အပျော်စီးလှေတွင် ဘီကီနီဝတ်အမျိုးသမီးများနှင့်အတူ ပါတီပွဲ ပြုလုပ်ခဲ့တဲ့ ရက်ဖို့ဒ်
====================

အင်္ဂလန်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ဟာ အပျော်စီးဇိမ်ခံသင်္ဘောတွင် ဘီကီနီဝတ်အမျိုးသမီးများနှင့် ပါတီပွဲ ပြုလုပ်ကာ အားလပ်ရက်အပန်းဖြေနေ့ရက်များအား လှပစွာ ကုန်ဆုံးလျက်ရှိနေပါတယ်။
အင်္ဂလန်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟာ တစ်ပုလင်းလျှင် ပေါင် ၂၇၀ အထိပေးရတဲ့ Armand de Brignac Brut Gold ရှန်ပိန်ပုလင်းကိုလည်း သူငယ်ချင်းများနှင့်အတူ သောက်ခဲ့တာ တွေ့ရပါတယ်။
သူဟာ တန်ဖိုးကြီး Louise Vuitton ဖိနပ်စီးထားပြီး “Home is where the heart is” ဆိုတဲ့စာသားပါ ငွေရောင်ဆွဲကြိုးဆွဲထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ ပေါင် ၂၃၀၀၀ တန်ဖိုးရှိ အနက်ရောင် Hublot Square Bang Unico နာရီပတ်ထားပါသေးတယ်။
တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေတဲ့ အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီးတွင် French Riviera မှာ သင်္ဘောတစ်စီးငှားရမ်းပြီး အမျိုးသမီး ၁၀ ဦးနှင့်အတူ ပါတီပွဲ ပြုလုပ်နေတာပါ။ ယင်းအမျိုးသမီးအုပ်စုထဲမှာ သူ့ချစ်သူ လူစီယာလွိုင်တော့ ပါဝင်တာ မတွေ့ရပါဘူး။
ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် တစ်ရာသီကြာ အငှားဖြင့် သွားရောက်ကစားပြီးနောက် မိခင်ကလပ် ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာရတော့မှာလည်း ဖြစ်ပါတယ်။
သူဟာ လာမယ်အပတ်တွင် မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရက်ဖို့ဒ်ကို ထပ်မံ အငှားချထားရန် အစီအစဉ်မရှိတော့ဘဲ အပြီးသတ် ရောင်းချမှုသာ ပြုလုပ်လိုနေပါတယ်။
ရက်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲ ကစားပြီးနောက် ၄၂၆ ပွဲကစားထားသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ချက်ကလပ် ဗစ်တိုးရီးယားပါဇန်နှင့် ယူရိုပါလိဂ်တွင် ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရူဘင်အမိုရမ်နှင့် ပြဿနာတက်ကာ ဗီလာ၊ ဘာစီလိုနာသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဒဗ္ဗလင်တွင် လိဒ်နှင့် ကစားရမယ့်ပွဲစဉ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲအဖြစ် ပါဝင်ကစားလာနိုင်ပါတယ်။
ပြီးလျှင် ယူနိုက်တက်ဟာ လာမယ့် စနေနေ့မှာ နည်းပြဟောင်းရူဘင်အမိုရမ်ကိုင်တွယ်နေတဲ့ အေစီမီလန်နှင့် ခြေစမ်းပွဲကစားပါဦးမယ်။

image

မည်သည့်ရီးရဲလ်မက်ဒရစ်ကစားသမားဆို မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းကြီး ၃ ရပ်ကို ဂျိုဆေးမော်ရင်ဟို ချမှတ်လာ
=====================

ဂျိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်သို့ နည်းပြအဖြစ် တကျော့ပြန်ရောက်လာပြီးနောက် ကစားသမားတိုင်း လိုက်နာရမယ့် စည်းကမ်းချက်ကြီး ၃ ရပ်ကို ချမှတ်အသုံးပြုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကြီးမားတဲ့ သမိုင်းကြောင်းကြီးများ ပိုင်ဆိုင်ထားပေမယ့်လည်း နှစ်ရာသီဆက် အဓိကဆုဖလားလက်မဲ့ ဖြစ်ပြီးနောက် နည်းပြဟောင်းမော်ရင်ဟိုအား ပြန်လည် ခန့်အပ်ကာ ခေတ်သစ် ပြန်လည်ရေးသားရန် လုပ်ဆောင်နေပါတယ်။
မော်ရင်ဟိုဟာ ဘာနေဗျူးသို့ တကျော့ပြန် ရောက်လာပြီးနောက် ဘာနာဒိုဆေးလ်ဗား၊ အီဘရာဟမ်ကိုနာတေးတို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသလို ချဲလ်ဆီးနောက်ခံလူမာ့ခ်ကူကူရယ်လာကို ပေါင် ၅၂ သန်းဖြင့်လည်းကောင်း၊ ရက်ဘူးလ်လိုက်ဇစ်မှ ယန်ဒေယိုမန်ဒီကို ပေါင် ၁၂၅ သန်းဖြင့်လည်းကောင်း ခေါ်ယူထားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ စူပါစတားဗီနီရှပ်စ်ဂျူနီယာကိုလည်း ၆ နှစ်စာချုပ်သစ်ချုပ်ဆိုထားပါသေးတယ်။
ရီးရဲလ်မက်ဒရစ်သို့ တကျော့ပြန် ရောက်လာပြီးနောက် သမိုင်းသစ် ထပ်မံရေးသားရန် ကြံစည်နေတဲ့ မော်ရင်ဟိုဟာ ကစားသမားတိုင်း မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၃ ခုကို ချမှတ် အသုံးပြုနေကြောင်း AS က ဖော်ပြလာပါတယ်။
မော်ရင်ဟိုရဲ့ နံပါတ် ၁ စည်းကမ်းက အဟာရနှင့် သက်ဆိုင်ပါတယ်။ ကွင်းအတွင်း မြင့်မားတဲ့ စွမ်းဆောင်ရည်ပြသနိုင်ဖို့ဆိုတာ မီးဖိုချောင်က စတင်တယ်ဆိုတာနဲ့အညီ မော်ရင်ဟိုဟာ ကစားသမားတိုင်းအနေဖြင့် အသင်းက စီစဉ်ပေးထားတဲ့ အစားအသောက်များကိုသာ ရွေးချယ်စားသောက်ခွင့် ရှိပါတယ်။
နံပါတ် ၂ စည်းမျဉ်းက လေ့ကျင့်ခန်းအစီအစဉ်သို့ နောက်ကျမှ ရောက်လာသူများကို အရေးယူလာမယ့်အချက် ဖြစ်ပါတယ်။ ငွေဒဏ်မဟုတ်ပါဘူး။ အားကစားခန်းမတွင် တစ်နာရီတိတိ တစ်ဦးတည်း ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
နံပါတ် ၃ စည်းမျဉ်းက ဒဏ်ရာရရှိတဲ့ ကစားသမားတိုင်းက အသင်းရဲ့ ဆေးဌာနတွင်သာ ဆေးကုသမှု ခံယူရမှာ ဖြစ်ပြီး ပြင်ပတွင် စိတ်ကြိုက်ဆရာဝန်ဖြင့် ကုသခွင့် မပေးတော့ပါဘူး။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်တုန်းက တစ်ရာသီတည်းနိုင်ပွဲအများဆုံးစံချိန်၊ အဝေးကွင်းနိုင်ပွဲအများဆုံးစံချိန်တို့ ရရှိခဲ့ဖူးသလို ခရစ္စတီယာနိုရော်နယ်ဒိုကို တောင်ပံကစားသမားအဖြစ်မှ ဗဟိုတိုက်စစ်မှူးအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးပါတယ်။

image

မြဝတီမြို့တွင် မူးယစ်​ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် ​လောင်းကစားလုပ်ငန်းများ ပ​ပျောက်​စေ​ရေးအတွက် ငါးဂိမ်း​လောင်းကစားရုံများ ဖမ်းဆီး​ရေး အရှိန်အဟုန်မြှင့် ​ဆောင်ရွက်

