၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ အာဖရိကအသင်း ၄ သင်း
====================
အယ်ဂျီးရီးယား၊ မော်ရိုကို၊ ကင်မရွန်းနှင့် မာလဝီတို့ဟာ ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၇ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
အမျိုးသမီးအာဖရိကဖလားပြိုင်ပွဲကို မော်ရိုကိုမှာ ကျင်းပနေတာ ဖြစ်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်တဲ့အသင်း ၄ သင်းလုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာစေခဲ့ပါတယ်။
အယ်ဂျီးရီးယားက ကွာတားဖိုင်နယ်တွင် ၁၀ ယောက်ကျန် အိုင်ဗရီကို့စ်ကို ၂-၁ ဖြင့် အနိုင်ရကာ အာဖရိကဖလားဆီမီးဖိုင်နယ်သို့ တက်ရောက်ပြီး ကမ္ဘာဖ့လားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာပါတယ်။
အိမ်ရှင်မော်ရိုကိုအသင်းကလည်း တောင်အာဖရိကကို ၂-၁ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့သလို ကင်မရွန်းကလည်း နိုင်ဂျီးရီးယားကို ၁-၀ ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၁၅၃ နေရာမှာသာ ရပ်တည်နေတဲ့ မာလဝီဟာ ဂါနာကို နောက်က လိုက်ကစားပြီး ၂-၁ ဖြင့် အနိုင်ယူကာ တစ်ကမ္ဘာလုံး အံ့ဩသင့်အောင် လုပ်ပြသွားပါတယ်။
အမျိုးသမီးအာဖရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့မှာ ကစားလာမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်တွင် မော်ရိုကိုနှင့် ကင်မရွန်း၊ အယ်ဂျီးရီးယားနှင့် မာလဝီတို့ တွေ့ဆုံနေပါတယ်။
အမျိုးသမီးအာဖရိကဖလားကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့တဲ့ ဂါနာ၊ အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကတို့အတွက်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်မယ့် အခွင့်အရေးတစ်ရပ် ကျန်ရှိနေပါသေးတယ်။
ကြာသပတေးနေ့မှာ အိုင်ဗရီကို့စ်နှင့် ဂါနာ၊ နိင်ဂျီးရီးယားနှင့် တောင်အာဖရိကတို့ ရင်ဆိုင်ကစားကြမှာ ဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းက နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ကျင်းပမယ့် အသင်း ၁၀ သင်းပါ intercontinental ပလေးအော့ဖ်ထပ်ကစားရပါမယ်။
intercontinental ပလေးအော့ဖ်မှ အသင်း ၃ သင်းက လာမယ့်နှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါမယ်။
လက်ရှိအချိန်တွင် အမျိုးသမီးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အခြားတိုက်များမှ အသင်းများအဖြစ် အာရှမှ ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ ဖီးလစ်ပိုင်၊ တောင်ကိုရီးယားတို့ ရှိနေပြီး ဥရောပမှ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီနှင့် စပိန်တို့ ထွက်ပေါ်ထားပါတယ်။
ဒါ့အပြင် သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်၊ တောင်အမေရိကမှ အာဂျင်တီးနား၊ ဘရာဇီး၊(အိမ်ရှင်)၊ ကိုလံဘီယာတို့ ထွက်ပေါ်ထားပါတယ်။