ဧရာဝတီတိုင်း ရေဘေးနှင့်ပတ်သက်သည့် သတင်းအမှားများ မယုံကြည်ရန် တိုင်းအစိုးရ အသိပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖြန့်ဝေနေသည့် သတင်းအမှားများကို မယုံကြည်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ဩဂုတ် ၂၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများနှင့် မိမိအစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စေတနာရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သောက်သုံးရေသန့်များကို အဆက်မပြတ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေဘေးသင့်ပြည်သူများအနေဖြင့် လိုအပ်သည့် သောက်သုံးရေသန့်များကို နီးစပ်ရာ ကယ်ဆယ်ရေးစခန်း၊ ထောက်ပံ့ရေးစခန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များထံ ဆက်သွယ်၍ မည်သည့်စရိတ်မျှ ပေးဆောင်ရန်မလိုဘဲ အခမဲ့ရယူနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် အခြားလိုအပ်သည့် အကူအညီများနှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များထံ တိုက်ရိုက်ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း သိရသည်။
ရေဘေးအခြေအနေနှင့်ပတ်သက်၍ မသမာသူများ ဖြန့်ဝေသည့် သတင်းအမှားများကြောင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ အခြေခံယုံကြည်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။

image