တရုတ်နှင့် ရုရှား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင် ကျင်းပမည်

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့ ကမ်းလွန်ရေပြင်နှင့် ဝေဟင်ပိုင်နက်၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်အရ ပူးတွဲလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံရေတပ်ဖွဲ့များသည် ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ထားသော ရေပြင်ဒေသများတွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည့် နှစ်စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုကြေညာချက်သည် မေလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ဆက်လက်တိုးချဲ့ရန် သဘောတူညီခဲ့ပြီး ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

image

AML/CFT ညွှန်ကြားချက်များကို လိုက်နာ၍ ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များ ဖြစ်လာရန် ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ညွှန်ကြားချက်များကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့် ပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းပြောကြားချက်ကို ဇူလိုင် ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည့် AML/CFT ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးအခမ်းအနားနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမေသန်းနွယ်က အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးသည့် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆိုင်ရာဗဟုသုတများကို ကျွမ်းကျင်စွာ သိရှိနားလည်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် သင်တန်းတွင် စည်ပင်သာယာရေးဆိုင်ရာ မြေယာမူဝါဒများ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ဗဟုသုတများကို သင်ကြားပို့ချပေးမည်ဖြစ်သဖြင့် လုပ်ငန်းခွင်တွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် AML/CFT ညွှန်ကြားချက်များနှင့် လုပ်ငန်းဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို စနစ်တကျလိုက်နာကျင့်သုံးကာ ကျင့်ဝတ်သိက္ခာရှိပြီး ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

image

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် မြန်မာအားကစားသမား (၂) ဦး ကိုရီးယားတွင် လေ့ကျင့်၊ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်သည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်သည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်လေ့ကျင့်နေခြင်းဖြစ်သည်။
ထို့ပြင် အားကစားသမားနှစ်ဦးသည် ကိုရီးယားနိုင်ငံ ချွန်ချွန် (Chuncheon) မြို့တွင် ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလေ့ကျင့်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံ၏ မသန်စွမ်းတိုက်ကွမ်ဒိုအားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအတွေ့အကြုံများ ရရှိရေးနှင့် အားကစားစွမ်းရည် မြှင့်တင်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

image

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

လေဆိပ်ပြန်ဖွင့်နိုင်ပါက ချင်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်နိုင်မည်
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါလေဆိပ်တွင် ၂၀၂၀ ခုနှစ် ဇွန် ၂၆ ရက်၌ Beech လေယာဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်၌ ATR 72-600 လေယာဉ်ဖြင့်လည်းကောင်း အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ အခြေအနေကောင်းမွန်နေသော်လည်း လေယာဉ်ပြေးလမ်းမီးများ၊ လေကြောင်းလုံခြုံရေး၊ လေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ ပျက်စီးနေပြီး လေဆိပ်အဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ မီးသတ်အဆောက်အအုံနှင့် DVOR အဆောက်အအုံတို့လည်း တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးနေကြောင်း သိရသည်။
ဆူရ်ဘုန်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေလာမည်ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်၍ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသူများ၏ စိစစ်လက်ခံရေးစခန်းသို့ သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် ထိခိုက်ဒဏ်ရာရသူများရှိကာ ပျက်စီးမှုများပြား

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင် ၅ ရက်ည ၇ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအ သင်းများထံမှ သိရသည်။
ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်းများ၊ အစိုးရရုံးများ၊ နေအိမ်များ၊ အဆောက် အအုံများပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်းတို့ဖြစ်ပွားကာ သံဃာတော်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

image

နေတန်ယာဟုအနေဖြင့် "ဘယ်သူက ဆရာကြီးလဲဆိုတာ သူသိတယ်"ဟု ထရမ့်‌ဆို

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လာမယ့်သီတင်းပတ်ထဲမှာပဲ အိမ်ဖြူတော်ကို လာရောက်လည်ပတ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (ဇူလိုင် ၅၊ ၂၀၂၆) မှာ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဝန်ကြီးချုပ်ဟာ "ဘယ်သူက ဆရာကြီး လဲဆိုတာ သူသိတယ်" လို့လည်း ထရမ့်ကထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒီလိုတွေ့ဆုံနိုင်ခြေရှိတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အီရန်နဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေကြားမှာ ခေါင်းဆောင်နှစ်ဦးအကြား တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖြစ်လာတာပါ။
"ကျွန်တော်တို့ အဆင်ပြေပါတယ်။ [မစ္စတာနေတန်ယာဟုဟာ] ဘယ်သူက ဆရာကြီးလဲဆိုတာ သူသိပါတယ်" လို့ မစ္စတာထရမ့်က Axios သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးအတိုလေးမှာ သူ့ကိုယ်သူရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
အစ္စရေးအရာရှိတစ်ဦးကတော့ မစ္စတာထရမ့်ဟာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့မှာ တူရကီနိုင်ငံမှာ ကျင်းပမယ့် NATOထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်တဲ့အတွက် လာမယ့်သီတင်းပတ်ဟာ ခရီးစဉ်အတွက် စောလွန်းနေနိုင်တယ်လို့ အမေရိကန်မီဒီယာကို ပြောကြားခဲ့ပါတယ်။
"နောက်တစ်ပတ်ကျမှပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ အဆိုပါအရာရှိက Axios ကို ပြောပါတယ်။ မစ္စတာနေတန်ယာဟုရဲ့ရုံးကတော့ ခေါင်းဆောင်နှစ်ဦးဟာ သောကြာနေ့ (ဇူလိုင် ၅) က ဖုန်းပြောဆိုခဲ့ကြပြီး အမေရိကန်နိုင်ငံမှာ "မကြာခင်" တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ဟာ အစ္စရေးရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်ပေမယ့်၊ လက်ဘနွန်မှာ ဟစ်ဇဘိုလာအဖွဲ့နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထိခိုက်မယ့်အခြေအနေရှိလာပြီးနောက် မစ္စတာထရမ့်က မစ္စတာနေတန်ယာဟုကို မကြာသေးမီက လူသိရှင်ကြား ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က ဝါရှင်တန်မှာ တွေ့ဆုံခဲ့ကြပါတယ်။

image

ပုဂံမဟာဗောဓိဘုရား၌ (၁၃) ရာစုလက်ရာ နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ် ထပ်မံဖော်ထုတ်တွေ့ရှိ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိဘုရား၌ (၁၃) ရာစုခေတ် နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (Archaeological Survey of India - ASI) မှ ကျွမ်းကျင်ပညာရှင်များက ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ASI အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ် (၁,၆၇၀) ဖြစ်သည့် မဟာဗောဓိဘုရား အပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် နံရံပန်းချီများ ရှိ၊ မရှိကို နမူနာအကွက်ငယ် (၁၃) ကွက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီ (၁) ကွက်နှင့် တောင်ဘက်၊ မြောက်ဘက်နံရံများတွင် ဆေးသားမှိန်နေသည့် နံရံပန်းချီ (၁) ကွက်စီ စုစုပေါင်း (၃) ကွက်မှ နံရံပန်းချီဆေးသားလွှာများကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထပ်မံဖော်ထုတ်တွေ့ရှိမှုကြောင့် (၁၃) ရာစုလက်ရာ မဟာဗောဓိဘုရားတွင် နံရံပန်းချီများ တည်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပုဂံဒေသရှိ နံရံပန်းချီပါ ရှေးဟောင်းဘုရားတစ်ဆူ ထပ်မံတိုးလာခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများသည် မဟာဗောဓိဘုရားကို နိုင်ငံဖြတ်ကျော် ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဘုရားအတွင်းရှိ နံရံပန်းချီများကိုလည်း ဆက်လက်ဖော်ထုတ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း (၃,၈၃၇) ဆူရှိသည့်အနက် နံရံဆေးရေးပန်းချီများရှိသည့် အဆောက်အအုံ (၄၁၆) ဆူရှိကြောင်း သိရပြီး မဟာဗောဓိဘုရားတွင် နံရံပန်းချီများ ထပ်မံဖော်ထုတ်တွေ့ရှိခြင်းမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများအတွက် အရေးပါသည့် တွေ့ရှိချက်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီနှင့် ပုထိုးတော်များတွင် အဆောက်အအုံထိန်းသိမ်းပြုပြင်ခြင်း၊ အင်္ဂတေပန်းလက်ရာများ သန့်ရှင်းထိန်းသိမ်းခြင်းနှင့် ရှေးဟောင်းပန်းချီလက်ရာများ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ယူကရိန်းစစ်အဆုံးသတ်ရေး ပူတင်ကိုကူညီလိုကြောင်းထရမ့်ပ်ကမ်းလှမ်း

