မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုတို့ အလွတ်သဘောတွေ့ဆုံ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Aleksandr Lukashenko တို့သည် ယနေ့ ဩဂုတ် ၂၀ ရက် ညပိုင်းတွင် မင့်စ်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဩဂုတ် ၂၁ ရက်တွင် မင့်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) ၌ တရားဝင်အစီအစဉ်များ ဆက်လက်ပြုလုပ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။