မူဆယ်မြို့တွင် အဆောက်အဦတစ်လုံးပေါ်သို့မြေပြိုကျ အမျိုးသမီး (၁) ဦးခြေထောက်ပိမိ၍ မီးသတ်တပ်ဖွဲ့ကကယ်ထုတ်

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီခွဲခန့်က အဆောက်အဦတစ်လုံးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ကောင်းမှုးတုံရပ်ကွက်၊ ဟိုးနားနယ်မြေ၊ မြို့ရှောင်လမ်းရှိ အဆောက်အဦတစ်လုံးပေါ်သို့ မြေပြိုကျရာမှ အမျိုးသမီး (၁) ဦး၏ ခြေထောက်အောက်ပိုင်းပိမိနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ နံနက် ၁၀ နာရီခွဲခန့်တွင်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကယ်ထုတ်ပြီးနောက် ထိခိုက်ဒ-ဏ်ရာများရရှိထားသဖြင့် မြင့်မြတ်ပါရမီလူမူကူညီရေးအသင်းက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

မန္တလေးအဝေးသင်တက္ကသိုလ်တွင် Diploma in English (Basic Level-I) သင်တန်း ဖွင့်လှစ်မည်

မန္တလေးအဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကြီးမှူး၍ Diploma in English Course (Basic Level-I) သင်တန်းကို လာမည့် ဩဂုတ် ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသည် သင်တန်းကာလ (၃) လကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။
သင်တန်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကာ လျှောက်လွှာများကို ဇူလိုင် ၂၀ ရက်မှ ၃၁ ရက်အထိ မန္တလေးအဝေးသင်တက္ကသိုလ် အောင်ပင်လယ်ဆောင်ရှိ အင်္ဂလိပ်စာဌာနတွင် ဝယ်ယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
ယခုသင်တန်းအတွက် သင်တန်းသားဦးရေ (၁၀၀) ဦးသာ လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာထုတ်ယူရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းတို့ကို ယူဆောင်လာရမည်ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မန္တလေးအဝေးသင်တက္ကသိုလ် အောင်ပင်လယ်ဆောင်ရှိ အင်္ဂလိပ်စာဌာနတွင် ရုံးချိန်အတွင်း သွားရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

image

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသည့် မှော်ဘီမြို့နယ်မှ ကော်စေ့လုပ်ငန်းပိုင်ရှင်အား လျော်ကြေး၊ ဒ-ဏ်ကြေးချမှတ် (၁၄)ရက်အတွင်းမသွင်းပါက လျှပ်စစ်ဥပဒေအရအရေးယူမည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ Control Center များမှစောင့်ကြည့်စစ်ဆေးချက်အရ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှ ကော်စေ့လုပ်ငန်းပိုင်ရှင်သည် လျှပ်စစ်ဓာတ်အားကိုခိုးယူသုံးစွဲသဖြင့် လျော်ကြေး၊ ဒဏ်ကြေးချမှတ်ကာ (၁၄)ရက်အတွင်းမသွင်းပါက လျှပ်စစ်ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ ကော်စေ့လုပ်ငန်းတွင်အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ကိုပြုပြင်ကာ လျှပ်စစ်ဓာတ်အားခိုးယူသုံး စွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အားယူနစ်(၄) သိန်းခွဲခန့်နစ်နာဆုံးရှုံးခဲ့ရပြီး လျော်ကြေး၊ ဒဏ်ကြေးအဖြစ် ငွေကျပ်သိန်း၃၀၀)ကျော်အားပေးဆောင်စေခဲ့ကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဥပဒေအရ (၆)လဓာတ်အားပေးခြင်းအား ရပ်ဆိုင်းမည်ဖြစ်ကာ လျော်ကြေး၊ ဒဏ်ကြေးငွေအား (၁၄)ရက်အတွင်းမပေးသွင်းပါက လျှပ်စစ်ဥပဒေအ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ဂျပန်က ကမ္ဘောဒီးယားကို ကာကွယ်ရေးပစ္စည်းကိရိယာများ ပေးမည်

