တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင် ၁ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အနည်းငယ်သော အပြောင်းအလဲတစ်ခုကပင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အတူတကွ စီမံခန့်ခွဲသင့်ပြီး အပြန်အလှန်လေးစားမှုနှင့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားရန် လိုအပ်ကြောင်း ဝမ်ယိက တိုက်တွန်းခဲ့သည်။
ယခုဖုန်းဆက်သွယ်ဆွေးနွေးမှုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ မေလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုတွေ့ဆုံပွဲတွင်လည်း ထိုင်ဝမ်အရေးကို မှားယွင်းစွာ ကိုင်တွယ်ပါက တရုတ်-အမေရိကန် ဆက်ဆံရေးကို အန္တရာယ်ရှိသည့် အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း တရုတ်ဘက်က သတိပေးခဲ့သည်။
ဝမ်ယိက နှစ်နိုင်ငံအနေဖြင့် အတားအဆီးများနှင့် အနှောင့်အယှက်များကို လျှော့ချကာ အကျိုးဖြစ်ထွန်းပြီး မဟာဗျူဟာအရ တည်ငြိမ်သည့် ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝမ်ယိနှင့် မာကို ရူဘီယိုတို့သည် နှစ်နိုင်ငံအကြား ဆက်သွယ်ဆွေးနွေးမှုများကို ပြောင်းလွယ်ပြင်လွယ်ရှိသည့် နည်းလမ်းဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။

image

ဖလမ်းယာယီဆေးရုံတွင် လူနာ (၁,၀၈၈) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးထား

တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဆေးရုံလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းအခြေအနေများနှင့် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေမှု အခြေအနေများကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဗားရ်တံတားတို့ကို စစ်ဆေးခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများကို အမြန်ပြုပြင်ထိန်းသိမ်း၍ ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊ မိုးရာသီအတွင်း လမ်းနှင့်တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်ပြိုမှုကြောင့် လမ်းပြတ်တောက်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဖလမ်းမြို့ ယာယီဆေးရုံသို့ သွားရောက်၍ မြို့မိမြို့ဖများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ယာယီဆေးရုံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ Mobile ခွဲစိတ်ခန်း တပ်ဆင်ထားရှိမှု၊ ရေ၊ လျှပ်စစ်ရရှိမှု၊ ဆေးရုံတိုးချဲ့နိုင်မည့် အခြေအနေနှင့် ဆေးဝါးလုံလောက်မှုအခြေအနေများအပြင် ဆေးကုသမှုပေးနေမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖလမ်းယာယီဆေးရုံ၌ ဆေးရုံအုပ်ကြီးအပါအဝင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၉၀) ဦးဖြင့် ပြင်ပလူနာ (၅၀) ဦးနှင့် အတွင်းလူနာ (၈) ဦးကို ဆေးကုသမှုပေးလျက်ရှိပြီး၊ ဆေးရုံဖွင့်လှစ်ချိန်မှစ၍ ယနေ့အထိ လူနာစုစုပေါင်း (၁,၀၈၈) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ကာကွယ်ဆေးထိုးနှံမှု (၂၄) ဦးအထိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

image

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ်များအတွက် One-Stop Service စနစ်ဖြင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေစွာ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးကျန်းမာ ဘက်စုံစောင့်ရှောက်ကုသမှု (One-Stop Service) ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြင်ပလူနာဌာနတွင် ဆေးပညာဌာန၊ ဆီးချိုနှင့်ဟော်မုန်းဌာန၊ အရိုးနှင့်ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန၊ အရေပြားဌာန၊ သွားနှင့်ခံတွင်းဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းအထူးကုဌာနနှင့် စိတ်ကျန်းမာရေးအထူးကုဌာနတို့မှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လူနာများ၏ လိုအပ်ချက်အရ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ကူးစစ်ဆေးခြင်းနှင့် အခြားလိုအပ်သော ရောဂါရှာဖွေစစ်ဆေးမှုများကိုလည်း One-Stop Service စနစ်ဖြင့် တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ အထူးကုဌာနများ ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အထူးကုဆရာဝန်များထံ အဆင်ပြေစွာ ကုသမှုခံယူနိုင်စေရန်၊ စောင့်ဆိုင်းချိန်နှင့် သွားလာရသည့် အခက်အခဲများကို လျှော့ချနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

၂၀၂၆ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပ
ဇူလိုင် ၆ ရက်အထိ နေပြည်တော်တွင် အခမဲ့ကြည့်ရှုအားပေးနိုင်

