“ဘုန်းဘုန်းက မဟာစည်မှာ ရက် (၂ဝ) လောက်ပဲ အားထုတ်ဖူးပါတယ်။ မဟာစည် ရက်-(၂၀) က တရားထူးမရခဲ့ပေမယ့် စာပေတွေမှာ ရုပ်နာမ်တရားတို့၊ ခန္ဓာငါးပါးတို့၊ ဝိပဿနာတို့ ဘာတို့ ပွင့်လင်းသွားတယ်။ နားလည်သွားတယ်။ ကောင်း ကောင်းကြီး သိမြင်သွားတယ်။ နဂိုကဆို နားမလည်ဘူး။ စာကြည့်ပေမယ့် နားမလည်ဘူး။ အခုကတော့ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်လိုက်ရင် တအား သဘော ပေါက်တာ၊ တအားနားလည်သွားတယ်”
"ကိုယ်က စာအခံရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ ပိုပြီးတော့ အသုံးကျသွားတယ်။ စာတွေထဲမှာ မရှင်းနိုင်တာတွေကို ရှင်းနိုင်သွားတယ်။ အဋ္ဌကထာ,ဋီကာတွေကို ဝိပဿနာနဲ့ ပတ်သက်ရင် နားလည်သွားတယ်။ တအားသိသွားတယ်။ တအားပြောလို့ရသွားတယ်။ ဘယ်လိုဆိုတာကို ကိုယ်ကစာသိနဲ့ ကောင်းကောင်းသိနေတော့ ဆက်စပ်ပြီး ရသွားတယ်။ ဒါကြောင့်မို့ စာသိက အင်မတန် အရေးကြီးတယ်။
တရားသိ၊ ဘာဝနာအသိလို့ ဆိုပေမယ့်လည်း စာသိကလည်း အင်မတန် အရေးကြီးတယ်။ စာသိ သဘောပေါက်ထားတာကိုက တော်တော်ကောင်းတယ်။
"တရားဆိုလို့ရှိရင် တော်တော်များများ သဘောမပေါက်ကြတာတွေ ရှိတယ်။ မမှတ်ရဘူးလို့ ထင်တာမျိုးတွေ ရှိကြတယ်။ စာထဲမှာ ရေးထားတာ ရှင်းရှင်းလေးပဲ။"
"ပြီးတော့ တရားအားထုတ်နေရင် မတွေးရဘူး။ ဘာမျှမတွေးရဘူးလို့ ပြောတာတွေကလည်း တကယ်ကတော့ မမှန်ဘူးပေါ့နော်။ သမ္မာသင်္ကပ္ပဆိုတာ ရှိရမယ်ပေါ့။ နောက်ပိုင်းတော့ ကိုယ့်ဟာကိုယ် တော်တော်သဘောပေါက်သွားတာ"
-ဒါကြောင့်မို့ မဟာစည်ဆရာတော်ကြီးရဲ့ မှတ်ချက်က မှန်တယ်။ အချို့ရိပ်သာတွေမှာက သမာဓိတော့ ဖြစ်ကြပါတယ်၊ ပညာတော့ မဖြစ်ကြဘူးတဲ့။
"နောက်ပိုင်းကျတော့ ရွှေတောင်ကုန်းဆရာတော်ကြီးဟောတဲ့တရားတွေ၊ မဟာစည်ဆရာတော်ကြီး ဟောတဲ့တရားတွေ၊ အဲ့ဒါတွေကို နာရင်းနာရင်းနဲ့ သမထ၊ ဝိပဿနာ၊ စာထဲက ဆိုတာတွေနဲ့ ချိန်လိုက်တော့ သဘောပေါက်သွားတယ်”
“နောက်ပိုင်း ဘယ်လောက်သဘောပေါက်သွားသလဲဆိုရင် စာကြည့်ရင်းလည်း ကမ္မဋ္ဌာန်းနှလုံးသွင်းလို့ရတယ်။ အပြတ်အားထုတ်တာမျိုး သမာဓိထူထောင်တာမျိုး မဟုတ်တော့ဘူး။ စူးစိုက်တဲ့အလုပ်တော့ ပါတာပေါ့နော်။ သတိနဲ့သမာဓိနဲ့ ချိန်ခွင်လျှာ ညှိတတ်လာတာပေါ့။
