ထားဝယ်မြို့၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပခဲ့

ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမတွင် (ဩဂုတ် ၂၉) နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကရင်ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာကို စုပေါင်းဆင်နွှဲခဲ့ကြပြီး တက်ရောက်လာသူများအား ချည်ဖြူဖွဲ့ မင်္ဂလာပြုပေးခဲ့ကြသည်။

image

ပြည်တွင်းလိဂ် ဒုတိယရာသီဝက်နှင့် AWCL အုပ်စုအဆင့်အတွက် ဂျပန်ကလပ်များရှိ အဆင့်မြင့် ကစားသမားများ‌ ရှာဖွေခေါ်ယူမည်

ပြည်တွင်းလိဂ် ဒုတိယရာသီဝက်နှင့် AFC Women’s Champions League (AWCL) အုပ်စုအဆင့် ပွဲစဉ်များအတွက် အသင်းကို ပိုမိုတောင့်တင်းလာစေရန် ဂျပန်ကလပ်များရှိ အဆင့်မြင့် ကစားသမားများ‌ ရှာဖွေခေါ်ယူမည်ဖြစ်ကြောင်း၊ ကစားသမားသစ်များ ရှာဖွေခေါ်ယူနိုင်ရေးအတွက် ဧရာဝတီအမျိုးသမီးအသင်း နည်းပြ ကူမီကိုသည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
နည်းပြ ကူမီကိုသည် ဂျပန်နိုင်ငံတွင် ကလပ်အသင်းများ၊ ကစားသမားများနှင့် တိုက်ရိုက်တွေ့ဆုံကာ အသင်း၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် အရည်အသွေးမြင့် ကစားသမားများကို ရွေးချယ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ပြိုင်ပွဲတွင် ဧရာဝတီအသင်း၌ လာရောက်ကစားခဲ့သည့် ဂျပန်ကစားသမား ၅ ဦးအနက် အချို့ သို့မဟုတ် အားလုံးကို AWCL အုပ်စုအဆင့်အတွက် ပြန်လည်ခေါ်ယူနိုင်ရေး သက်ဆိုင်ရာ ကလပ်များနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး အခက်အခဲရှိပါက နေရာလိုအပ်ချက်များအတွက် ကစားသမားသစ်များကို ထပ်မံရှာဖွေသွားမည်ဖြစ်သည်။
လာမည့် AWCL အုပ်စုအဆင့်တွင် အနည်းဆုံးတစ်ပွဲ အနိုင်ရရှိရန်နှင့် ပေးဂိုးနည်းပါးစေရန် ရည်မှန်းထားသလို လာမည့်နှစ် AWCL ပြိုင်ပွဲသို့ ထပ်မံဝင်ရောက်ခွင့်ရရေးအတွက် ပြည်တွင်းလိဂ် ချန်ပီယံဆုရရှိရန် အရေးကြီးကြောင်းလည်း နည်းပြ ကူမီကိုက ပြောကြားခဲ့သည်။
လက်ရှိတွင် အသင်း၌ ဒဏ်ရာရ ကစားသမားများရှိနေခြင်းနှင့် နိုင်ငံခြားသား ကစားသမားများ၏ စာချုပ်ကိစ္စ စိန်ခေါ်မှုများ ရှိနေသော်လည်း အနားယူကာလအတွင်း လက်ရှိကစားသမားများ၏ အရည်အသွေး တိုးတက်ရေးကို အထူးပြု လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ S

image

FIFA U-15 World Cup and Festival အတွက် မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်း ပဏာမကစားသမား ၃၂ ဦး စာရင်းထုတ်ပြန်