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသား/အမျိုးသမီးပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပလျက်ရှိပြီး ဇူလိုင် ၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲပထမနေ့၌ ကျင်းပသည့် ၆ ပေါက်တန်း အမျိုးသားပြိုင်ပွဲတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၀၈ ဖြင့် အမြင့်ဆုံးရမှတ်ရရှိခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ၁၂၈၉ မှတ်၊ သာသနာရေးဝန်ကြီးဌာနအသင်းက ၈၀၉ မှတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ၆၈၁ မှတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ၆၃၁ မှတ်နှင့် အလုပ်သမားဝန်ကြီးဌာနအသင်းက ၅၂၀ မှတ်တို့ အသီးသီးရရှိခဲ့ကြသည်။
၄ ပေါက်တန်း အမျိုးသမီးပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ၆၇၁ မှတ်ဖြင့် ဦးဆောင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ၆၀၉ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ၆၀၈ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ၄၃၁ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ၄၀၀ မှတ်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ၃၈၇ မှတ် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်တွင် ၆ ပေါက်တန်း အမျိုးသားပြိုင်ပွဲ ဒုတိယနေ့အဖြစ် ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အသင်းများ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များနှင့် ပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

image

ဘီလာရုစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဒေသတွင်းစံနမူနာဖြစ်အောင် တည်ဆောက်သွားမည်ဟု သမ္မတလူကာရှန်ကိုပြောကြား

သမ္မတလူကာရှန်ကို၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားဖြစ်စေမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့သည် ယနေ့တွင် တစ်ဦးချင်းသီးသန့် (One-on-One) တွေ့ဆုံဆွေးနွေးမှု ကိုသမ္မတအိမ်တော်၊ ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ လူကာရှန်ကို၏ ယခုခရီးစဉ်သည် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာတိုးတက်စေရန် အားကောင်းသည့် တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘီလာရုစ်သမ္မတ လူကာရှန်ကိုကလည်း မြန်မာနှင့် ဘီလာရုစ်တို့အကြား ဆက်ဆံရေးကို ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် စံနမူနာပြုနိုင်မည့် အဆင့်သို့ ရောက်ရှိအောင် အတူတကွ တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။

image

နိုင်ငံတော်သမ္မတ၏ ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းတင်ပို့နိုင်ငံ မူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက ဆင်းရဲနွမ်းပါးမှု အမြစ်ပြတ်တိုက်ထုတ်နိုင်မည်ဟု ဒေါက်တာခိုင်ခိုင်စိုး ပြောကြား

နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို မူဝါဒအဖြစ် ချမှတ်ပေးထားပြီး ယင်းမူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ်တိုက်ထုတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဇွန် ၃၀ ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုးက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေဆဲဖြစ်သည့်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အစိုးရအဆက်ဆက် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင်မူ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံထားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ လက်ရှိစိုက်ပျိုးလျက်ရှိသည့် ဧကများတွင် သီးနှံအထွက်နှုန်းတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောသည်။
ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတကြီး၏ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ခရီးစဉ်များတွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများနှင့် AI နည်းပညာများကို အသုံးချ၍ ဒေသဖွံ့ဖြိုးရေးမြှင့်တင်နိုင်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် သီးနှံအထွက်နှုန်းတိုးတက်စေရေးတို့ကို အဓိကရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း ထွက်ရှိလာသည့် ကုန်ပစ္စည်းများ ဈေးကောင်းရရှိရေး၊ အရည်အသွေးမြင့်မားရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် MSME လုပ်ငန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့် အခြေခံမဏ္ဍိုင်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် မဖြစ်မနေအားပေးဆောင်ရွက်ရမည့် ကဏ္ဍဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် MSME လုပ်ငန်းများသည် ကျေးလက်ဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများနှင့် ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး အစိုးရအနေဖြင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။