မဟာစည်ဆရာတော်ကြီး မိန့်ကြားသွားတာ ပိုပြီးတော့ အဓိပ္ပာယ် ရှိတယ်။ ခုခေတ်ကမ္မဋ္ဌာန်းအားထုတ်ကြတာ သမာဓိတော့ရကြပါရဲ့။ ဉာဏ်မဖြစ်ဘူး ဆိုတာလေ။ အဲ့ဒါတကယ် ဟုတ်တယ်။ ဉာဏ်ဖြစ်တာက အဲဒီလို..ထိုင်ပြီး အားထုတ်နေတာချည်းပဲ မဟုတ်ဘူး။ စာဖတ်ရင်လည်း ဒီတရားသဘော ဆင်ခြင်ရင် ဉာဏ်ပွင့်သွားတာပဲ။ အဲ့ဒီလိုဉာဏ်ပွင့်လာတော့ တကယ်လည်း ကောင်းတယ်၊ တစ်ခါတလေ တရားဟောရင်း လည်း အသိဉာဏ်တက်တယ်။
တရားဟောပြီဆိုတဲ့အခါကျရင်လည်း တရားထဲမှာပါတဲ့ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားသွားပြီးဆိုရင် ကျန်တာတွေ မေ့သွားတယ်၊ ဉာဏ်ထဲမှာ ပေါ်လာတယ်။ ပေါ်လာတာကို ပြောလိုက်တာ။ ကြိုတင် စဉ်းစားထားတာ မဟုတ်ဘူး။ စလိုက်တာနဲ့ပဲ ဟောရင်းဟောရင်းနဲ့ ပေါ်ပေါ်လာတာ။ အဲ့ဒါက အလေ့ အကျင့်ဖြစ်သွားတယ်။
အာရုံနဲ့ တွေ့တဲ့အခါ ကိုယ့်စိတ်ထဲ ကောင်းတာဖြစ်သလား၊ မကောင်းတာဖြစ်သလား ဆိုတာကတော့ အကဲခတ်နေမိတာ အမြဲတမ်းလိုလိုပါပဲ။ စဉ်းစားလိုက်တာနဲ့ ရပ်ပြီးသား ဖြစ်သွားရော။
"သမာဓိထက် စဉ်းစားဉာဏ်ဖြစ်ဖို့က ပိုအရေးကြီးတယ်။ သမာဓိဆိုတာမျိုးက အတော့်ကိုအစွမ်းထက်မှ ခံနိုင်ရည်ရှိမှာလေ။ သမာဓိက အာရုံကိုပြောင်းပစ်တာလေ။ ဝိပဿနာက အရှိအတိုင်းကို ခံနိုင်တယ်။"
"-များသောအားဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သမာဓိပိုင်းကိုပဲ သွားကြတာများတယ်၊ နောက်ပိုင်းကျ ဘုန်းဘုန်းတို့က သဘောပေါက်လာတယ်။သမာဓိတွေပဲ နင်းကန်လုပ်နေခြင်းဖြင့် တိုးတက်မှု မရှိလာဘူး။ စဉ်းစားဉာဏ် ဘက်ကို အားမပေးသလိုမျိုး ဖြစ်နေတယ်။"
"ရိပ်သာအတော်များများမှာ အားထုတ် ထားတဲ့ ယောဂီတွေ အဲ့ဒီလိုဖြစ်ကြတာများတယ်။ ဘာဆက်လုပ်ရမှန်း မသိဘူ။ လမ်းပျောက်နေကြတယ်။ တရားသဘောတွေ ဆင်ခြင်တာ ပိုကောင်းတယ်လို့ထင်တယ်။“
"ဘုန်းဘုန်းအနေနဲ့က အဘိဓမ္မာသင်တော့လည်း တရားသဘော ဆင်ခြင်တယ်။ စာပေကြည့်တော့လည်း တရားသဘောဆင်ခြင်မိတယ်လေ။ ပိုပြီးတော့ စိတ်ထဲ ရှင်းလင်းတယ်။ -ဪ မြတ်စွာဘုရား တရားဟောနေတုန်း နားထောင်ရင်းနဲ့ သောတာပန်ဖြစ်တယ်ဆိုတာ ဖြစ်နိုင်တယ်လို့။ ဆင်ခြင်တာလေ။ အဲတော့ တရားနဲ့ပတ်သက်တဲ့ စာများများဖတ်ပြီးတော့ ဆင်ခြင်တာ ပိုထိရောက်တဲ့ သဘောဖြစ်တယ်။
#ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး
