ကမ္ဘာ့ဖလားပြိုင်ပွဲအား ၄၈ သင်းအထိ တိုးမြှင့်ကျင်းပလာမှုကြောင့် ၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီအား တစ်ပတ်နောက်ကျပြီးမှ စတင်မည်
======================

လာမယ့် ပရီးမီးယားလိဂ်ရာသီသစ်အား ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ကစားသမားများ နားချိန် ပိုမို ရရှိလာစေရန်အတွက် တစ်ပတ်နောက်ကျပြီးမှ ကစားလာပါမယ်။

ကလပ်ခေါင်းဆောင်တို့ဟာ ၂၀၂၆-၂၇ ရာသီအား ဩဂုတ်လ ၂၂ ရက်နေ့ စနေနေ့တွင် စတင်ရန် လန်ဒန်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းဖြင့် အသင်းအရေအတွက် တိုးမြှင့် ကျင်းပလာမှုနှင့်အတူ ယခုကဲ့သို့ တစ်ပတ်နောက်ကျပြီးမှ ကစားရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ နယူးယောက်ခ် အပြင်ဘက်ရှိ MetLife Stadium တွင် ကစားလာမှာလည်း ဖြစ်ပါတယ်။

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်စတားများအပြင် အခြားပရီးမီးယားလိဂ်ကလပ်များမှ ကစားသမားအမြောက်အမြားတို့ ပါဝင်ကစားလာမှာ ဖြစ်ပြီး ယခုကဲ့သို့ တစ်ပတ်နောက်ကျပြီးမှ ၂၀၂၆-၂၇ ရာသီအား စတင်ကစားလာမှာ ဖြစ်လို့ နားချိန် ပိုမို ရရှိလာပါမယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ကလပ်များဟာ ၂၀၂၆-၂၇ ရာသီအား ၂၀၂၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ တနင်္ဂနွေနေ့တွင် ရာသီသိမ်းရန်လည်း ဆုံးဖြတ်လာပါတယ်။

ယခုကဲ့သို့ လာမယ့် ၂၀၂၆-၂၇ ရာသီသစ်အား တစ်ပတ်နောက်ကျပြီးမှ စတင်ကစားလာမှုနှင့်အတူ ယခုရာသီသိမ်းချိန်နှင့် ရာသီသိမ်းအကြားတွင် ၈၉ ရက် ရှိလာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးနှင့် ရာသီသစ် စတင်ချိန်အကြားကွာဟရက် ၃၃ ရက် ရှိလာပါမယ်။

ယခုကဲ့သို့ ၂၀၂၆-၂၇ ရာသီသစ်အား တစ်ပတ်နောက်ကျပြီးမှ ကစားလာမှုနှင့်အတူ ယခုရာသီကဲ့သို့ မဟုတ်ဘဲ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဘောက်ဆင်ဒေးပွဲ အပြည့်အစုံ ရှိလာပါမယ်။

လာမယ့် ၂၀၂၆-၂၇ ရာသီတွင် ပရီးမီးယားလိဂ်ပွဲများအား ရက်သတ္တပတ်အကုန်ပွဲစဉ် ၃၃ ပွဲနှင့် ကြားပွဲ ၅ ပွဲရှိလာပါမယ်။

image

နိုက်စ်ကို မာဆေးတို့ ဂိုးပြတ်အနိုင်ရတဲ့ဒါဘီပွဲတွင် မေဆင်ဂရင်းဝုဒ်ရဲ့ ဂိုးကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်
======================

မနေ့ညတုန်းက လီဂူး ၁ တွင် ခါးသီးတဲ့ ပြိုင်ဘက်နိုက်စ်အား မာဆေးက ၅-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် မေဆင်ဂရင်းဝုဒ် ဂိုးသွင်းယူပြီးနောက် နှစ်ဖက်အသင်းအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဟာ မနေ့ညတုန်းက နိုက်စ်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လီဂူး ၁ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လာပါတယ်။