image

ငြိမ်းချမ်းရေးသည် နံပါတ် (၁) ဦးစားပေးဖြစ်ပြီး ငြိမ်းချမ်းရေးလိုလားသူ မည်သူ့ကိုမဆို အချိန်မရွေး တံခါးဖွင့်ကြိုဆိုမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်သမ္မတကြီး၏ အစိုးရသစ်အတွက် ဦးစားပေးမူဝါဒမှာ ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးသည် “နံပါတ် (၁)” ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက အတိအလင်း ပြောကြားထားသလို၊ ရက်(၁၀၀) စီမံချက်အတွင်း အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကာ ရက်(၁၀၀) ကျော်လွန်သွားသည့်တိုင် ငြိမ်းချမ်းရေးလိုလားသူ မည်သူ့ကိုမဆို တံခါးဖွင့်လှစ်၍ ဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယင်းကို ဇွန်လ ၃၀ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ယခုအစိုးရလက်ထက်မှာ ပထမဦးဆုံးစလုပ်တာက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ရက်(၁၀၀)အတွင်း အောင်မြင်အောင် ကြိုးပမ်းသွားမယ်။ ရက်(၁၀၀) ကျော်သွားရင်လည်း ငြိမ်းချမ်းရေးလိုချင်သူ မည်သူမဆို လာခဲ့ပါ၊ တံခါးဖွင့်ကမ်းလှမ်းကြိုဆိုပါတယ်ဆိုပြီး နိုင်ငံတော်သမ္မတကြီးက ပြောကြားထားပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုများကို ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က အဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ NCA မရေးထိုးရသေးသည့် အဖွဲ့များနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
မကြာသေးမီကလည်း မိုင်းလားဒေသနှင့် “ဝ” ဒေသသို့ သွားရောက်၍ NDAA နှင့် “ဝ” အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုများတွင် ငြိမ်းချမ်းရေးအပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ ဆရာ၊ ဆရာမများ ခန့်ထားရေးစသည့် ပြည်သူလူထုအကျိုးပြုကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် “ဝ” အဖွဲ့ဘက်ကလည်း နိုင်ငံရေးအခင်းအကျင်းကို ယခုထက် ပိုမိုကောင်းမွန်လာစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ဆွေးနွေးခဲ့ကြောင်း၊ “ဝ” ဒေသနှင့် မိုင်းလားဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ ရလဒ်ကောင်းများ ရရှိခဲ့ပြီး ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒေါက်တာခိုင်ခိုင်စိုးက လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အချိန်ကန့်သတ်ချက် သို့မဟုတ် ကြိုတင်သတ်မှတ်ထားသည့် အခြေအနေများ မရှိကြောင်း၊ ငြိမ်းချမ်းရေးလိုလားသူ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ပြီး အပြည့်အဝ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို တွေ့ဆုံ

နှစ်နိုင်ငံ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ဇူလိုင်လ (၂) ရက်နေ့ ညပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။
ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂ ရက် ညပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး၊ ရောက်ရှိပြီးနောက် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတအနေဖြင့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ တကူးတက အလုပ်သဘောချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းသည် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အထူးချစ်ကြည်ရင်းနှီးမှုနှင့် လေးစားတန်ဖိုးထားမှုကို ဖော်ပြသည့် ခရီးစဉ်ဖြစ်သဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြားရှိ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရန် အားကောင်းသည့် တွန်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ဘီလာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုကလည်း နှစ်နိုင်ငံအကြားသာမက ခေါင်းဆောင်နှစ်ဦးအကြားတွင်လည်း အပြန်အလှန် ယုံကြည်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း၊ လက်ရှိအခြေအနေသည် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းရမည့် အချိန်ကာလဖြစ်ကြောင်း၊ ဒေသတွင်း အခြားနိုင်ငံများအတွက် စံနမူနာဖြစ်စေမည့် နှစ်နိုင်ငံဆက်ဆံရေးကို အတူတကွ တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍများနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရေးအပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများကို ကဏ္ဍပေါင်းစုံတွင် ဆက်လက်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ S

image

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
လာအိုနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတနှင့် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး လာအိုနိုင်ငံဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။

image

ပြည်တွင်းစက်သုံးဆီဈေး (၁၁) ပတ်ဆက်တိုက် ကျဆင်း၊ ဒီဇယ်တစ်လီတာ ကျပ် ၃,၀၀၀ ဝန်းကျင်သို့ ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်၍ (၁၁) ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၃၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃,၀၉၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကော်မတီက ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron တစ်လီတာ ၃,၃၆၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာ ၃,၄၁၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၃,၀၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၃,၈၀၀ ကျပ်ဖြစ်ပြီး အဆိုပါရည်ညွှန်းဈေးနှုန်းများကို ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
ယခုတစ်ပတ်ဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၂၅၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၂၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၄၄၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၉၀ ကျပ်စီ ထပ်မံကျဆင်းလာခဲ့သည်။
ထို့ပြင် ဧပြီ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက (၁၁) ပတ်အတွင်း ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁,၃၇၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁,၅၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃,၃၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃,၉၅၅ ကျပ်အထိ အသီးသီးကျဆင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၈ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများတွင် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများ တွေ့ရှိပါက ကော်မတီ၏ တိုင်ကြားရေးဖုန်းနံပါတ်များဖြစ်သည့် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image