ပထမဆုံးအိုးထရက်ဖို့ဒ်ပွဲစဉ်တွင် ယူနိုက်တက်စံချိန်သစ်ရေးထိုးလာတဲ့ ဘာစီလိုနာပစ်မှတ် ယူနိုက်တက်ပါရမီရှင် ဂျေဂျေဂါဘရီရယ်
===================

ယူနိုက်တက်လူစာရင်းမှာ ရွန်းနီ မပါဝင်ပါဘူး။ ကာရစ် မပါဝင်ပါဘူး။ ဒါပေမယ့် လူတိုင်းပါးစပ်ဖျားမှာ ရှိနေတဲ့အရာကတော့ အခြားအမည်တစ်ခု ဖြစ်နေပါတယ်။
အိုးထရက်ဖို့ဒ်တွင် ပီတာဘရော့နှင့် ရင်ဆိုင်ရတဲ့ ယူနိုက်တက်ရဲ့ FA Youth Cup ပြိုင်ပွဲ လူစာရင်းမှာ ကိုင်ရွန်းနီနှင့် ဂျေဆီကာရစ်တို့ မပါဝင်လာပါဘူး။
ဒါပေမယ့် အသက် ၁၅ နှစ် အရွယ်ရှိ ဂျေဂျေဂါဘရီရယ်ဟာ FA Youth Cup တတိယအဆင့်ပွဲစဉ်မှာ တစ်လုံးတည်းသော ဂိုးအား သွင်းယူပြီး သူ့အမည်ကို တစ်ကမ္ဘာလုံးအား မိတ်ဆက်လာပါတယ်။
အောက်တိုဘာလကမှ အသက် ၁၅ နှစ်ပြည့်ခဲ့တဲ့ ဂျေဂျေဂါဘရီရယ်ဟာ ပွဲချိန် ၂၂ မိနစ်တွင် သမိုင်းဝင် ဂိုးအား သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ယင်းဂိုးကြောင့် FA Youth Cup သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းယူသူ ဖြစ်လာပါတယ်။
ဂျေဂျေဂါဘရီရယ်ဟာ ယူနိုက်တက်အတွက် ၁၂ ပွဲကစားရာမှာ ၁၁ ဂိုးအထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ လီဗာပူးယူ-၁၈ နှင့်ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပါသေးတယ်။
ဂါဘရီရယ်ဟာ ကျောင်းအတန်း Year 10 မှာ စာသင်ကြားနေဆဲ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အကယ်ဒမီတွင် ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ အင်စတာဂရမ်မှာ ဖော်လိုဝါ ၃ သိန်းကျော်အထိ ပိုင်ဆိုင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပါရမီရှင်တစ်ဦးဖြစ်တာနဲ့အညီ အသက် ၁၁ နှစ်အရွယ်ကတည်းက Nike နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုထားနိုင်သူလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်အကယ်ဒမီရဲ့အလားအလာအကောင်းဆုံးကစားသမားဖြစ်တာနဲ့အညီ ဘာစီလိုနာရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။
ယူနိုက်တက်ကလည်း ဂျေဂျေဂါဘရီရယ်ကို အသင်းတွင် ဆက်ထိန်းထားနိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေပါတယ်။
ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ ဂါဘရီရယ်နှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်သလို ယခုရာသီတွင် ပထမအသင်းနှင့်အတူ ၂ ကြိမ်တိုင်တိုင် လေ့ကျင့်ခန်းဆင်းခွင့်ပေးထားပြီးလည်း ဖြစ်ပါတယ်။
သူဟာ အဲဗာတန်ကို ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ယူနိုက်တက်ဒါရိုက်တာ Box မှ ကြည်ခွင့်ရခဲ့ပါတယ်။
မနေ့ညကပွဲမှာတော့ သူဟာ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့ရာမှာတော့ FA Youth Cup သမိုင်းတွင် အသက်ငယ်ဆုံးဂိုးသွင်းရှင်ဖြစ်စေမယ့် ဂိုးကို သွင်းယူကာ သမိုင်းတွင်စေမယ့် ဂိုးအား သွင်းယူလာခဲ့ပြီလည်း ဖြစ်ပါတယ်။

image

ဒဏ်ရာပြဿနာများကြောင့် အလွန်အန္တရာယ်များတဲ့ စက်ဝိုင်းအတွင်း အာဆင်နယ်ရောက်ရှိနေ
=====================