ကရင်ပြည်နယ်၊မြဝတီ နယ်စပ်မြို့ တွင် မူးယစ်​ဆေးဝါး ၊ ဒုစရိုက်မှုများနှင့် ​လောင်းကစားလုပ်ငန်းများ ပ​ပျောက်​စေ​ရေးအတွက် ငါးဂိမ်း​လောင်းကစား ရုံများ ဖမ်းဆီး​ရေး အရှိန်အဟုန်မြှင့် ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။
မြဝတီမြို့တွင် ငါးဂိမ်းရုံများ၊ ငါးဂိမ်းလောင်းကစားခြင်းများနှင့် ပတ်သက်၍ ထပ်မံလုပ်ကိုင်နေခြင်း မရှိစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ မိမိအမာခံသတင်းပေးများထံမှ သတင်းရရှိပါက ဖမ်းဆီးရမိရေး အရှိန်အဟုန်တိုးမြှင့်၍ ဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း က ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၌ ဖြေကြားခဲ့ကြောင်း သိရသည်။

image

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံး

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံးကြောင်း ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားထားချက်အရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၁ ရက်တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်ထိ ဆေးရုံတက်လူနာ (၉၈)ဦး၊ ဆေးရုံဆင်း (၈)ဦး၊ အသက် ၉၂ အရွယ် သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမားရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

image

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ PARKROYAL Hotel ၌ ဗဟိုပြု၍ ကျင်းပနေခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာများအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ဆက်စပ်ဗဟိုဌာနများနှင့် ပူးပေါင်း၍ လက်တွဲဖြေရှင်း ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ASOEN ဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဝန်ကြီးဌာန၊ မူဝါဒ၊စီမံကိန်းနှင့် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones က Online မှ ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံ အထူးပြု မိုးလေဝသဗဟိုဌာနတို့မှ ကိုယ်စားလှယ်များလည်း Online မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ဖလမ်းမြို့တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိ

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း သိရသည်။
ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိ မဟာဓာတ်အားလိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းပြင်ဆင်နေမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယမန်နေ့က ပြင်ဆင်နေမှု အခြေအနေများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရို-က်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရို-က်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် တာဝန်ရှိသူများသည်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sheet Pile ရို-က်သွင်းရာတွင် သံချောင်းအရေအတွက်မှာ ၂၈၆ ချောင်း ရို-က်သွင်းရမည်ဖြစ်ရာ ယနေ့အထိ ရို-က်သွင်းပြီးစီးမှုမှာ ၅၅ ချောင်း ရို-က်သွင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောလုပ်ငန်းများအား စက်ယာဉ်/ယန္တရားများဖြင့် လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ထိုင်းတွင် တရားမဝင် မြန်မာနှင့် တရုတ်လုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က တရုတ်လူမျိုးပိုင် ဒေတာစင်တာတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက်စီးနင်းမှုတွင် မြန်မာနှင့် တရုတ်နိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဝင်ရောက်စီးနင်းခဲ့သည့် လုပ်ငန်းခွင်သည် ဘန်ချန်းခရိုင် အမှတ် ၆ ကျေးရွာရှိ ဧက ၁၀၀ ကျော်ရှိသော မြေကွက်တစ်ခုဖြစ်သည်ဟု ရယောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ပြောဆိုခဲ့သည်။
ကနဦးစစ်ဆေးမှုအရ တရုတ်ရင်းနှီးမြှုပ်နှံသူများမှ ရန်ပုံငွေထောက်ပံ့ထားသော ဆောက်လုပ်ဆဲဒေတာစင်တာရှိ စခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့နှင့် ပြည်နယ်အလုပ် အကိုင်ခန့်ထားရေးရုံးမှ အရာရှိများက နံနက် ၁၀ နာရီခန့်တွင် ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ချိန်၌ အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြသည်။ အချို့သည် အနီးအနားရှိ တူးမြောင်းထဲသို့ ခုန်ချကာ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အာဏာပိုင်များက အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး ပါဝင်သည်။
၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင့်လျော်သောခွင့်ပြုချက်များမရှိသည်ကို တွေ့ခဲ့ရသည်။
၎င်းတို့နှင့် ပတ်သက်၍ ဘန်ချန်းရဲစခန်းတွင် တရားဥပဒေအရ အရေးယူမှုများ စတင်လုပ်နေပြီး ပြည်နှင်ဒ-ဏ်ပေးရေးလုပ်ငန်းစဉ်များအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ထားသည်။
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားလုပ်သားများကို ငှားရမ်းခြင်းအတွက် အမည်မဖော်ပြသော ကန်ထရိုက်တာ သုံးဦးကိုလည်း အာဏာပိုင်များက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