အန်ကာရာတွင် ကျင်းပပြုလုပ်မည့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှား၊ ယူကရိန်းသမ္မတများနှင့် ဖုန်းပြောဆိုခဲ့ပြီး ခရမ္မလင်၏ အဆိုအရ အမေရိကန်သမ္မတသည် စစ်ပွဲအတွက် ဖြေရှင်းချက်ရှာဖွေရာတွင် အကူအညီပေးလိုကြောင်း ထပ်မံကမ်းလှမ်းခဲ့သည်ဟု ဆိုခဲ့သည်။
ဖုန်းခေါ်ဆိုမှုနှစ်ခုကို အမေရိကန်ပြည်ထောင်စု တည်ထောင်မှု နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၇ ရက် နေ့နှင့် ၈ ရက်နေ့များတွင် တုကီယေး၌ ကျင်ပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် ဒေါ်နယ်ထရမ့်ပ် ပါဝင်တက်ရောက်မည်ကို ထည့်သွင်းစဉ်းစား၍ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆိုင်ရာ ပြဿနာကို ရိုးရိုးရှင်းရှင်း ဖြေရှင်းခဲ့ကြသည်ဟု ခရမ္မလင်၏ နိုင်ငံခြားရေးမူဝါဒ လက်ထောက် ယူရီယူရှာကော့ဗ်က ပြောကြားခဲ့ကြောင်း RIA Novosti သတင်းဌာနက ပြောကြားခဲ့သည်။
တိုက်ပွဲများကို အမြန်ဆုံး အဆုံးသတ်ရန်နှင့် အကျပ်အတည်းကို ကျော်လွှားရန် ဖြေရှင်းချက်များရှာဖွေရေးတွင် ၎င်းဘက်မှ အသင့်ရှိကြောင်းကို အမေရိကန်သမ္မတက ထပ်မံအတည်ပြုခဲ့သည်ဟု ယူရှာကော့ဗ်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဖုန်းပြောဆိုမှုသည် ၈၅ မိနစ်ခန့်ကြာခဲ့သည်ဟု သတင်းများက ဆိုသည်။
လေးနှစ်ကျော်ကြာလာပြီဖြစ်သော စစ်ပွဲနှင့်ပတ်သက်၍ သူနှင့် ထရမ့်ပ်တို့ ဆွေးနွေးခဲ့ကြောင်းလည်း စနေနေ့အစောပိုင်းတွင် ဇလန်းစကီးက ပြောကြားခဲ့ပြီး အလွန်အဆင်ပြေသော ဖုန်းခေါ်ဆိုမှုဟု မှတ်ချက်ပြုခဲ့သည်။
သမ္မတ ထရမ့်ပ်နှင့် မိမိသည် လက်ရှိ ရှေ့တန်းစစ်မျက်နှာအခြေအနေအပြင် မိမိတို့၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ စစ်ပွဲကို အဆုံးသတ်ရန် အလားအလာကောင်းများရှိကြောင်း၊ အမေရိက၏ ဖြေရှင်းချက်သည် အရေးပါကြောင်းနှင့် အန်ကာတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ထိုဆွေးနွေးချက်များကို ဆက်လက်ပြုလုပ်သွားရန် မိမိတို့ သဘောတူခဲ့ကြောင်း ဇလန်းစကီးက X တွင် ရေးသားခဲ့သည်။
ထရမ့်ပ်အပါအဝင် နိုင်ငံပေါင်း ၃၂ နှစ်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအဖွဲ့များသည် ထိပ်သီးအစည်းအဝေးအတွက် အင်္ဂါနေ့တွင် အန်ကာရာသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။

image

မုန်တိုင်းငယ်နှင့် မုတ်သုံလေအားအလွန်ကောင်းခြင်းတို့ကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအလွန်ကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘာလဆောမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်အရှိန်တို့ကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးခဲ့သည်။
မိုးဇလက ယနေ့ ဇူလိုင် ၆ ရက်နံနက် ၈ နာရီက မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၇/၂၀၂၆)အဖြစ် သတိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဇူလိုင် ၆ ရက်နံနက်မှ ဇူလိုင် ၁၄ ရက်အတွင်း ရန် ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အ ထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာ သွန်းနိုင်သည်ဟု အသိပေးခဲ့သည်။
အဆိုပါ မိုးလေဝသဖြစ်စဥ်(၂)ခုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ် တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုကြရန် မိုးဇလက သတိပေးခဲ့သည်။
ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်းကြိုတင်သတိပြုကြရန် မိုးဇလက သတိပေးခဲ့သည်။

image

အင်းစိန်မြို့နယ်၊ ပေါက်တောချောင်းရေစီးရေလာကောင်းမွန်ရေး Box Culvert တည်ဆောက်နေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ပေါက်တောချောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် Box Culvert တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အင်းစိန်မီးရထားခုံးကျော်တံတားအဆင်း လှိုင်မြစ်လမ်းရှိ ပေါက်တောချောင်းအား ရေစီးရေလာကောင်း မွန်စေရေးအတွက် Box Culvert တည်ဆောက်လျက်ရှိခြင်းဖြစ်ရာ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်က ဇူ လိုင် ၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တော်ဝန်သည် ဒလမြို့နယ်၊ ဒလ-တွံ တေးလမ်းကို မြဝတီမင်းကြီးလမ်းမှ ဒလတံတားအ ဆင်းလမ်းဆုံအထိ အရှည်(၁,၁၀၀)ပေ၊ အကျယ်(၁၂) ပေ၊ ကွန်ကရစ်လမ်းတိုးချဲ့နေမှု၊ ကမာကဆစ်ဈေး သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများနှင့် စက်မြေရပ်ကွက်၊ ဆရာစံလမ်းဘေး ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့်ရေမြောင်းဆယ်ယူရှင်း လင်းနေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ရာဇသ င်္ကြန်လမ်း၊ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဆောက်အဦ ပြုပြင်မွမ်းမံရန်လည်း တာဝန်ရှိသူများနှင့်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image