျော်သက်လူငယ်လေးအား မလိုလားအပ်တဲ့ ထိတွေ့မှု ပြုလုပ်ရန် ကြိုးပမ်းမှု၊ ဆွဲဆောင်ရန် ကြိုးပမ်းမှုတို့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ နိုင်ငံခြားသား ဒိုင်လူကြီးအား ယူအီးအက်ဖ်အေမှ တာဝန်ရှိသူများရဲ့ ရှေ့မှောက်တွင်ပင် ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဒိုင်လူကြီးဟာ လူငယ်လေးအား ဆန္ဒမပါဝင်ဘဲ ထိတွေ့ခြင်း၊ ဟိုတယ်အခန်းထဲသို့ ခေါ်ဆောင်ရန် ဖျားယောင်းခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။
ယင်းအမှုအား ယင်းလူငယ်လေး (သို့မဟုတ်) သူငယ်ချင်းတစ်ဦးက တိုင်ကြားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ဒိုင်လူကြီးဟာ ယူအီးအက်ဖ်အေမှ တာဝန်ရှိသူများရှေ့မှောက်တွင်ပင် ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ဆေးမေးမြန်းခြင်းခံရကာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ယင်းဒိုင်လူကြီးဟာ စွဲချက်တင်ခြင်းခံရပါက ဗြိတိန်သို့ လွဲပြောင်းခြင်းခံရနိုင်ကြောင်းလည်း သိရပါတယ်။
ယင်းဒိုင်လူကြီးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်မယ့် ဒိုင်လူကြီးများထဲမှ တစ်ဦးဖြစ်ပြီး ဖီဖာက ယင်းအမှု စုံစမ်းစစ်ဆေးခြင်းခံနေရဆဲ ကာလအတွင်းတွင် တာဝန်ထမ်းဆောင်ခွင့်ပေးလာမှာ မဟုတ်ပါဘူး။

image

ပရီးမီးယားလိဂ်ဖလားတိုက်ပွဲတွင် ပွဲကြပ်မကစားရစေရေး ပရီးမီးယားလိဂ်ထံ တောင်းဆိုမှု ပြုလုပ်လာတဲ့ မန်စီးတီး
====================

မန်စီးတီးဟာ ရာသီသိမ်း ၂ ပတ်တွင် ပွဲကြပ်များ မကစားရစေရေးအတွက် ပရီးမီးယားလိဂ်ထံ တောင်းဆိုမှု ပြုလုပ်လာပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ပြီးနောက် လာမယ့်လ ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးရေး ကြိုးပမ်းအတွက် ၆ ရက် (သို့မဟုတ်) ၇ ရက်အတွင်းတွင် ၃ ပွဲကစားရကိန်းဆိုက်နေပါတယ်။
ဒါပေမယ့် ပြိုင်ဘက်များက မန်စီးတီးကို မည်သည့်အထူးစပါယ်ရှယ်အခွင့်အရေးမျှ မပေးသင့်လို့ ယုံကြည်နေမှုနှင့်အတူ လာမယ့် တနင်္ဂနွေနေ့အထိ ပွဲစဉ်ဇယားရေးဆွဲရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရပါဦးမယ်။
မန်စီးတီးဟာ ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးရေး ပရီးမီးယားလိဂ် လက်ကျန်ပွဲ ၂ ပွဲအတွက် နေ့သစ်ရှာဖွေနေပါတယ်။
မန်စီးတီးဟာ ခါရာဘောင်ဖလားဗိုလ်လုပွဲကြောင့် ပဲလေ့စ်နှင့် အိမ်ကွင်းကို ရွှေ့ဆိုင်းခဲ့ရသလို အက်ဖ်အေဖလားဗိုလ်လုပွဲကြောင့် ဘုန်းမောက်နှင့်ပွဲကိုလည်း ရွှေ့ဆိုင်းရပါမယ်။
ပရီးမီးယားလိဂ်စည်းမျဉ်းအရ ပွဲများကို ကြားရက်ပွဲနားချိန်တွင် ကစားရမှာ ဖြစ်ပေမယ့် မန်စီးတီးဘက်က ပွဲကြပ်များ ဆက်တိုက်မကစားရရေး အပြင်းအထန် ကြိုးပမ်းနေပါတယ်။
တဖက်တွင် အခြားကလပ်များကလည်း အထူးစပါယ်ရှယ်အခွင့်အရေး မပေးဘဲ မန်စီးတီးအနေဖြင့် မေလ ၁၃ ရက်နေ့တွင် ပဲလေ့စ်နှင့်ပွဲကစားပြီးလျှင် စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲကစားစေလိုနေပါတယ်။
မန်စီးတီးရဲ့ ဘုန်းမောက်အား အဝေးကွင်းတွင် ကစားရမယ့်ပွဲကို ဗုဒ္ဓဟူးနေ့ညတွင် ယူရိုပါလိဂ်ဗိုလ်လုပွဲရှိနေမှုနှင့်အတူ မေလ ၁၉ ရက်နေ့ အင်္ဂါနေ့တွင် ကစားစေလာနိုင်ပါတယ်။
လက်ရှိအချိန်တွင် မည်သည့်ပွဲကိုမှ ရက်အတိအကျ မသတ်မှတ်သေးမှုနှင့်အတူ မန်စီးတီးဟာ လက်ကျန် ပွဲများကို နားရက်ပိုရပြီး ကစားနိုင်ရေး ကြိုးပမ်းနေပါတယ်။
မန်စီးတီးဟာ ၁ ပွဲလျှော့ကစားကာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၃ မှတ်ကွာဟပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ လာမယ့် မေလ ၂ ရက်နေ့ စနေနေ့ ဖူလ်ဟမ်နှင့် အိမ်ကွင်းပွဲစဉ်တွင် အနိုင်ရရှိလာပါက မန်စီးတီးအား ရမှတ် ၆ မှတ်ဖြတ်ထားနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။ မန်စီးတီးက မေလ ၄ ရက်နေ့ တနင်္လာနေ့တွင်မှ အဲဗာတန်အား အဝေးကွင်းသို့ သွားကစားရပါမယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုတွင်း အဝါကတ်များကို လွတ်ငြိမ်းခွင့်ပြုလာမည်
=====================

ဖီဖာဟာ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဝါကတ်များကို ဖျက်သိမ်းပြီး ပွဲပယ်ခံရနိုင်မှုမှ လွတ်မြောက်စေကာ စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ပြသခြင်းခံခဲ့ရတဲ့ အဝါကတ်အားလုံးကို ရှုံးထွက်အဆင့်သို့ မယူဆောင်စေဘဲ ပယ်ဖျက်လာမယ့်အပြင် ကွာတားဖိုင်နယ်ပြီးချိန်တွင်လည်း အဝါကတ်အား ပယ်ဖျက်ရန် စီစဉ်နေတာပါ။
လက်ရှိ စည်းမျဉ်းအရ အသင်းတစ်သင်းလျှင် ကွာတားဖိုင်နယ်သို့ ရောက်တဲ့အထိ ၅ ပွဲကစားရမှာ ဖြစ်ပြီး အဝါကတ် ၂ ကတ်ပြသခြင်းခံရပါက ၁ ပွဲပယ်ခံရပါမယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်းစနစ်ဖြင့် မဟုတ်ဘဲ ၄၈ သင်းစနစ်ကို ပြောင်းလဲ ကျင့်သုံးလာမှုနှင့်အတူ အသင်းများအနေဖြင့် အဆင့် တစ်ဆင့် ပိုကစားလာရမှာ ဖြစ်ပြီး ကစားသမားများမှာ ပွဲပယ်ခံရနိုင်ခြေ ပိုများနေပါတယ်။
ဖီဖာဘက်က စည်းမျဉ်းကို အပြောင်းအလဲ မပြုလုပ်ပါက ကစားသမားများမှာ ဆီမီးဖိုင်နယ်သို့ ရောက်ချိန်တွင် ပွဲပယ်ခံလာနိုင်ခြေ ပိုများနေပါတယ်။
ဒါကြောင့်လည်း ဖီဖာဟာ ကစားသမားများအတွက် မျှတမှု ဖြစ်လာစေရန်အတွက် အဝါကတ် ၃ ကတ်လျှင် ၁ ပွဲပယ်စေတဲ့ စနစ်မျိုးကို အသုံးပြုခြင်းထက် အဝါကတ်မှ လွတ်ငြိမ်းခွင့်ပြုတဲ့စနစ်ကို အသုံးပြုရေး ဆွေးနွေးလာကြပါမယ်။
ဖီဖာကောင်စီဟာ ယနေ့ အင်္ဂါနေ့တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားတွင် ပြုလုပ်မယ့် အစည်းအဝေးတွင် ကမ္ဘာ့ဖလားမှာ အသုံးပြုလာမယ့် အဝါကတ်ပြစ်ဒဏ်နှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးမှုများ ပြုလုပ်လာပါမယ်။
အဝါကတ် ၂ ကတ်လျှင် ၁ ပွဲပယ်တဲ့ စနစ်ကို အသုံးပြုလာမှာ ဖြစ်ပေမယ့် စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ အဝါကတ်လွတ်ငြိမ်းခွင့် ရရှိကာ ပွဲပယ်ခံရမယ့် ကစားသမားအရေအတွက် နည်းပါးလာမှာလည်း ဖြစ်ပါတယ်။

image

ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်လာပြီးနောက် ယူနိုက်တက်စတားများကို မိုက်ကယ်ကာရစ် သတိပေးလာ
======================

မိုက်ကယ်ကာရစ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမှုအပေါ် အပျော်မလွန်ကြရန်နှင့် ကလပ်အနေဖြင့် လာမယ့်နှစ်များတွင် ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ရန် ရည်မှန်းချက်ထားရမည်ဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့ညတုန်းက ဘရန့်ဖို့ဒ်ကို ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် လက်ကျန်ပွဲများတွင် ရမှတ် ၂ မှတ်ရရှိရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး သေချာလာတော့မှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မီရိုရဲ့ ယခုရာသီ ၉ ဂိုးမြောက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် ဘင်ဂျာမင်ဆက်စ်ကိုရဲ့ အနိုင်သေချာစေမယ့်ဂိုးဖြင့် ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မိုက်ကယ်ကာရစ်က "ကိုယ့်အခွင့်အရေး ကိုယ်ရလာအောင် လုပ်နိုင်ခဲ့ကြတယ်။ နောက်ဆုံး ၂ ပွဲရလဒ်က အရေးပါတယ်။ ခက်ခဲတဲ့ လိဂ်တစ်ခုပါ။ ကျွန်တော်တို့ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး နောက်ပြန်ဆုတ်ပြီးတော့မှ ဗီလာကို အနိုင်ရပြီး လိုအပ်တဲ့ နိုင်ပွဲရယူနိုင်ခဲ့ကြတယ်။ လိဒ်ကို ရှုံးပြီးတော့လည်း နောက်တစ်ကြိမ် ပြန်ထနိုင်ခဲ့တယ်။ ဒီအတွက် ကောင်လေးတွေကို ချီးကျူးပါတယ်။ ချန်ပီယံလိဂ်က ကျွန်တော်တို့ ပစ်မှတ်ပါ။ ဒါပေမယ့် ဒီအတွက် အပျော်မလွန်ဖို့ လိုတယ်။ ကျွန်တော်တို့က လိဂ်မှာ ပိုကြီးကျယ်တာအတွက် စိန်ခေါ်လိုတယ်။ အမှတ်ပိုလိုချင်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်တောင် ကျွန်တော်တို့ရဲ့ ရာသီက အဆုံးမသတ်ပါဘူး။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ ဒီအောင်မြင်မှုရအောင်ကြိုးစားရမယ်၊ လုပ်ရမယ်။ ဒါပေမယ့် အများကြီး လုပ်ဖို့ လိုသေးတယ်"လို့ ပြောကြားသွားပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ၄-၂-၃-၁ ကစားကွက်ဖြင့် စတင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ယခင်နည်းပြအမိုရမ်လက်ထက်တုန်းက အသုံးပြုခဲ့တဲ့ နောက်တန်းသုံးယောက်စနစ်ကို အသုံးပြုကစားသွားခဲ့ပါတယ်။

image

El Clasico ပွဲတွင် ရီးရဲလ်မက်ဒရစ်စူပါစတားဘက်ပေး ပါဝင်ရန် မရေမရာ ဖြစ်နေ
=================

