မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့ရှိ ပုသိမ် -ကြံခင်းသွားရထားလမ်းပိုင်းအတိုင်း ပုသိမ်မြို့ဘက်မှ ကြံခင်းမြို့ဘက်သို့မောင်းနှင်လာသောအမြန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၈၇/၂ နှင့် ၁၈၇/၃ ကြားအရောက်ရထားဘီးသံလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်အတူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများကိုစိစစ်အရေးယူနေ

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။
ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာ၌ တိုင်း/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းပေါ်မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ်အခြေခံကာလျာထားချက်အတိုင်းအပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် စားအုန်းဆီအား စားသုံးသူများထံအပြည့် အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင်ဖွဲ့စည်းထားသော စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက်လည်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူရရှိရန် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကဆောင်ရွက်ပေးလျက်ရှိကာ စက်မှုလုပ်ငန်းသုံးစားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ်အခြေခံစိစစ်တွက်ချက်ပြီးဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်လို အပ်သည့်အရေအတွက်ကိုသာလျှောက်ထားဝယ်ယူအသုံးပြုကြရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာခဲ့သည်။

image

နိုင်ငံခြားထုတ်ဖိနပ်များနှင့် စျေးကွက်ယှဉ်ပြိုင်နေရသည့် ပြည်တွင်းဖိနပ်ချုပ်လုပ်ငန်းများ

ပြည်တွင်းထုတ်ဖိနပ်စျေးကွက်အတွင်း နိုင်ငံခြားထုတ်ဖိနပ်များနှင့် ယှဉ်ပြိုင်နေရပြီး ပြည်တွင်းထုတ်ဖိနပ်များသည် ၂၅ ရာခိုင်နှုန်းခန့်သာစျေးကွက်အတွင်း လွှမ်းမိုးမှုရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်ကပြောသည်။
ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိစာသင်တိုက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖိနပ်လုပ်ငန်းရှင်များ (MSME Cluster) ဗဟိုအဖွဲ့ချုပ်၏ တိုင်းနှင့် ပြည်နယ်လုံး ဆိုင်ရာ (၁/၂ဝ၂၆)အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖိနပ်ဈေးကွက် (၇၅)ရာခိုင်နှုန်းကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ အခြားပြည်ပနိုင်ငံတို့ကနေ တင်သွင်းတဲ့ ဖိနပ်တွေက ကြီးစိုးနေပြီး ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ ပြည်တွင်းဈေးကွက်မှာကျတော့ (၂၅)ရာခိုင်နှုန်းသာ လက်ရှိရောင်းချနေရတယ်။ နိုင်ငံတော်က ပြည်ပနိုင်ငံကနေ ဖိနပ်တင်သွင်းခွင့်ကို တားမြစ်ထားပေမယ့် နည်းအမျိုးမျိုးနဲ့ လက်ရှိအချိန်အထိကို ထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းဝယ်လိုအား ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် (၂)နှစ်အတွင်း (၅ဝ)ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားပြီးဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်ကပြောသည်။
လက်ရှိတွင် ပြည်တွင်းထုတ်ဖိနပ်လုပ်ငန်းများသည် ပြည်တွင်းတွင် ထွက်ရှိသော ရော်ဘာနှင့် ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းကို အသုံးချ၍ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး ဖိနပ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံဖြိုးရေး အတွက် ဖိနပ်စက်မှုရပ်ကွက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

‎အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်နာယကချုပ် ဦးကြည်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းအောင်မှလည်း အမှာစကားပြောကြားခဲ့သည်။

image

ပြင်ဦးလွင်မြို့၌ပြုလုပ်သည့် မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃,၀၀၀)ပင်စိုက်ပျိုး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိန်ပန်းပြာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းရှိ အကွက် အမှတ်(၂)၌ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတက သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူများကြား သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေရေးအတွက် နိုင်ငံတော်ကဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်ပြုလုပ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သစ်တောသစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင်‌ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက စိန်ပန်းပြာပျိုးပင်အား သတ်မှတ်နေရာတွင်ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲတွင် ပန်းပွင့်သောသစ်မျိုးများ ဖြစ်သည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ဆီသပြေ၊ ခါတော် မီစသည့် သစ်မျိုး(၈)မျိုး၏ ပျိုးပင်ပေါင်း(၃,၀၀၀)ပင် ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

