မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့နိုင်ရေး ညှိနှိုင်းနေသည့် ဘယ်လာရုစ် Grodno Azot စက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်လေ့လာ

မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် ဘယ်လာရုစ်နိုင်ငံ၏ အဓိက နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့ ဩဂုတ် ၂၀ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး လမ်းခရီးတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
Grodno မြို့သို့ ရောက်ရှိချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ဆက်လက်သွားရောက်ခဲ့သည်။
စက်ရုံ၌ တာဝန်ရှိသူများက Grodno Azot ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ဓာတ်မြေဩဇာများ နှစ်အလိုက်ထုတ်လုပ်နိုင်မှု၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်မှုနှင့် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု၊ နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အပြင် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စက်ရုံပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စက်ရုံပုံစံငယ်နှင့် ထုတ်လုပ်ရေးဆိုင်ရာ ပြသမှုများကို ကြည့်ရှုလေ့လာကာ စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှ စတင်လည်ပတ်ခဲ့သည့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခုဖြစ်သည်။
စက်ရုံတွင် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ကာ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် ပံ့ပိုးပေးနေသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

image