မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော
မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၂၀ ရက်နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့၌ကျင်းပသည့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပါဝင်ဆောင်ရွက်လျက်ရှိ၍ သက်ဆိုင်ရာနိုင်ငံများ၊ ဈေးကွက်များကိုဝင်ရောက်ခွင့်ရရှိပြီး မြန်မာနိုင်ငံမှတင်ပို့မှုများအပေါ် အခွန်သက်သာခွင့်/ကင်းလွတ်ခွင့်များအား ခံစားနိုင်မည်ဖြစ်ရာ ဘယ်လာရုစ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဆီယံဒေသနှင့် အာရှတိုက်ဈေးကွက်ကိုချိတ်ဆက်နိုင်မည်ဟု ပြောသည်။
" ဒီကတစ်ဆင့်ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ ထုတ် ကုန်တွေကလည်း ဘယ်လာရုစ်နိုင်ငံကတစ်ဆင့် EAEU အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြီးမားတဲ့ဈေးကွက်ကိုတံခါးဖွင့်ဝင်ရောက်နိုင်မယ့် Win-Win အခြေအနေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဟာ အာရှနဲ့ ဥရောပတိုက်ကြီးနှစ်ခုကြားမှာ ကုန်သွယ်စီးဆင်းမှုအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့ အပြန်အလှန်အကျိုး ပြုနိုင်တဲ့ တံခါးပေါက်တွေဖြစ်တယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်"ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာ သော စက်မှုနှင့် နည်းပညာစွမ်းရည်များကို မြန်မာနိုင်ငံ ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့်ပေါင်းစပ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကိုအတူတကွ ဆောင်ရွက်ရမည်ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။