သောကြာနေ့ညတုန်းကပွဲစဉ်တွင် မာဆေးဟာ ပွဲအစ ၁၁ မိနစ်တွင် အာဆင်နယ်နှင့် ချဲလ်ဆီးတိုက်စစ်မှူးဟောင်းအူဘာမီယန်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ပြီးနောက် ဂရင်းဝုဒ်က ဒုတိယဦးဆောင်ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိ ဂရင်းဝုဒ်ရဲ့ ပင်နယ်တီဧရိယာအတွင်း ညာခြေဖြင့် ကန်ချက်က လူထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဂရင်းဝုဒ်နှင့် မာဆေးကစားသမားများဟာ နိုက်စ်ပရိသတ်များရှေ့သို့ သွားရောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ ယင်းနောက်မှာတော့ နိုက်စ်ပရိသတ်တို့ အကြီးအကျယ် ဒေါသထွက်လာခဲ့ကြပြီး ဆိုးရွားတဲ့ အဖြစ်အပျက် ဖြစ်လာပါတော့တယ်။

RMC Sport ရဲ့ဖော်ပြမှုအရ မာဆေးနောက်ခံလူအီမာဆင်ပယ်မီရီဟာ နိုက်စ်ပရိသတ်တစ်ဦး ပစ်လိုက်တဲ့ မီးခြစ် ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ဒိုင်လူကြီးက ယင်းမီးခြစ်ကို ပွဲကြီးကြပ်ရေး တာဝန်ရှိသူထံ ပေးခဲ့ပြီးနောက် နှစ်ဖက်အသင်းသားများအား ကွင်းဘေးစည်းတွင် စုစည်းလိုက်ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ မာဆေးဂိုးသမားဂီရိုနီမိုရူလီနှင့် နိုက်စ်နောက်ခံလူအလီအယ်အက်ဒီတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ နှစ်ဦးလုံး အဝါကတ်ပြသခံခဲ့ရပါတယ်။

တဖက်တွင် နိုက်စ်က မေဆင်ဂရင်းဝုဒ် ဂိုးမသွင်းမီ အူဘာမီယန်က နောက်ခံလူဂျူမာဘာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး စောဒကတက်ခဲ့ပါတယ်။

ဒါပေမယ့် VAR က ယင်းအဖြစ်အပျက်ကို စစ်ဆေးပြီးနောက် ဂရင်းဝုဒ်ရဲ့ ဂိုးအား ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။

မာဆေးဟာ ပွဲချိန် ၅၃ မိနစ်တွင် ဂရင်းဝုဒ်ထပ်မံ ဂိုးသွင်းလို့ အနိုင်သေချာသွားခဲ့ပြီး တီမိုသီဝီယာနှင့် အိုင်ဂေါ်ပိုင်‌ဇာအိုတို့က ဂိုးထပ်မံသွင်းခဲ့ကြပါတယ်။

ဂရင်းဝုဒ်ဟာ နိုက်စ်နှင့် ဒါဘီပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် လီဂူး ၁ ၁၃ ပွဲအပြီးတွင် သွင်းဂိုး ၁၀ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လာပါတယ်။ ယူနိုက်တက်စတားဟောင်းဟာ ယခုရာသီတွင် ချန်ပီယံလိဂ်မှာလည်း ၁ ဂိုးသွင်းထားပါသေးတယ်။

သူဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ယူနိုက်တက်မှ အပြီးသတ်ပြောင်းလာပြီးနောက် မာဆေးအတွက် ပထမဆုံးရာသီတွင် ၂၁ ဂိုးသွင်းကာ ပူးတွဲဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

image

လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခရစ္စမတ်မီးထွန်းပွဲကို မတက်ရောက်နိုင်ခဲ့တဲ့ ကန်ညာ
=====================

ပုံမှန်အားဖြင့် ကစားသမားတွေရဲ့ ဒဏ်ရာသတင်းကို အသင်းရဲ့ ချန်နယ်တွေကပဲ ဖြစ်ဖြစ်၊ နည်းပြက သတင်းစာရှင်းလင်းပွဲမှာပဲ ဖြစ်ဖြစ် ကြေညာလေ့ရှိပါတယ်။

ဒါပေမယ့် ယူနိုက်တက်တိုက်စစ်သမားမားသီးယပ်စ်ကန်ညာဟာ ဒဏ်ရာကြောင့် Altrincham မှာ ပြုလုပ်တဲ့ ခရစ္စမတ်မီးထွန်းပွဲအား လွဲချော်လာမှုနှင့်အတူ ပရိသတ်များအကြား စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာ စနေနေ့ည ခရစ္စမတ်မီးထွန်းပွဲသို့ Coronation Street စတားဆမ်အက်စတွန်နှင့် အတူ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သူဟာ တနင်္လာနေ့ အဲဗာတန်နှင့်ပွဲမတိုင်မီ ယင်းမီးထွန်းပွဲသို့ တက်ရောက်ဖို့ စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယင်းမီးထွန်းပေါ်တော်မတိုင်မီ နာရီအနည်းငယ်အလိုမှာ ပွဲစီစဉ်သူတွေက ကန်ညာမှာ လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိသွားလို့ တက်ရောက်တော့မှာ မဟုတ်ကြောင်း ကြေညာလာပါတယ်။

တဖက်မှာ ယူနိုက်တက်ဘက်က ကန်ညာရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်နဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုထားခြင်း မရှိသလို အဲဗာတန်နှင့်ပွဲတွင် ပါ/မပါလည်း ပြောဆိုထားခြင်း မရှိပါဘူး။

ဒါပေမယ့် ကလပ်အတွင်းသတင်းအရ ကန်ညာရဲ့ ဒဏ်ရာမှာ အသေးစား ဒဏ်ရာ ဖြစ်လို့ အဲဗာတန်နှင့်ပွဲမှာ ပါဝင်နိုင်မယ်လို့ ဆိုထားပါတယ်။

ဘရာဇီးလက်ရွေးစင်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တယ်ဆိုပေမယ့်လည်း အသေးစား ဒဏ်ရာရရှိခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။

ကန်ညာဟာ နွေရာသီတွင် ဝုဗ်မှ ပေါင် ၆၂.၅ သန်းဖြင့် ပြောင်းလာပြီးနောက် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းရရှိထားတဲ့ ယူနိုက်တက်မှာ အရေးပါတဲ့သူ အဖြစ် ကစားနေသူပါ။

သူဟာ အောက်တိုဘာလတုန်းက ဘရိုက်တန်အား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပထဆုံးဂိုး သွင်းနိုင်ခဲ့ပြီး အောက်တိုဘာလ ဘရာဇီးရဲ့ခြေစမ်းပွဲ ၂ ပွဲလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကို ဒဏ်ရာရရှိနေမှုနှင့်အတူ တကယ်လို့များ ကန်ညာသာ မကစားနိုင်ပါက အဲဗာတန်နှင့်ပွဲအတွက် တိုက်စစ်ပြဿနာ ကြုံလာတော့မှာလည်း ဖြစ်ပါတယ်။

တကယ်လို့ ကန်ညာသာ မကစားနိုင်ပါက ရူဘင်အမိုရမ်ဟာ မေဆင်မောင့် သို့မဟုတ် ကိုဘီမိုင်နူးကို False Nine အဖြစ် အသုံးပြုလာဖို့ ရှိပါတယ်။ ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြအနေဖြင့် ဂျိုရှာဇတ်ဇီးကိုလည်း ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ကစားခွင့် ပေးလာနိုင်ပါတယ်?

image

နူးကမ့်ကွင်းသစ် ပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ
=====================

ဘာစီလိုနာဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးကစားတဲ့ နူးကမ့်ကွင်းပွဲစဉ်တွင် ဘီလ်ဘာအိုအား ၄-၀ ဂိုးဖြင့် အနိုင်ယူကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာပါတယ်။

နူးကမ့်ကွင်းသစ် ပထမဆုံးဂိုးကို ပွဲအစ ၄ မိနစ်မှာပင် ရောဘတ်လီဝန်ဒေါ့စကီးက သွင်းယူခဲ့ပါတယ်။

ယင်းနောက် ဖာရန်တောရက်စ်က လာမိန်းယာမဲလ်ရဲ့ ဖန်တီးမှု ၂ ကြိမ်ကနေ ၂ ဂိုးသွင်းခဲ့ပါတယ်။ လာမိန်းယာမဲလ်ဟာ ယခင်နူးကမ့်ကွင်းဟောင်းမှာ ကစားတုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

ဘာစီလိုနာအတွက် ကျန်တစ်ဂိုးကို ဖာမင်လိုပက်ဇ်က သွင်းယူခဲ့ပါတယ်။ ဧည့်သည်ဘီလ်ဘာအိုဟာ လိုပက်ဇ်ဂိုးသွင်းပြီး ၆ မိနစ်အကြာမှာ အိုနီဟမ်ဆန်ဆက် အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။

ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်မှာ ကစားခွင့်ရလာတယ်ဆိုပေမယ့် ပရိသတ်အပြည့်ဖြင့် ကစားခွင့်ရတာ မဟုတ်ဘဲ ပွဲကြည့်စင်အချို့ကို လုံခြုံရေးကြောင့် ပိတ်ထားရဆဲ ဖြစ်ပြီး ပရိသတ် ၄၅၁၅၇ ဖြင့်သာ ကစားခွင့်ရခဲ့တာပါ။

နူးကမ့်ကွင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြီးတည်ဆောက်ရန် စီစဉ်ထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ကွင်းအလုံးစုံ ပြီးစီးသွားချိန်မှာ ပရိသတ် ၁၀၅၀၀၀ အထိ လာကြည့်နိုင်ပါမယ်။

ဘာစီလိုနာဟာ လာလီဂါပွဲ ၁၃ အပြီး ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ယနေ့ည အယ်ချီနှင့်ပွဲတွင် အနိုင်ရရှိပါက ဇယားထိပ်သို့ ပြန်လည် တက်လှမ်းနိုင်ပါမယ်။

ဘာစီလိုနာဟာ ၂၀၂၃ ခုနှစ် ဇွန်လတွင် နူးကမ့်ကွင်းကို ဖြိုချကာ အသစ်ပြန်လည်တည်ဆောက်နေစဉ်အတွင်း ပရိသတ် ၆၀၀၀၀ ဆန့် Olympic Stadium ကွင်းကို ငှားရမ်း အသုံးပြုနေခဲ့တာပါ။

၎င်းတို့ဟာ ယခုရာသီ အစောပိုင်းတုန်းက နူးကမ့်ကွင်းမှာ လုံခြုံရေး စိတ်ချရမှု မရှိမှုကြောင့် ပရိသတ် ၆၀၀၀ တည်းသာ ဆန့်တဲ့ ဂျိုဟန်ခရိုက်ဖ်ကွင်းတွင် အိမ်ကွင်းပွဲ ၂ ပွဲကစားခဲ့ရပါသေးတယ်။

image

မိုနာကိုရှုံးပွဲတွင် ၈၁၁ ရက်အတွင်း ပထဆုံးပွဲ ကစားနိုင်ခဲ့တဲ့ ပေါ့ဘာ
=====================