မီခေးလ်အာတီတာက ဒဏ်ရာပြဿနာများကြောင့် အာဆင်နယ်မှာ အလွန်အန္တရာယ်များတဲ့ စက်ဝိုင်းအတွင်း ကျရောက်နေကြောင်း ဆိုလာပါတယ်။ ဒါပေမယ့် စပိန်လူမျိုးနည်းပြက အာဆင်နယ်ကစားသမားများ ဒဏ်ရာပြဿနာများ ကြုံနေရမှုမှာ အလွန်အကျွံလေ့ကျင့်ခန်းပြုလုပ်ရခြင်းကြောင့်မဟုတ်ကြောင်း ငြင်းဆိုသွားပါတယ်။
အာဆင်နယ်ဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများစွာနှင့် ကြုံလာရတဲ့အသင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ယနေ့ည ကလပ်ဘရုဂျက်နှင့်ပွဲစဉ်တွင်လည်း အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဒီကလန်ရိုက်၊ ဝီလီယမ်ဆာလီဘာ၊ ထရိုဆတ်တို့ မပါဝင်ဘဲ ရင်ဆိုင်ကစားရပါမယ်။
ထရိုဆတ်မှာ ပြီးခဲ့တဲ့အပတ်တုန်းက ဗီလာနှင့်ပွဲတွင် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ လူစားဝင်ရောက် ပြန်လည်ကစားလာနိုင်ခဲခြင်းဖြစ်ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းနှောင်းပိုင်းတွင် ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ တိုက်စစ်သမားကိုင်ဟာဗတ်ဇ်၊ နောက်ခံလူများဖြစ်ကြတဲ့ ဂါဘရီရယ်၊ ခရစ္စတီယန်မော့စ်ကွီရာတို့ကိုလည်း ဆုံးရှုံးထားရပါတယ်။ တိုက်စစ်မှူးဗစ်တာယိုကီရေးစ်မှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။
အာဆင်နယ်တို့ ဒဏ်ရာပြဿနာများ ကြုံနေရမှုမှာ လေ့ကျင့်ခန်း အလွန်အမင်းလုပ်ဆောင်ရခြင်းကြောင့်လားလို့ မေးမြန်းလာမှုကို အာတီတာက "မဟုတ်ပါဘူး။ လေ့ကျင့်လို့ မဟုတ်ပါဘူး။ လေ့ကျင့်ဖို့ အချိန်မရှိဘူး။ ဒီတော့ လေ့ကျင့်ခန်းလည်း မရှိဘူး။ အဓိကကတော့ ဒဏ်ရာရကစားသမားများနေတော့ အခြားကစားသမားတွေ ပိုသုံး ပွဲပန်းစေတယ်။ တကယ့်ကို အန္တရာယ်များတဲ့ စက်ဝိုင်းတစ်ခုပါ"လို့ ဆိုသွားပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက မိနစ် ၂၀ တည်းသာ လေ့ကျင့်ခန်း ပြုလပ်ခဲ့တာပါ။
ဒါ့အပြင် အာတီတာက အသင်းရဲ့ ကစားသမားများ ဒဏ်ရာရရှိမှုများရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို အမြဲတစေ လေ့လာဆန်းစစ်မှုများ ပြုလုပ်လာခဲ့ကြောင်းလည်း ဆိုသွားပါတယ်။
အာတီတာက "တချို့ ကစားသမားတွေက ပြီးခဲ့တဲ့နှစ်ရာသီမှာ ပွဲ ၁၅၀ ကစားလာခဲ့ရတော့ ပွဲစပန်းလာတယ်။ တဖက်မှာ သူတို့ကို ဆက်ပြီးတော့ အဖန်ဖန်တလဲလဲ ကစားခိုင်းနေရပြန်တယ်။ အဲဒီအခါ တချိန်ကျရင် သူတို့ အရုတ်ကျိုးပြတ်ကျတော့တာပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြဲတစေ လေ့လာဆန်းစစ်လာခဲ့တယ်။ ကစားသမားတွေအများကြီး မပါဘဲ ပွဲတွေအများကြီး ကစားလာခဲ့ရတော့ ဖိအားလည်း အရမ်းများတယ်။ အဲဒီအခါ ဒဏ်ရာလည်း ပိုရလာတယ်"လို့ ပြောကြားသွားပါတယ်။

image

ဆာလက်ကို ခေါ်ယူရေး ပစ်မှတ်ထားနေကြောင်း ဆော်ဒီပရိုလိဂ်အကြီးအကဲ အတည်ပြုလာ
=====================

ဆော်ဒီပရိုလိဂ်အကြီးအကဲအိုမာမူဂါဘယ်က လီဗာပူးတိုက်စစ်သမားမိုဟာမက်ဆာလက်ကို ခေါ်ယူရေး ဆော်ဒီကလပ်များ ပစ်မှတ်ထားနေကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ နည်းပြအန်းဆလော့နှင့် ကလပ်ကို အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အင်္ဂါနေ့ညတုန်းက ဆန်စီရိုတွင် အင်တာမီလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် လီဗာပူးလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဆာလက်ဟာ စနေနေ့တုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် လီဗာပူးကစားသမားဘဝတစ်လျှောက် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးတဲ့နောက် လီဗာပူးရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့အား အပြစ်ပုံချနေကြောင်း၊ အန်းဆလော့နှင့် ဆက်ဆံရေး မရှိတော့ကြောင်း လူသိရှင်ကြား ဝေဖန် ပြောကြားခဲ့ပါတယ်။
အင်တာမီလန်နှင့်ပွဲစဉ်မတိုင်မီ အန်းဆလောက ဆာလက်အနေဖြင့် ကလပ်နှင့် သူ့ကို တောင်းပန်မှု ပြုလုပ်လာပါက လီဗာပူးတွင် ပြန်လည်ကစားခွင့်ရလာနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မူဂါဘယ်က ဆော်ဒီကလပ်များက မိုဟာမက်ဆာလက်အား ခေါ်ယူရန် စိတ်အားထက်သန်နေကြကြောင်း အတည်ပြုလာပါတယ်။
ဆော်ဒီတွင် ပြုလုပ်တဲ့ World Football Summit တွင် ၎င်းက "မိုဟာမက်ဆာလက်ကို ဆော်ဒီလိဂ်က ကြိုဆိုပါတယ်။ ဒါပေမယ့် ကလပ်တွေအနေနဲ့ ကစားသမားတွေနဲ့ ညှိနှိုင်းမှုလုပ်တဲ့အပေါ် တာဝန်ယူရပါမယ်။ ဆာလက်က သူတို့ရဲ့ ပစ်မှတ်ဆိုတာ သေချာပါတယ်"လို့‌ ပြောကြားသွားပါတယ်။
ဆာလက်ဟာ ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်မချုပ်ဆိုမီ ဆော်ဒီပရိုလိဂ်ရဲ့ အဓိကပစ်မှတ်အဖြစ် ပစ်မှတ်ထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆော်ဒီကလပ် Al-Ittihad ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလက်အား ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲရာ လီဗာပူးရဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီထားသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲကစားထားရာတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
သူဟာ စနေနေ့ ဘရိုက်တန်နှင့် အန်ဖီးလ်ပွဲစဉ်အပြီးတွင် အာဖရိကဖလားပြိုင်ပွဲ ကစားရန်အတွက် အီဂျစ်အသင်းနှင့် ပူးပေါင်းလာပါမယ်။

image

ရီးရဲလ်မက်ဒရစ်အနိုင်ဂိုးဖြင့် ချန်ပီယံလိဂ်သမိုင်းစံချိန်သစ် ရေးထိုးလာတဲ့ အာလင်းဟာလန်း
======================

