Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဧရာဝတီတိုင်း ရေဘေးနှင့်ပတ်သက်သည့် သတင်းအမှားများ မယုံကြည်ရန် တိုင်းအစိုးရ အသိပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖြန့်ဝေနေသည့် သတင်းအမှားများကို မယုံကြည်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ဩဂုတ် ၂၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများနှင့် မိမိအစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စေတနာရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သောက်သုံးရေသန့်များကို အဆက်မပြတ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေဘေးသင့်ပြည်သူများအနေဖြင့် လိုအပ်သည့် သောက်သုံးရေသန့်များကို နီးစပ်ရာ ကယ်ဆယ်ရေးစခန်း၊ ထောက်ပံ့ရေးစခန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များထံ ဆက်သွယ်၍ မည်သည့်စရိတ်မျှ ပေးဆောင်ရန်မလိုဘဲ အခမဲ့ရယူနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် အခြားလိုအပ်သည့် အကူအညီများနှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များထံ တိုက်ရိုက်ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း သိရသည်။
ရေဘေးအခြေအနေနှင့်ပတ်သက်၍ မသမာသူများ ဖြန့်ဝေသည့် သတင်းအမှားများကြောင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ အခြေခံယုံကြည်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။
ဧရာဝတီတိုင်း ရေဘေးသင့်ဒေသများသို့ အလှူရှင်များ သွားလာနိုင်ရန် လမ်းကြောင်း ၄ ခု၌ မော်တော်ယာဉ်နှင့် စက်လှေများ စီစဉ်ပေးထား
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများထံ သွားရောက်ကူညီလှူဒါန်းလိုသည့် ပရဟိတအသင်းအဖွဲ့များနှင့် စေတနာရှင်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များက လမ်းကြောင်း ၄ ခုတွင် ၆ ဘီးမော်တော်ယာဉ်များနှင့် စက်လှေများ စီစဉ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ကူညီပို့ဆောင်ပေးနေသည့် လမ်းကြောင်းများမှာ ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ လမ်းကြောင်းကို မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု အထိ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး ခမောက်စုမှ အိုင်သပြု သို့ စက်လှေဖြင့်လည်းကောင်း စီစဉ်ပေးထားသည်။
ထို့ပြင် ဟင်္သာတ-တလုတ္ထော် လမ်းကြောင်းကို မော်တော်ယာဉ်ဖြင့် သွားလာနိုင်ပြီး သင်္ကန်းတော-လေးမျက်နှာ-စာရေးကွင်း လမ်းကြောင်းကို စက်လှေဖြင့် သွားလာနိုင်ရန် စီစဉ်ထားသည်။ ဟင်္သာတ-တလုတ္ထော်-မြို့ကွင်းတံတား-ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်း-ဆိတ်နို့ကုန်း-လေးမျက်နှာတံတား လမ်းကြောင်းကိုလည်း မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
သို့သော် ရေတက်၊ ရေကျအခြေအနေနှင့် လမ်းခရီးအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် အလှူရှင်များအနေဖြင့် ခရီးမထွက်မီ သက်ဆိုင်ရာမြေပြင်တာဝန်ရှိသူများထံ ဆက်သွယ်၍ နောက်ဆုံးအခြေအနေကို စုံစမ်းပြီးမှ သွားလာကြရန် တာဝန်ရှိသူများက မေတ္တာရပ်ခံထားသည်။
“လှူဒါန်းမှုတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကြီးမားတဲ့ အားဆေးတစ်ခွက် ဖြစ်ပါတယ်။ အလှူရှင်တွေ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်မှာ အခက်အခဲမရှိ လုံခြုံချောမွေ့စွာ ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ပူးပေါင်းကူညီပေးသွားပါမယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေဘေးသင့်ဒေသများသို့ လာရောက်ကူညီလှူဒါန်းနေသည့် ပရဟိတအသင်းအဖွဲ့များနှင့် စေတနာရှင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် အားလုံး၏ ပူးပေါင်းကူညီမှုဖြင့် ရေဘေးသင့်ဒေသများ ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။
သီလဝါ SEZ တွင် ၃.၃၇ မဂ္ဂါဝပ် ဆိုလာစွမ်းအင် ရှေ့ပြေးစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး
သီလဝါအထူးစီးပွားရေးဇုန် (ဇုန်-အေ) အတွင်း အကောင်အထည်ဖော်ထားသည့် ၃.၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ရှေ့ပြေးစီမံကိန်း ပြီးစီးခဲ့ပြီး ဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် R&C ဧရိယာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) က ထုတ်ပြန်ထားသည်။
MTSH ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် သီလဝါပရောပါတီးဒက်ပလော့မင့်လီမိတက် (TPD) က အကောင်အထည်ဖော်ခဲ့သည့် အဆိုပါစီမံကိန်းကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄.၇၃ သန်း ကီလိုဝပ်နာရီခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားအနက် ၂.၆၈၅ မဂ္ဂါဝပ်ကို သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ကျန် ၀.၆၈၈ မဂ္ဂါဝပ်ကို ဘက်ထရီစွမ်းအင်သိုလှောင်စနစ် (BESS) မှတစ်ဆင့် TPD ၏ R&C ဧရိယာရှိ ဟိုတယ်များ၊ ငှားရမ်းနေထိုင်သူများနှင့် လုပ်ငန်းရှင်များထံ On-grid နှင့် Hybrid Operating Model များအသုံးပြု၍ ရေရှည်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်အောက်တွင် ဖြန့်ဖြူးပေးလျက်ရှိသည်။
အဆိုပါစီမံကိန်းတွင် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်း၊ ဘက်ထရီဖြင့် စွမ်းအင်သိုလှောင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း တို့ကို ပေါင်းစပ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင်ရှိ စက်ရုံများအတွက် အကောင်အထည်ဖော်သည့် ပထမဆုံး ဆိုလာစွမ်းအင်ရှေ့ပြေးစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော
မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၂၀ ရက်နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့၌ကျင်းပသည့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပါဝင်ဆောင်ရွက်လျက်ရှိ၍ သက်ဆိုင်ရာနိုင်ငံများ၊ ဈေးကွက်များကိုဝင်ရောက်ခွင့်ရရှိပြီး မြန်မာနိုင်ငံမှတင်ပို့မှုများအပေါ် အခွန်သက်သာခွင့်/ကင်းလွတ်ခွင့်များအား ခံစားနိုင်မည်ဖြစ်ရာ ဘယ်လာရုစ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဆီယံဒေသနှင့် အာရှတိုက်ဈေးကွက်ကိုချိတ်ဆက်နိုင်မည်ဟု ပြောသည်။
" ဒီကတစ်ဆင့်ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ ထုတ် ကုန်တွေကလည်း ဘယ်လာရုစ်နိုင်ငံကတစ်ဆင့် EAEU အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြီးမားတဲ့ဈေးကွက်ကိုတံခါးဖွင့်ဝင်ရောက်နိုင်မယ့် Win-Win အခြေအနေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဟာ အာရှနဲ့ ဥရောပတိုက်ကြီးနှစ်ခုကြားမှာ ကုန်သွယ်စီးဆင်းမှုအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့ အပြန်အလှန်အကျိုး ပြုနိုင်တဲ့ တံခါးပေါက်တွေဖြစ်တယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်"ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာ သော စက်မှုနှင့် နည်းပညာစွမ်းရည်များကို မြန်မာနိုင်ငံ ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့်ပေါင်းစပ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကိုအတူတကွ ဆောင်ရွက်ရမည်ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြီးစီး ဥပဒေ(၁)ခု၊ အဆို (၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုဆောင်ရွက်ခဲ့
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ယနေ့ သြဂုတ် ၂၀ ရက်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကာ အစည်းအဝေးကာလအတွင်း ဥ ပဒေ(၁)ခုပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခုဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော (ဆဋ္ဌမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၈)ခုကိုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအ ဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးမြောက်ကြောင်းကြေညာခဲ့သည်။
မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့နိုင်ရေး ညှိနှိုင်းနေသည့် ဘယ်လာရုစ် Grodno Azot စက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်လေ့လာ
မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် ဘယ်လာရုစ်နိုင်ငံ၏ အဓိက နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့ ဩဂုတ် ၂၀ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး လမ်းခရီးတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
Grodno မြို့သို့ ရောက်ရှိချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ဆက်လက်သွားရောက်ခဲ့သည်။
စက်ရုံ၌ တာဝန်ရှိသူများက Grodno Azot ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ဓာတ်မြေဩဇာများ နှစ်အလိုက်ထုတ်လုပ်နိုင်မှု၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်မှုနှင့် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု၊ နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အပြင် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စက်ရုံပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စက်ရုံပုံစံငယ်နှင့် ထုတ်လုပ်ရေးဆိုင်ရာ ပြသမှုများကို ကြည့်ရှုလေ့လာကာ စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှ စတင်လည်ပတ်ခဲ့သည့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခုဖြစ်သည်။
စက်ရုံတွင် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ကာ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် ပံ့ပိုးပေးနေသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများအတွက် သီးခြားဥပဒေပြဋ္ဌာန်းရန် အစိုးရအဖွဲ့သို့ တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သည့် အထပ်မြင့်စုပေါင်းတိုက်ခန်းများအတွက် သီးခြားဥပဒေတစ်ရပ် ရေးဆွဲပေးရန် အစိုးရအဖွဲ့ကို တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုပါအဆိုကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဩဂုတ်လ ၂၀ )ရက် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၅ ဦးက ပါဝင်ထောက်ခံခဲ့ကြသည်။
လက်ရှိတွင် အဆောက်အအုံဆောက်လုပ်ခွင့် (BCC) မရသေးသည့် တိုက်ခန်းများနှင့် စည်းကမ်းမဲ့ဆောက်လုပ်မှုများကို စည်ပင်ဥပဒေဖြင့်သာ ထိန်းချုပ်နေရသဖြင့် အသေးစိတ်ကျသည့် သီးခြားဥပဒေလိုအပ်နေကြောင်း အဆိုရှင်က ထောက်ပြထားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ ဥပဒေပေါ်ပေါက်လာပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ -ဝယ်ယူသူများ အကာအကွယ်ရရှိခြင်း: ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူရာတွင် တိုက်ခန်းထပ်ရောင်းခံရခြင်းနှင့် သတ်မှတ်ချက်မညီဘဲ ဆောက်လုပ်ခြင်းများမှ အကာအကွယ်ရရှိမည်။
ပိုင်ဆိုင်ခွင့် ရှင်းလင်းလာခြင်း၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခြင်းနှင့် ပိုင်ရှင်/မြေရှင် အငြင်းပွားမှုများကို ဥပဒေအတိုင်း တိကျစွာ ဖြေရှင်းနိုင်မည်။
ဘုံဧရိယာ ထိန်းသိမ်းနိုင်ခြင်း: မီးဘေးကာကွယ်ရေးနှင့် ယာဉ်ရပ်နားစခန်းကဲ့သို့ အများသုံးနေရာများကို စီမံခန့်ခွဲမည့် တာဝန်ရှိသူကို ရှင်းလင်းစွာ သတ်မှတ်နိုင်မည်။
အဆိုပါဥပဒေသည် ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်မှု လုံခြုံရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြေရှင်၊ ဆောက်လုပ်သူ၊ အခန်းဝယ်ယူသူတို့အကြား ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဟု ကိုယ်စားလှယ်များက သုံးသပ်ထားကြသည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုတို့ အလွတ်သဘောတွေ့ဆုံ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Aleksandr Lukashenko တို့သည် ယနေ့ ဩဂုတ် ၂၀ ရက် ညပိုင်းတွင် မင့်စ်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဩဂုတ် ၂၁ ရက်တွင် မင့်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) ၌ တရားဝင်အစီအစဉ်များ ဆက်လက်ပြုလုပ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
Cod Doc
Delete Comment
Are you sure that you want to delete this comment ?