စိတ်တူကိုယ်တူ မိတ်ဖက်များကို ပံ့ပိုးရန်သတ်မှတ်ထားသော တိုကျို၏ လုံခြုံရေးအကူအညီမူဘောင်အရ ဂျပန်သည် ကမ္ဘောဒီးယားစစ်တပ်ကို ယန်းသန်း ၅၀၀ တန်ဖိုးရှိသော ကာကွယ်ရေးပစ္စည်း ကိရိယာများ ပေးမည်ဖြစ်ကြောင်း ဂျပန်အစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အစိုးရ၏ လုံခြုံရေးအကူအညီအစီအစဉ်အရ ကမ္ဘောဒီးယားသို့ ကာကွယ်ရေးပစ္စည်း ကိရိယာများ ကို ပထမဆုံးအကြိမ် ထောက်ပံ့ရာတွင် ကမ္ဘောဒီးယားကြည်းတပ်သို့ ဆက်သွယ်ရေးပစ္စည်းများနှင့် ရေတပ်သို့ ကင်းလှည့်ရေယာဉ်များကို ဂျပန်က ပေးပို့သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ ထိုနေ့အစောပိုင်းတွင် ဖနောင်ပင်၌ နှစ်ဖက်အစိုးရအကြား လက်မှတ်ရေးထိုးပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ကမ္ဘောဒီးယား၏ လုံခြုံရေးစွမ်းရည်များ မြှင့်တင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပံ့ပိုးကူညီခြင်းသည် နှစ်နိုင်ငံအကြား လုံခြုံရေးဆက်ဆံရေးကို ခိုင်မာစေရာတွင် ထိရောက်အရေးပါလိမ့်မည် ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော အစိုးရ၏ လုံခြုံရေးအကူအညီအစီအစဉ်အရ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အခြားအရှေ့တောင်အာရှနိုင်ငံများကိုလည်း အကူအညီရရှိမည့်သူများအဖြစ် ရွေးချယ်ထားသည်။

image

"မီလျံနာ"ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်၌သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့မှု ယနေ့ ဇူလိုင် ၂၀ ရက်နေ့ လယ် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၅)ဦးက ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ "မီလျံနာ"ရွှေဆိုင်အတွင်းသို့ဝင်ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
" ရွှေဆိုင်ထဲကိုသေနတ်ပစ်ဖောက်ပြီးဝင်လာတယ်။ နောက် ရွှေထည်ပစ္စည်းတွေထည့်ထားတဲ့မှန်ကောင်တာကိုရို-က်ခွဲပြီး ရွှေထည်တွေကိုယူသွားကြတယ်။ ပါသွားတဲ့ ရွှေထည်ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးကိုစိစစ်နေကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပေါ် ပြူလာနယူးစ်ကို ပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများကိုစစ်ဆေးပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

image

တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ Myanmar Women's League 2026-27 ပြိုင်ပွဲ၏ အိမ်ကွင်းပွဲစဉ်များကို ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် အမျိုးသမီးကလပ်အသင်းအဖြစ် ရှမ်းယူနိုက်တက်အသင်းက ဇူလိုင်လအတွင်း အိမ်ကွင်းပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ဒေသခံဘောလုံးပရိသတ်များ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို အနီးကပ် ကြည့်ရှုအားပေးနိုင်ရန်နှင့် ဒေသတွင်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ Myanmar Women's League 2026-27 ပြိုင်ပွဲ၏ အပတ်စဉ် (၆) နှင့် (၇) အိမ်ကွင်းပွဲစဉ်များကို တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရှမ်းယူနိုက်တက်အသင်းသည် အပတ်စဉ် (၆) ပွဲစဉ်အဖြစ် ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် လည်းကောင်း၊ အပတ်စဉ် (၇) ပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လည်းကောင်း တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ယခုကဲ့သို့ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်းသည် မြန်မာအမျိုးသမီးလိဂ်တွင် ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ပြီးနောက် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပသည့် တတိယမြောက် အမျိုးသမီးကလပ်အသင်း ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် အပတ်စဉ် (၇) ပွဲစဉ်ဖြစ်သော I.S.P.E အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့၏ ပွဲစဉ်ကိုလည်း မူလသတ်မှတ်ထားသည့်ရက်အစား ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Women's League က အသိပေးထားသည်။

image

မန္တလေးမြို့တွင် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးကိုပါဆွေးနွေးခဲ့

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၂၀ ရက်နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)၊ ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အဓိကလုပ် ငန်းစဉ်များ၊ ဝန်ထမ်းရေးရာ ကိစ္စများ၊ ရပ်/ ပျက်/ နှေး မီတာကိစ္စများ ၊ မီတာအသစ်တပ်ဆင်ခြင်းနှင့် ထရန်စဖော်မာလျှောက်ထားမှုဆိုင်ရာများ၊ ဓာတ်အားခကြွေးကျန်များ စနစ်တကျကောက်ခံရေးဆိုင်ရာများ၊ ဓာတ်အားပျောက်ဆုံးမှု(Losses)နည်းပါးစေရေးတို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

ဖလမ်းမြို့ရှိ ဆေးရုံ၊ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဆိုလာမီးတပ်ဆင်နေမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဖလမ်းမြို့ရှိ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ နှင့် ဗိုလ်ချုပ်လမ်းတလျောက် ဆိုလာမီး တပ်ဆင်ဆောင်ရွက်မှုအခြေအနေများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ရာ (6 KW) ဆိုလာမီး (၁)စုံ တပ်ဆင်ဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြခဲ့ကြ သည်။
ဒုတိယဝန်ကြီးမှ ဆိုလာပြားများအား သန့်ရှင်းမှုရှိစေရန်၊ သစ်ကိုင်းများ၊ အဆောက်အဦများကြောင့် ဆိုလား ပြားပေါ် နေရောင်ပိတ်ဆို့မှု မဖြစ်စေရန်၊ Battery, Controller, Timer, Connector နှင့် ဝါယာကြိုးတို့အား ပုံမှန်စစ်ဆေးကြရန်၊ မိုးရာသီတွင် ရေစိမ့်ဝင်နိုင်သည့် အစိတ်အပိုင်းများကို အထူးဂရုပြုစစ်ဆေးကြရန်၊ ရုံးလုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်၊ ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းကြရန် မှာကြားခဲ့သည်။
ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံတွင် (12 KW) ဆိုလာမီး(၁)စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် (6 KW ) ဆိုလာမီး (၁)စုံ၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်ရုံးတွင် (6 KW) ဆိုလာမီး (၁)စုံ၊ မြို့နယ် ပညာရေးမှူးရုံးတွင် (6 KW) ဆိုလာမီး(၁)စုံတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းတလျောက် ဆိုလာလမ်းမီးတိုင် တပ်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ ဖလမ်းမြို့၊ ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများမှ ပံ့ပိုးကူညီသော (300 W) ဆိုလာလမ်းမီးများကို ဒေသခံပြည်သူများနှင့် လျှပ်စစ်အင်ဂျင်နီယာဝန်ထမ်းများမှ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။
ညပိုင်းတွင် ဖလမ်းမြို့ မီးလင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြပြီး မြို့၏ အဓိက နေရာများ၊ လမ်းဆုံ လမ်းခွ နေရာများနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး ဌာနများတွင် ဆိုလာမီးများကို ဦးစားပေးအလိုက်တပ်ဆင်သွားရန် ဒုတိယဝန်ကြီးဉီးမျိုးမြင့်က တာဝန်ရှိသူများအား မှာကြားခဲ့သည်။

image

မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဒု-သမ္မတ ဦးညိုစောနှင့် UN အဆင့်မြင့်အရာရှိ တွေ့ဆုံ

မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးအပါအဝင် လတ်တလော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအား ပိုမိုနားလည်မှုရရှိရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် ကုလသမဂ္ဂ (UN) ယာယီလက်ထောက်အတွင်းရေးမှူးချုပ် H.E. Mr. Indrika Ratwatte တို့ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း နှစ်ဖက်ကိုယ်စားလှယ်များသည် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ညှိနှိုင်းခဲ့ကြသည်။
ထို့ပြင် အစိုးရ၏ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ပွင့်လင်းမြင်သာစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေးဖြစ်စဉ်များကိုပါ အကျယ်တဝင့် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

image

ပခုက္ကူမြို့နယ်ရှိ မဟာဓာတ်အားလိုင်းတိုင်အမှတ်(၃၃၈)မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ဇူလိုင် ၁၉ ရက်ည ၇ နာ ရီခွဲခန့်က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း ၏တိုင်အမှတ်(၃၃၈)အား အကြမ်းဖက်အဖွဲ့ဝင်များ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ထိုသို့ ဖျက်ဆီးခံရမှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများပြတ်တောက်သွားခဲ့ကာ မကွေးတိုင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေးကွန်ရက်စနစ်အတွင်း ဓာတ်အားတည် ငြိမ်မှုထိခိုက်ခဲ့၍ တိုင်းအတွင်းမှ အခြားမြို့၊ ရွာများတွင်ပါ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါဓာတ်အားပြတ်တောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ပျက်စီးသွားသော တာဝါတိုင် ၃၃၈ ကို လုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာရုံးမှဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image