ယူကရိန်းစစ်ပွဲဒုက္ခသည်များကို အကူအညီပေးရေး ပေါင် ၂.၄ ဘီလီယံအား မလွဲပေးမှုကြောင့် ရိုမန်အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရ တရားစွဲလာမည်
==================
ဗြိတိန်အစိုးရဟာ ၂၀၂၂ ခုနှစ်တုန်းက ချဲလ်ဆီးကို ရောင်းချထားမှုမှ ရရှိထားတဲ့ ပေါင် ၂.၃၅ ဘီလီယံအား လွဲပြောင်းပေးရေး နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်လာမှုနှင့်အတူ ရိုမန်အေဘရာမိုဗစ်ချ်ကို တရားစွဲဆိုမှု ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။
ရုရှားဘီလျှံနာဟာ ယင်းငွေများကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားကာ ယူကရိန်းမှ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များပေးရေး ဗြိတိန်အစိုးရကို လွဲပြောင်းပေးရပါမယ်။
တဖက်တွင် နိုဝင်ဘာလတုန်းက အေဘရာမိုဗစ်ချ်ရဲ့ ကိယ်စားလှယ်များက အစိုးရက ယင်းရန်ပုံငွေများကို ထုတ်ပေးရန် ကြိုးစားတိုင်းကို တားဆီးခဲ့တယ်လို့ ဆိုထားပါတယ်။ ယင်းနောက်မှာတော့ ဗြိတိန်အစိုးရက ရိုမန်အေဘရာမိုဗစ်ချ်အား ရက် ၉၀ အတွင်း ယင်းငွေများကို လွဲပြောင်းရန် ရာဇသံပေးခဲ့ပါတယ်။
ရိုမန်အေဘရာမိုဗစ်ချ်ဟာ ရုရှားက အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်စစ် ဆင်နွဲပြီးနောက် ဗလာဒီမာပူတင်နှင့် ဆက်နွယ်နေမှုကြောင့် ဗြိတိန်တွင် အရေးယူပိတ်ဆို့ခြင်းခံရကာ ချဲလ်ဆီးကို ရောင်းချရန် ဖြစ်လာခဲ့ပါတယ်။
ရိုမန်အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို ရောင်းချလို့ ရရှိတဲ့ ငွေများကို ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဒုက္ခရောက်ရသူများကို ကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာလတုန်းက ထွက်ပေါ်လာမှုအပေါ် ချေးယူထားတဲ့ ပေါင် ၁.၅၄ ဘီလီယံကို အေဘရာမိုဗစ်ချ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီများနှင့် ဦးစားဖြေရှင်းရန် လိုအပ်နေပြီး ကျန်ရှိတဲ့ အသားတင်ငွေများကိုသာ ပရဟိတအဖွဲ့အစည်းများသို့ လှူဒါန်းလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ချဲလ်ဆီးကို ရောင်းးချလို့ရတဲ့ ပေါင် ၂.၃၅ ဘီလီယံမှ ပေါင် ၉၈၇ သန်းသာ စစ်ပွဲဒုက္ခသည်များအတွက် လှူဒါန်းလာပါမယ်။
Office of Financial Sanctions (OFSI) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ယင်းငွေများကို လူသားချင်းစာနာထောက်ထားမှုဖောက်ဒေးရှင်းသို့ လွဲပြောင်းရေးလိုင်စင် ရယူခဲ့ပေမယ့်လည်း ရိုမန်အေဘရာမိုဗစ်ချ်ဘက်က ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ဗြိတိန်အစိုးရအရာရှိများဟာ ရိုမန်အေဘရာမိုဗစ်ချ်အား တရားစွဲဆိုရေး လုပ်ဆောင်လာတော့မယ်လို့ အကြောင်းကြားလာပါတယ်။
ရိုမန်အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ရောင်းချလို့ ရတဲ့ငွေကြေးများအား ယူကရိန်းစစ်ဘေးဒုက္ခသည်အပြင် ယင်းစစ်ပွဲကြောင့် ရိုက်ခတ်ခဲ့တဲ့ ရုရှားအတွက်လည်း အသုံးပြုလိုနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ယင်းငွေများမှာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တုန်းက ချဲလ်ဆီးရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Fordstam Ltd တွင် ရှိနေဆဲ ဖြစ်ပါတယ်။
နိုဝင်ဘာလတုန်းက Fordstam Ltd က အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီသို့ ချေးငွေ ပေါင် ၁.၅၄ ဘီလီယံကို ပေးချေပြီးမှသာလျှင် ကျန်ငွေများအား ယူကရိန်းပရဟိတအဖွဲ့များထံသို့ လွဲပြောင်းပေးမယ်လို့ ကြေညာလာလာပါတယ်။
ဒါကြောင့်လည်း ပေါင် ၉၈၇ သန်းသာလျှင် စစ်ဘေးဒုက္ခသည်များထံသို့ ရောက်လာပါမယ်။