အဇာဘိုင်ဂျန်နိုင်ငံ၌ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် FIFA U-15 World Cup and Festival ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာ ယူ-၁၅ လက်ရွေးစင်အသင်း၏ ပဏာမကစားသမား ၃၂ ဦး စာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ပဏာမလူစာရင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့သည့် Open Try Out စနစ်ဖြင့် ရွေးချယ်ခံရသူများ အပါအဝင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်နှင့် ရန်ကုန်ဇုန် FIFA/MFF U-15 League 2026 တို့မှ ထက်မြက်သည့် လူငယ်ကစားသမားများ ပါဝင်လာကြသည်။
ထို့အပြင် နေပြည်တော် (RTC) မှ ကစားသမားများ၊ MFF Academy Selection Team (YGN) နှင့် MFF Academy Selection Team (MDY) တို့မှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားများလည်း ပဏာမစာရင်းတွင် ပါဝင်ကြသည်။
ရွေးချယ်ခံရသည့် ပဏာမကစားသမား ၃၂ ဦးသည် စက်တင်ဘာ ၃ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ သတင်းပို့ရမည်ဖြစ်ပြီး အဇာဘိုင်ဂျန်ခရီးစဉ်အတွက် လေ့ကျင့်ရေးစခန်း ဝင်ရောက်ရမည်ဖြစ်သည်။
လေ့ကျင့်ရေးစခန်း ကာလအတွင်း ကစားသမားများ၏ ခြေစွမ်းနှင့် ကြံ့ခိုင်မှုများကို စိစစ်ပြီးမှသာ အဇာဘိုင်ဂျန်သို့ သွားရောက်ယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ထပ်မံရွေးချယ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားများ မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေ

DEMU ရထားများ ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ပြေးဆွဲနိုင်ရေးနှင့် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးတို့အတွက် ရထားလမ်းအဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်-ပြည် ရထားလမ်းပိုင်း အရှည် ၁၆၁ မိုင်အနက် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီး လေးစီးဖြင့် ရထားလမ်းမြှောက်ခြင်းနှင့် ပါကင်ရိုက်ခြင်းလုပ်ငန်း စုစုပေါင်း ၁၂၁ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် မိုင် ၄၀ ကို လာမည့် စက်တင်ဘာ ၃ ရက်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ၉ ချောင်းဆက် သံလမ်းခင်းခြင်းလုပ်ငန်းအဖြစ် တညင်းကုန်းမှ ဖလုံအထိ ၃၇ မိုင်နှင့် ပြည်မှ ဇီးကုန်းအထိ ၄၃ မိုင်၊ စုစုပေါင်း မိုင် ၈၀ ဆောင်ရွက်ပြီးစီးထားသည်။ ကျန်ရှိသည့် ဖလုံမှ ဇီးကုန်းအထိ ၆၈ ဒသမ ၅ မိုင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။
လက်ရှိတွင် ALLTM စက်ကြီးများဖြင့် နတ်တလင်း-ပေါင်းတည်၊ သဲကုန်း-ဆင်မြီးဆွဲ၊ ဆင်မြီးဆွဲ-မှော်ဇာနှင့် မှော်ဇာလမ်းဆုံ-ပြည်ဘူတာကြား ရထားလမ်းပိုင်းများ၌ အဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

image

ရေကျဆင်းပါက အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ အသင့်ပြင်ဆင်ထား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျဆင်းပါက ရေဘေးသင့်တောင်သူများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စက်ယန္တရားများ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများကို အသင့်စုဖွဲ့ပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက လေးမျက်နှာမြို့ပေါ်ရှိ နဝင်းကျောင်းတိုက်အပါအဝင် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ တာတမံများ ကြံ့ခိုင်ရေးလုပ်ငန်းများကို မိုးကုန်ကာလတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကျဆင်းပြီးနောက် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ရေဘေးကာလအတွင်း ဖြစ်ပေါ်နိုင်သည့် မြွေအန္တရာယ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image

ပြည်ပရောက်လုပ်သားများ၏ မိသားစုလွှဲငွေ တရားဝင်လမ်းကြောင်းမှ လွှဲပို့ရေး အေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီး တိုက်တွန်း