image

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာကြား

နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးအပါအဝင်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပေးနိုင်ရေး စမ်းသပ်သုတေသနပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၂ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မကွေး)အား ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။
ဌာနမှထုတ်လုပ်ထားသည့် စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ နှမ်း၊ နေကြာမျိုးစေ့များနှင့် နည်းပညာမြင့် Organic မြေဩဇာနှင့် သဘာဝပိုးသတ်ဆေးရည်စမ်းသပ်ထုတ်လုပ်မှု၊ Nano Technology For Seed Treatment အခန်းအတွင်း အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးအတွက် Cold Plasma စက်များ၊ UV စက်၊ သီးနှံ အခြောက်ခံစက်များဖြင့် သုတေသနပြု စမ်းသပ်ထုတ်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မှသည့် စျေးကွက်ဝင်သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးအပြင် နိုင်ငံတကာသို့တင်ပို့နိုင်သည့် အရောင်အဆင်း၊ အနံ့အရသာနှင့် အရွယ်အ စားများပြည့်မီသည့် သီးနှံများဖြစ်စေရေးကိုပါ သုတေသနပြုစိုက်ပျိုးထုတ်လုပ်ရန် မှာကြားသည်။
" မြန်မာနိုင်ငံကထွက်ရှိတဲ့ နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးနဲ့ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲနဲ့ နှမ်းတွေကိုလည်း တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ မျိုးကောင်း မျိုးသန့်မျိုးစေ့တွေကို ပြည်တွင်းမှာသာလုံလောက်စွာ ထုတ်လုပ်ပေးနိုင်ဖို့ စမ်းသပ်သုတေသနပြုဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒေသသုတေသနဗဟိုဌာန(မကွေး)ရှိ သုတေသနစိုက်ကွက်များအတွင်း သီးနှံများသုတေသနပြုစိုက်ပျိုးထားမှုနှင့် သုတေသနခြံမှ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ထားသည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

image

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံ့ GDP တိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းဖြစ်ကာ နိုင်ငံ့ GDP တိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ပြည်တွင်း ဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးမြှင့်လာစေရန်ရည်ရွယ်ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့"ဆွေးနွေးပွဲအား မကွေးမြို့၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် Agro-based Industreis ကိုဆောင်ရွက်ပြီး ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက်ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဟု ပြောသည်။
လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးသုံးခု တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်လျက်ရှိ၍ အားလုံးတိုးတက်မှသာ နိုင်ငံ့ GDP တိုးတက်လာမည်ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့်ကဏ္ဍမှပါဝင်သည်။ ဝါသည် နိုင်ငံတော်အတွက်အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ် ပြီး ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ထည်များ၊ ဝါစေ့မှ ဆီနှင့် တိရစ္ဆာန်အစာအဖြစ်ပြုလုပ်နိုင်သည့် ဝါစေ့ကြိတ်ဖတ်များကို ထုတ်လုပ်နိုင်သည်ဟု ပြောကြားသည်။
"ဒါ့ကြောင့် ဝါကတဆင့် စက်မှုလုပ်ငန်းတွေကို ဆက်စပ်ဆောင်ရွက်နိုင်လို့ အမှန်တကယ်အကျိုးရှိတဲ့လုပ်ငန်းဖြစ်ပါတယ်။ နည်းစနစ်တကျနဲ့အမြဲသုတေသနပြု စိုက်ပျိုးရပါမယ်။ စိုက်နည်းစနစ်တွေကောင်းမွန်လာရင် အထွက်နှုန်းတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝါထွက်ရှိမှုမက ပိဿာချိန်ပေါင်း(၂၇၄၃) သိန်းကျော်ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဝါလို အပ်ချက်နဲ့ နှိုင်းယှဉ်တွက်ချက်ကြည့်ရင် များစွာပိုလျှံထွက်ရှိတာကိုတွေ့ရပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ကမ္ဘာ့ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျင် အမေရိကန်ဒေါ်လာ(၁,၈၀၀)နှင့် (၁,၉၀၀)ကြားရှိပြီး မြန်မာနိုင်ငံ၌ သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ(၇၀၀)ရရှိပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း(၅၀၀)ခန့်ပိုမိုရရှိနိုင်မည်ဖြစ်၍ နိုင်ငံတော်အနေဖြင့်လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ ဝါစိုက်ပျိုးမှုကိုအခြေခံ၍ Agro-based Industries အဖြစ် ဆောင်ရွက်ရမည်ဟု ပြောကြား သည်။
ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက်အကျိုးရှိသည့် လုပ်ငန်းဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့က အလေးထားဆောင်ရွက်ရန်၊ ဝါစိုက်ပျိုးတောင်သူများနှင့် တာဝန်ရှိသူများကလည်း တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်းထွက်ရှိစေရေးကြိုးပမ်းဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး

စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေသည့် မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တက္ကသိုလ် ဒု-ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ အားကစားကွင်း၊ စာကြည့်တိုက်နှင့် အခြားအခြေခံအဆောက်အဦများတည်ဆောက်နိုင်ရေး တက္ကသိုလ်ပိုင်မြေလိုအပ်လျက်ရှိမှုနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်အတွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် မင်းဘူးခရိုင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ မကွေးတက္ကသိုလ်ရှိ ဘက်စုံခန်းမ၊ သိပ္ပံသုတေသနစင်တာနှင့် စာကြည့်တိုက်၊ တက္ကသိုလ်ပရဝုဏ်အတွင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ် မလေးရှားနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ် စတင်