image

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည်

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာလိုက်သည်။
စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားအပြီး ပြန်လည်ကျင်းပသည့် Inner Cycle 27 ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။
ပြိုင်ဘက် ထိုင်းဖိုက်တာ ဆူရီယန်လက်သည် မာဂုဏ်မြင့်ပြီး အသက်ဇွဲကြီးသည့် ဖိုက်တာတစ်ဦးဖြစ်ကာ ONE Championship တွင် ၁၈ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁၁ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ရရှိထားသကဲ့သို့ ဘောနပ်စ်ဆု အများဆုံးရရှိထားသည့် ဖိုက်တာများထဲတွင်လည်း ပါဝင်သည်။
မြန်မာဖိုက်တာ စောမင်းမင်းမှာ ONE Friday Fights သို့ နောက်ပိုင်းမှ ဝင်ရောက်လာသူဖြစ်သော်လည်း ယခင်က MMA ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ၎င်း၏ ဇွဲ၊ သတ္တိနှင့် အရှုံးမပေးဘဲ ကစားတတ်သည့် ဟန်ကြောင့် ONE Championship ၏ အာရုံစိုက်မှုကို ရရှိလာသူဖြစ်သည်။
ONE ၏ Inner Cycle ပြိုင်ပွဲသည် ONE Friday Fights တွင် ထူးချွန်သည့် ဖိုက်တာများ ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးပေးသည့် ပြိုင်ပွဲဖြစ်ရာ မြန်မာဖိုက်တာများဖြစ်သည့် ဗရွန်နီကာ၊ သန့်ဇင်နှင့် သွေးလင်းထက်တို့လည်း ယှဉ်ပြိုင်ဖူးကြသည်။
စောမင်းမင်းသည် ယခင်ပွဲစဉ်တွင် ယော့လဖက်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မဆုတ်မနစ် ယှဉ်ပြိုင်ခဲ့သည့် ကစားဟန်ကြောင့် ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူဖြစ်သည်။ ဆူရီယန်လက်၏ အတွေ့အကြုံနှင့် မာဂုဏ်ကြောင့် လွယ်ကူသည့် ပွဲမဟုတ်သော်လည်း ဖိုက်တာနှစ်ဦး၏ ကစားဟန်အရ အကြိတ်အနယ်ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
ထူးခြားချက်အနေဖြင့် စောမင်းမင်း ယှဉ်ပြိုင်မည့် ဩဂုတ် ၂၁ ရက် ပွဲစဉ်တွင်ပင် မြန်မာဖိုက်တာ ကျော်စွာဝင်း ကလည်း ကိုမာဝပ်နှင့် ခေါင်ပွဲ သို့မဟုတ် ဒုခေါင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

image

သံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ မြင့်တက်မှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ၊
မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေး အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်း တိုင်းတာချက်အရ ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း (၄) လမ်းဆုံ၊ ရော်ဘာခြံ (၄) လမ်းနှင့် အမှတ် (၂) ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသည်။
အဆိုပါ ရေဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အနိမ့်ပိုင်း ရပ်ကွက်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်က သံလွင်မြစ်ရေ ယခုထက် ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးနေ ပြည်သူများကို ရေလွတ်ရာသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ယာယီရေဘေးစခန်းများသို့ နေရာချထားပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့သည်။
လက်ရှိတွင် ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းဘေးဒေသမှ ပြည်သူများ ရေဘေးအန္တရာယ် ကင်းရှင်းစေရန် မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်ပြင်ဆင်ထားသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်း မုန့်ညဈေးတန်းနှင့် အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်း View Point တို့သို့ သွားရောက်၍ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

image