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက တိုက်တွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၂၉ ရက်က ပြည်ပသို့ အလုပ်သမားစေလွှတ်လျက်ရှိသည့် အေဂျင်စီများမှ မန်နေဂျင်းဒါရို-က်တာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းသည် အလုပ်သမားမိသားစုများ၏ လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေသည့်အပြင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ လုပ်ခလစာမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေးအတွက် အေဂျင်စီနှင့် အလုပ်သမားအကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုသည့်စနစ်ကို ၂၀၂၃ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေဆိုင်ရာ အချက်အလက်များ တိကျစွာရရှိရေးနှင့် လွယ်ကူအဆင်ပြေသည့် ငွေလွှဲစနစ် ဖြစ်ပေါ်လာရေးအတွက် Authorized Dealer (AD) လိုင်စင်ရဘဏ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာတို့ တက်ရောက်ခဲ့ကြသကဲ့သို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲ့ဝင်များ၊ ဝမ်ဟိုင်းပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ယခု ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးတာဝန်ရှိသူများ၊ SSPP/SSA အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ကျောင်းကော်မတီများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများကိုလည်း ပေးအပ်ခဲ့သည်။
နှစ်အတန်ကြာ ပညာသင်ကြားခွင့် အကန့်အသတ်များနှင့် ကြုံတွေ့ခဲ့ရသည့် ဒေသခံ ကလေးငယ်များအတွက် အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် မြို့ခံပြည်သူများက အသီးသီး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

image

၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ရန်ကုန်စီးတီးအသင်း စပွန်ဆာကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆို

ရန်ကုန်စီးတီး ဘောလုံးအသင်း၏ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် စပွန်ဆာ ကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Mercure Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Main Sponsor အဖြစ် ရှမ်းပဲပုပ် Cooking Oil က ပါဝင်ပံ့ပိုးပေးပြီး Co-Sponsor အဖြစ် Essential Motor၊ Solution IV Hydration & Wellness Center၊ Golden Gate Global Myanmar Pte Co.,Ltd၊ HEY Play၊ Burma Beauty Aesthetic, Anti-Aging & Beauty Medical Center၊ KING Surgery Center နှင့် EGO SPORT THAILAND စသည့် ကုမ္ပဏီ ၈ ခုတို့နှင့် စပွန်ဆာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်စီးတီး ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးချစ်ကိုကို၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုးမိုးကျော်၊ စပွန်ဆာ လုပ်ငန်းရှင်များ၊ အသင်းကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်စီးတီးအသင်း ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဂုဏ်ပြုစကား ပြောကြားခဲ့ကာ စာချုပ်များ ရေးထိုးပြီးနောက် စပွန်ဆာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

image

ဟားခါးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရွေ့လျားဆေးခန်းဖွင့်၍ ဒေသခံ ၄၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက နော်ဝေနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဆေးခန်းကို ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ဟားခါးမြို့ရှိ ဗေသလဘုရားကျောင်းနှင့် ဧမာနွေလဘုရားကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဆေးခန်းဖွင့်လှစ်ပေးသည့် ကာလအတွင်း ဒေသခံပြည်သူ ၄၇၇ ဦးအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူရန်လိုအပ်သည့် လူနာ ၇ ဦးကို သက်ဆိုင်ရာ ဆေးရုံများသို့ ညွှန်းပို့ပေးခဲ့သည်။
ထို့ပြင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များ ပူးပေါင်း၍ ဒေသခံများအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

မုဒုံမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂)ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ယနေ့ သြဂုတ် ၃၀ ရက်က မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂) ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့ခဲ့ကြသည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးနှင့်ဇနီး တာဝန်ရှိသူများတက်ရောက်၍ ကြွရောက်တော်မူလာကြသည့် အပူဇော်ခံဆရာတော်ကြီး(၄၂)ပါးအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပူဇော်ကန်တော့ပွဲတွင် ဂျုံးကျတောရကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဩဝါဒကထာချီးမြှင့်ခြင်း၊ ဓမ္မဒူတဆရာတော်ထံမှ အနုမောဒနာတရားနာယူခြငိးတို့ကိုလည်းပြုလုပ်ခဲ့ကြသည်၊

image