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကိုင်လီယန်ဘက်ပေးဟာ တံကောက်ကြောဒဏ်ရာကြောင့် လာမယ့်လ ဘာစီလိုနာနှင့် ကစားရမယ့် El Clasico ပွဲစဉ်တွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ သောကြာနေ့တုန်းက ဘက်တစ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်က ဘက်ပေးမှာ ဘယ်ဖက်ခြေထောက်ကြွက်သားဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာတိုးတက်မှုအခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၁၁ မှတ်ကွာဟကာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် အက်စ်ပန်ညိုအား အဝေးကွင်းသို့ သွားရောက် ကစားပြီးနောက် လာမယ့် မေလ ၁၀ ရက်နေ့တွင် နူးကမ့်သို့ သွားရောက်ကာ El Clasico ပွဲကစားရပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်မှလည်း ထွက်ခွာထားရကာ ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံလာတော့မှာလည်း ဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းကလည်း ဒူးဒဏ်ရာရရှိခဲ့ဖူးတဲ့ ဘက်ပေးဟာ ယခုရာသီတွင် လာလီဂါ ၂၈ ပွဲတွင် ၂၄ ဂိုးသွင်းထားသလို ချန်ပီယံလိဂ် ၁၁ ပွဲတွင်လည်း ၁၅ ဂိုးသွင်းထားကာ ပြိုင်ပွဲနှစ်ရပ်လုံးရဲ့ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

image

ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီလာတဲ့အပြင် ပရီးမီးယားလိဂ်စံချိန်သစ် ရေးထိုးနိုင်ရန်လည်း နီးစပ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်
=====================

ဘရူနိုဖာနန်ဒက်စ်ဟာ တနင်္လာနေ့ညတုန်းက ဘရန့်ဖို့ဒ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဘင်ဂျာမင်ဆက်စ်ကို ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ဂိုးရရှိရာမှာ ပါဝင်ပတ်သက်မှု အကြိမ် ၁၄၀ ရှိသွားပြီဖြစ်ပြီး ပေါ်တူဂီကစားဖော် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီလာပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်တွင် ဂိုး ၇၀ သွင်းယူပြီး အကြိမ် ၇၀ ဖန်တီးမှု ပြုလုပ်နိုင်ထားနိုင်ပြီဖြစ်ကာ ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီလာတာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း ယူနိုက်တက်တွင် ကစားတဲ့ နှစ်ကြိမ်တွင် ၁၀၃ ဂိုးသွင်းကာ ၃၇ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ မတ်လကတည်းက ယူနိုက်တက်သမိုင်းတွင် တစ်ရာသီတည်း ဖန်တီးမှု အများဆုံးစံချိန်အဖြစ် ရေးထိုးခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းရဲ့ ၁၉၉၉-၂၀၀၀ ရာသီတုန်းက ၁၅ ကြိမ် ဖန်တီးထားနိုင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်ပွဲစဉ်မှ ဖန်တီးမှုကြောင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဖန်တီးထားနိုင်မှု ၁၉ ကြိမ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းတင် ဖန်တီးမှု အများဆုံးပြုလုပ်ထားတဲ့ သီယာရီဟင်နရီနှင့် ကီဗင်ဒီဘရိုင်းတို့ရဲ့ အကြိမ် ၂၀ စံချိန်ကို လိုက်မီရန် ၁ ကြိမ်တည်းသာ လိုတော့ပြီလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီတွင် ထိပ်တန်းခြေစွမ်းဖြင့် ကစားနိုင်မှုနှင့်အတူ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် အာဆင်နယ်စတားဒီကလန်ရိုက်နှင့် အပြိုင် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ကတော့ "သူ ရလာဖို့ မျှော်လင့်တယ်။ ဒီဆုနဲ့ သူ ထိုက်တန်ပါတယ်။ သူ့ရဲ့ ပွဲမှာ လုပ်ပြနိုင်မှု၊ သူ ဖန်တီးခဲ့တဲ့ အခိုက်အတန့်တွေကြောင့်ပေါ့။ ဒီဖန်တီးမှု၊ ဒီသွင်းဂိုးတွေကြောင့်ပေါလေ။ ပြီးတော့ သူ့ရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်မှုပါ။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခု ပိုင်ဆိုင်နေတာပါ"လို့ ပြောကြားသွားပါတယ်။

image