အာလင်းဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ပင်နယ်တီ အနိုင်ဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
မန်စီးတီးစူပါစတားဟာ မနေ့ညတုန်းက ဘာနေဗျူးတွင် ကစားတဲ့ ရီးရဲလ်မက်ဒရစ်နှင့်ပွဲစဉ်တွင် ချန်ပီယံလိဂ်ပွဲ ၅၀ မြောက် ပွဲထွက်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ချန်ပီယံလိဂ်ပွဲ ၅၀ မြောက် ပွဲထွက်ကစားရာမှာ ပင်နယ်တီမှ တဆင့် ၅၁ ဂိုးမြောက်ဂိုးကို သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
Opta ရဲ့ ဖော်ပြလာမှုအရ အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတွင် ပွဲ ၅၀‌ ပွဲထွက်ကစားရာမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးလာတာဖြစ်ကြောင်း သိရပါတယ်။
အာလင်းဟာလန်းရဲ့ နောက်တွင် ယူနိုက်တက်တိုက်စစ်မှူးဟောင်းရုဒ်ဗန်နစ္စတယ်ရွိုင်းက ပထမဆုံးချန်ပီယံလိဂ်ပွဲ ၅၀ ပွဲထွက်ကစားထားရာမှာ ၄၂ ဂိုးသွင်းပြီး ရပ်တည်နေပါတယ်။
ဖီးလစ်ပိုအင်ဇာဂီ၊ ဟယ်ရီကိန်း၊ ကိုင်လီယန်ဘက်ပေးတို့က ပထမဆုံးချန်ပီယံလိဂ် ပွဲ ၅၀ ပွဲထွက်ကစားရာမှာ ၃၄ ဂိုးသွင်းထားကြပြီး လီယွန်နယ်မက်ဆီ၊ ရောဘတ်လီဝန်ဒေါ့စကီးတို့က ၃၃ ဂိုးသွင်းထားကြပါတယ်။
ဘန်ဇီးမားနှင့် ကာဗာနီတို့က ၃၁ ဂိုးစီ သွင်းထားကြကာ နေမာက ဂိုး ၃၀ သွင်းထားပါတယ်။

image

အာဆင်နယ်ကို ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်ပြီး စံချိန်သစ် ရေးထိုးလာတဲ့ မာတင်နယ်လီ
=====================

အာဆင်နယ်ဟာ ကလပ်ဘရုဂျက်အား သက်တောင့်သက်သာဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာခဲ့ပြီး ဂါဘရီရယ်မာတင်နယ်လီမှာလည်း သမိုင်းဝင်ညတစ်ည ပိုင်ဆိုင်လာပါတယ်။
ဘရာဇီးတိုက်စစ်သမားဟာ Jan Breydel Stadium ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် အာဆင်နယ်အတွက် ဂိုးသွင်းယူပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မနေ့ညတုန်းက ကလပ်ဘရုဂျက်နှင့်ပွဲတွင် နိုနီမာဒူကီရဲ့ သွင်းဂိုး ၂ ဂိုး၊ မာတင်နယ်လီရဲ့ ၁ ဂိုးဖြင့် ၃-၀ ဖြင့် သက်တောင့်သက်သာဖြင့် အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် မာတင်နယ်လီဟာ ယင်းဂိုးကြောင့် အာဆင်နယ်သမိုင်းတွင် ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။
သူဟာ ကလပ်ဘရုဂျက်နှင့်ပွဲမတိုင်မီ ဘီလ်ဘာအို၊ အိုလံပီယာကို့စ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်တို့နှင့် ပွဲစဉ်တွေမှာလည်း ဂိုးသွင်းထားနိုင်ပါတယ်။
မာတင်နယ်လီဟာ ၂၀၀၀ ခုနှစ် ဧပြီလတုန်းက သီယာရီဟင်နရီက ယူအီးအက်ဖ်အေဖလားပြိုင်ပွဲ ၆ ပွဲဆက် ဂိုးသွင်းနိုင်ပြီးနောက် ဥရောပပြိုင်ပွဲတွင် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ်ကစားသမားလည်း ဖြစ်ပါတယ်။
မာတင်နယ်လီဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ၆ ဂိုးသွင်းထားပြီး ယင်းမှ ၅ ဂိုးကို ပရီးမီးယားလိဂ်တွင် သွင်းထားပါတယ်။
အာဆင်နယ်ဟာ ဘယ်လ်ဂျီယံနိုင်ပွဲကြောင့် ၃ မှတ်ဖြတ်ပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ နောက်ထပ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆန်စီရိုသို့ သွားရောက်ကာ အင်တာမီလန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ နောက်ဆုံးပွဲအဖြစ် ကိုင်ရက်အယ်မာတီနှင့် ရင်ဆိုင်ရပါမယ်။

image

မတ်လတွင် ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲကစားလာမယ့် အင်္ဂလန်
====================

အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် မတ်လတွင် ဝင်ဘာလေကွင်းမှာ ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲ ကစားလာပါမယ်။
သောမတ်စ်တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ မတ်လ ၂၇ ရက်နေ့ သောကြာနေ့တွင် ဥရုဂွေးနှင့် ရင်ဆိုင်ကစားမှာ ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နှင့် ရင်ဆိုင်ကစားပါမယ်။
တူချယ်က "ထိပ်တန်းအဆင့် ၂၀ အတွင်း အသင်းတွေနဲ့ ကစားချင်ခဲ့တယ်။ ဒါပေမယ့် တဖက်မှာ ဥရောပပြင်ပအသင်းတွေနဲ့လည်း စမ်းသပ်ချင်တယ်"လို့ ဆိုကာ ဥရုဂွေးနှင့် ဂျပန်တို့အား ရွေးချယ်ခဲ့မှုကို ဖွင့်ဟလာပါတယ်။
ဥရုဂွေးက ဖီဖာကမ္ဘာ့အဆင့် ၁၆ နေရာတွင် ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းပါ။ ဂျပန်မှာလည်း ကမ္ဘာ့အဆင့် ၁၈ နေရာမှာ ရပ်တည်နေကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။
သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမစတင်မီ နောက်ထပ် ခြေစမ်းပွဲ ၂ ပွဲလည်း ကစားဖို့ ရှိပါသေးတယ်။
တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာဖလားအုပ်စု(L) တွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် ကျရောက်နေပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ နေ့တွင် ခရိုအေးရှားနှင့် ကစားရမှာ ဖြစ်ပြီး ယင်းနောက် ဇွန်လ ၂၃ ရက်နေ့တွင် ဂါနာ၊ ဇွန်လ ၂၇ ရက်နေ့တွင် ပနားမားတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ဆယ်ကျော်သက်တောင်ပံကစားသမားအယ်လီဆင်ကို ပေါင် ၁၀.၅ သန်းဖြင့် ခေါ်ယူရန် အက်စတွန်ဗီလာ သဘောတူညီမှု ရရှိ
====================

အက်စတွန်ဗီလာဟာ ဂရီမီယိုမှ အသက် ၁၉ နှစ်အရွယ် ဘရာဇီးတောင်ပံကစားသမားအယ်လီဆင်ကို ပေါင် ၁၀.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
သူဟာ ဆေးစစ်ဆေးမှု ခံယူပြီးပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဗီလာသို့ ရောက်လာပါမယ်။ ဗီလာဟာ အယ်လီဆင်အတွက် ပေါင် ၈.၇ သန်းပေးရမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ နောက်ထပ် ပေါင် ၁.၈ သန်းထပ်မံပေးရပါမယ်။
ဒါ့အပြင် ဘရာဇီးစီးရီးအေတွင် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဂရီမီယိုဟာ ဗီလာတို့အနေဖြင့် ကစားသမားအား ထပ်ဆင့် ရောင်းချချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်အား အကျိုးခံစားခွင့် ရရှိမယ့်အချက်ကိုလည်း ထည့်သွင်းလာပါမယ်။
ဘယ်သန်ညာတောင်ပံကစားသမားအယ်လီဆင်ဟာ ယခုနှစ်တွင် ဂရီမီယိုအတွက် ၄၃ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးထားသူ ဖြစ်ပါတယ်။
သူဟာ ဗီလာတိုက်စစ်တွင် နေရာရရှိရေးအတွက် အိုလစ်ဝတ်ကင်၊ မော်ဂန်ရိုဂျာ၊ အီဗန့်ဂပ်စ်ဆင်၊ ဂျာဒွန်ဆန်ချို၊ ဒွန်ယဲလ်မာလန်း၊ ဟာဗေးအီးလီးယော့တို့နှင့် ယှဉ်ပြိုင်ရပါမယ်။
ဗီလာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၃ မှတ်ကွာဟကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အူနိုင်းအမ်မရီရဲ့ ဗီလာဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။

image

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အစောပိုင်းကတည်းက ဘောလုံးအပါအဝင် အားကစားနည်းအချို့ကနေ နုတ်ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် ပြိုင်ပွဲ(၁၂)မျိုးမှာ ကစားသမား(၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ဖို့သာ ကျန်ရှိနေပေမဲ့ ဒီနေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ အားလုံးနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုကတစ်ဆင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ဆီးဂိမ်းစ်ပြိုင်ပွဲကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)အထိ ကျင်းပသွားမှာဖြစ်ပြီး မနေ့က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားမှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရပါတယ်။

image

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်ရရှိသည့် ပထမဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက် ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
Landon Donovan MVP Award လို့လည်း အမည်တွင်တဲ့ မေဂျာလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုကို မက်ဆီက ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ရာသီဆက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ သွင်းဂိုး(၂၉)ဂိုးနဲ့ ရရှိခဲ့တာပါ။
ဂိုးဖန်တီးမှုလည်း (၁၉)ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ မက်ဆီအနေနဲ့ (၂၈)ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု (၄၈)ဂိုးရှိခဲ့ကြောင်း သိရပါတယ်။
မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ၁၉၉၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ နည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီဟာ ၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို ဆန္ဒမဲ (၇၀)ရာခိုင်နှုန်းကျော်နဲ့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ပထမဆုံးအနေနဲ့ အခုလို အသိအမှတ်ပြုခံရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်းထူးချွန်ဆုတွေ လက်ခံရရှိတာက အမြဲတမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဒီဆုကို အသင်းဖော်တွေနဲ့အတူ မျှဝေခံစားချင်ပါတယ်။ မေဂျာလိဂ်ရွှေဖိနပ်ဆုကိုလည်း ကျွန်တော် ကံကောင်းစွာနဲ့ရရှိခဲ့ပြီး ဒီအတွက်လည်း အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ မေဂျာလိဂ်အကောင်းဆုံးဆုရရှိခြင်းနဲ့ သမိုင်းတစ်လျှောက် နှစ်ရာသီဆက်ရရှိတဲ့ ပထမဆုံးဖြစ်ခဲ့ခြင်းအတွက်လည်း ပျော်ရွှင်ပါတယ်။ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်'' လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

image

ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်လို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ရီးယဲလ်နည်းပြ အလွန်ဆိုအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂွါဒီယိုလာက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ပါ။ ကျွန်တော်သာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်မှုမျိုးနဲ့ ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် ဆောင်ရွက်ခဲ့မယ်ဆိုရင် (၆)လအတွင်း ထုတ်ပယ်ခံရမှာပါ။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းဟာ နည်းပြအဖြစ် လုပ်ဆောင်ဖို့ အခက်ခဲဆုံးကလပ်အသင်းတွေပါ။ ဒါကြောင့် ကျွန်တော် သူ့ကို စာနာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ (၂)နှစ်ကြာအတူဖြတ်သန်းခဲ့ဖူးပြီး သူနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတာကြောင့်ပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ရီးယဲလ်နည်းပြ အလွန်ဆိုဟာ မန်စီးတီးကိုသာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပြီး ကစားသမားတချို့နဲ့ အဆင်မပြေတာကြောင့် အနိုင်ရဖို့မလွယ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ရီးယဲလ်အသင်းရဲ့ နည်းပြမှတ်တမ်းက (၂၇)ပွဲကိုင်တွယ်ရာမှာ (၁၉)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲရှုံးဖြစ်ကြောင်း သိရပါတယ်။

image