စင်ကာပူသမ္မတ သာမန် ရှန်မူဂါရတ်နမ်သည် မလေးရှားဘုရင် စူလ်တန် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် သုံးရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အတွက် ဇူလိုင် ၁၂ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။
သမ္မတ သာမန်နှင့် ဇနီး ဂျိန်း အစ်တိုဂီ လိုက်ပါလာသည့် လေယာဉ်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၁၉ မိနစ်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်ခဲ့သည်။
လေဆိပ်၌ တော်ဝင်ရိန်းဂျားတပ်ရင်း အမှတ်(၁)မှ အရာရှိနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၆ ဦး ပါဝင်သော ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။
သမ္မတ သာမန်အား စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမဖွံ့ဖြိုးရေးဝန်ကြီး စတီဗင် ဆင်းမ် ချီးကီယောင် က လက်ခံကြိုဆိုခဲ့ပြီး မလေးရှားနိုင်ငံဆိုင်ရာ စင်ကာပူ မဟာမင်းကြီး ဗာနူ ဂိုပါလာ မီနွန် လည်း ကြိုဆိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတ သာမန်က ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ၏ ကိုးဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည်။
ခရီးစဉ်သည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးကို ထပ်မံအတည်ပြုရန်နှင့် အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၃ ရက်တွင် သမ္မတ သာမန်အား နိုင်ငံတော်အဆင့် ကြိုဆိုပွဲကျင်းပမည်ဖြစ်ပြီး ထို့နောက် အစ္စတာနာ နီဂါရာ နန်းတော်၌ မလေးရှားဘုရင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ဝန်ကြီးချုပ် ဒါတို့ ဆရီ အန်ဝါ အီဘရာဟင် (ကလည်း ဂါရဝပြု တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စင်ကာပူနိုင်ငံသည် မလေးရှား၏ ကမ္ဘာလုံးဆိုင်ရာ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် မလေးရှားရင်းဂစ် ၄၀၂ ဒသမ ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉၇ ဘီလီယံ) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ မလေးရှားရင်းဂစ် ၁၈၉ ဒသမ ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၈၇ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

image

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၁၂ ရက်တွင် မကွေးတိုင်း၊ မင်းဘူးမြို့မှ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှသာ ပို့ကုန်များတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်လာမည်ဖြစ်၍ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရမည်ဖြစ်ကာ ဒေသနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရမည်ဟု ပြောကြားသည်။
စိုက်ပျိုးသီးနှံများအထွက်နှုန်းကောင်းမွန်ပါက ကျေးလက်နေသူများ၏ လူမှုစီးပွားဘဝများတိုးတက်မြင့်မားလာပြီး လူနေမှုအဆင့်များလည်းတိုးတက်မြင့်မားလာမည်ဖြစ်၍ ဒေသ၏ စီးပွားရေးအားကောင်းမွန်မှုရှိစေရေးကြိုးပမ်းအားထုတ်ကြရန်လည်း မှာကြားခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍစသည်ဖြင့် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်ရန်လိုသကဲ့သို့ အတွေးအခေါ် မှားနေသူများကိုလည်း ပြင်ပေးကြရမည်ဖြစ်ကာ အသိအမြင်၊ အတွေးအခေါ် ကောင်းများနှင့် ပြည့်စုံသည့် အနာဂတ်လူငယ်များထွက်ပေါ်လာစေရေးဆောင်ရွက်ကြရမည်ဟုလည်း ပြောကြားသည်။
မြို့ပြတည်ဆောက်ရေးတွင် လူနေမှုစနစ်များမြှင့်တင်နိုင်ရေးစဉ်စားဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်းနေထိုင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်သည့် ကလေးငယ်များဖြစ်စေရေး၊ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများမြှင့်တင်ရေးတို့အတွက် ရပ်မိရပ်ဖများကဦးဆောင်ဦးရွက်ပြုဆောင်ရွက်ကြရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၌ MOFA ပြည်ထောင်စုဝန်ကြီး ပြောကြား

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။
ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေမှု၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်၌ "အာဆီယံထုတ်ပြန်ချက်(၅) ရပ်သည် အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိ၍ လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကိုတိုက်တွန်းကြောင်း"အရေးကြီးအဆိုကို လွှတ်တော်က ဇူလိုင် ၉ ရက်တွင်အတည်ပြုဆုံးဖြတ်ခဲ့သဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံအစိုးရကအကောင်အထည်ဖော်ဆောင်ရန်တာဝန်ရှိသည်ဟုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏သိမ်မွေ့နက်နဲသည့် နိုင်ငံရေးအခြေအနေကိုနားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုများပြုလုပ်ကြရန်၊ အာဆီယံ၌ မြန်မာနိုင်ငံ၏မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ မကြာမီပြန်လည်ရရှိနိုင်မည်ဟုမျှော်လင့်ပြီး အာဆီယံနှင့်အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်မည်ဟုလည်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း အာဆီယံ၏ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှုတို့အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image