ပေါလ်ပေါ့ဘာဟာ မနေ့ညတုန်းက မိုနာကိုတို့ ရန်းနက်စ်အား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားကာ ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲ ကစားနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ရန်းနက်စ်ရဲ့ Roazhon Park ပွဲစဉ်တွင် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေကာ တစ်ယောက်အလျှော့ဖြင့် ကစားနေရချိန် ပွဲချိန် ၈၅ မိနစ်တွင် လူစားဝင်ရောက် ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ ပွဲပယ်ခံခဲ့ရပြီးနောက် အယူခံအောင်မြင်မှုကြောင့် ၁၉ လသို့ လျှော့ချခံခဲ့သူ ဖြစ်ပါတယ်။ ယင်းနောက် သူဟာ နွေရာသီတုန်းက မိုနာကိုသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တုန်းက အမ်ပိုလီနှင့်ပွဲတွင် ဂျူဗင်တပ်အတွက် ကစားကာ နောက်ဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခဲ့တာ ဖြစ်ပြီး ၈၁၁ ရက်အကြာတွင် ပထမဆုံးပွဲကစားခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက တားမြစ်ဆေးကျခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီဟိုက်ဒရိုအီပီယန်ဒရိုစတီရုန်း အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ ၄ နှစ်ပွဲပယ်ခံခဲ့ရပါတယ်။

ပေါ့ဘာက ၎င်းမှာ မှားယွင်းသုံးစွဲမှုမျှသာ ဖြစ်ကြောင်း အခါခါ ပြောဆိုခဲ့ပြီး အယူခံဝင်ခဲ့ရာ ၁၉ လသို့ လျှော့ချခြင်းခံခဲ့ရကာ မတ်လကတည်းက ပြစ်ဒဏ်မှ လွတ်မြောက်လာခဲ့ပါတယ်။

မိုနာကိုဟာ မနေ့ညကပွဲစဉ်တွင် အိတ်ဘောက်လာ၊ မာဒီကာမာရာ၊ အမ်ဘိုလို၊ လူဒိုဗစ်ဘလစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမယ့်လည်း ပေါ့ဘာဝင်လာပြီးနောက် ၉၅ မိနစ်တွင် လူစားဝင်လာတဲ့ ဘီရက်ရဲ့ ဂိုးကြောင့် နှစ်သိမ့်ဂိုး ရရှိခဲ့ပါတယ်။

မိုနာကိုဟာ ရန်းနက်စ်ရှုံ့းပွဲကြောင့် ပွဲစဉ် ၁၃ အပြီး ရမှတ် ၂၀ ဖြင့် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

image

နယူးကာဆယ်ရှုံးပွဲအပြီးတွင် ကင်မရာမန်းနှင့် ပြဿနာတက်ခဲ့တဲ့ ဂွါဒီယိုလာ
====================

ပက်ဂွါဒီယိုလာဟာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ်စတားဘရူနိုဂူမာရေးစ်၊ ဒိုင်လူကြီးအပြင် ကင်မရာမန်းနှင့်လည်း ပြဿနာတက်ခဲ့ပါတယ်။

နယူးကာဆယ်တို့ ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ဂျိုးလင်တန်နှင့် မန်စီးတီးဂိုးသမားဒွန်နာရမ်မာတို့က အသင်းဖော်များ ဖြေဖျန်ခဲ့ရပါတယ်။

နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ ဟာဗေးဘန်းစ်ရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရပြီးနောက် နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ဂွါဒီယိုလာအား အနိုင်ရရှိခဲ့ပါတယ်။

အချိန်ပို ၈ မိနစ်အပြီး ပြီးပြီးခရာမှုတ်ချိန်တွင် စိတ်ပျက်စရာ ရလဒ်ကြုံမှုနဲ့အတူ ရုန်းရင်းဆန်ခတ်မှု ဖြစ်လာတာလည်း ဖြစ်ပါတယ်။

နယူးကာဆယ်စတားဂျိုးလင်တန်နှင့် မန်စီးတီးစတားဒွန်နာရမ်မာတို့အကြား ပွတ်တိုက်မှု ဖြစ်ခဲ့ပြီး အသင်းသားများ ဝင်ထိန်းခဲ့ရပါတယ်။ ၎င်းတို့အကြား ဘယ်လို ပြဿနာတက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒွန်နာရမ်မာဟာ ဘန်းစ်ရဲ့ အနိုင်ဂိုးသွင်းချိန်တွင် သူ့ကို ပြစ်ဒဏ်ကျူးလွန်မှုအပေါ် ပြစ်ဒဏ်ဘော မပေးမှုအတွက် ဒေါသထွက်နေခဲ့သူပါ။

တဖက်တွင် ဂွါဒီယိုလာဟာ နယူးကာဆယ်အသင်းခေါင်းဆောင်ဂူမာရေးစ်နှင့် စကားအပြန်အလှန်ပြောဆိုပြီး တင်းမာမှုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာဟာ မန်စီးတီးတို့ နစ်နာခဲ့ရတဲ့ ဆုံးဖြတ်ချက်များအတွက် ဒိုင်လူကြီးဆင်မြူရယ်ဘာရော့ကို ဒေါသတကြီး ပြောဆိုခဲ့ပြီး ကင်မရာမန်းအား တွန်းထိုးခဲ့သလို ခေါင်းမှ နားကြပ်ကိုလည်း ဆွဲဖြုတ်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ပွဲအပြီးတွင် ဒိုင်လူကြီးအဝတ်အစားလဲခန်းသို့ ဝင်ရောက်သွားခဲ့သေးကြောင်းလည်း သိရပါတယ်။

image

အပေါ်ပိုင်း အဝတ်မဲ့ ဓာတ်ပုံများဖြင့် အားလုံးပါးစပ်အဟောင်းသား ဖြစ်အောင် လုပ်လာတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်
====================

အလီရှာလေမန်းဟာ နွေရာသီတုန်းက ဂျူဗင်တပ်ကနေ ကိုမိုအမျိုးသမီးအသင်းသို့ ပြောင်းပြီးနောက် ပထမဆုံး စီးရီးအေဂိုးပေါက်တွေ့ရေး ရှာဖွေနေရတုန်း ဖြစ်ပါတယ်။

ဒါပေမယ့် လေမန်းဟာ ဘောလုံးပြင်ပမှာတော့ မပေါ့တပေါ် ဓာတ်ပုံတွေဖြင့် ပရိသတ်များ မျက်စိကျလာအောင် လုပ်ဆောင်နိုင်တုန်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမားဟာ ယခုရာသီမှာ ကွင်းတွင်း ကွင်းပြင် ပြဿနာများစွာနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

သူမဟာ ယခုအပတ်အစောပိုင်းတုန်းက နေအိမ်ဖောက်ထွင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူမဟာ ဖက်ရှင်ဓာတ်ပုံဆရာ ပါအိုလိုစတိဗ်နှင့် အပေါ်ပိုင်း အဝတ်မဲ့ ဓာတ်ပုံတွေ ရိုက်ကူးပြီး ပရိသတ်များ ကြိတ်မနိုင်ခဲမရ ဖြစ်အောင် လုပ်လာပါတယ်။

လေမန်းဟာ ဂျင်းဘောင်းဘီသာ ဝတ်ဆင်ထားတဲ့ ဓာတ်ပုံလေးပုံကို အင်စတာဂရမ်မှာ တင်လာပါတယ်။

ပရိသတ်များဟာလည်း မဆိုင်းမတွပင် ယင်းပို့စ်အောက်မှာ မှတ်ချက်များ ဝင်ရေးလာကြပါတယ်။

ပရိသတ်တစ်ဦးက "ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်"လို့ ဆိုလာပြီး တစ်ဦးက "ဝိုး ဝိုး ဝိုး"လို့ ဆိုသွားသလို တစ်ဦးကလည်း "တကယ့်ကို ပြီးပြည့်စုံလွန်းလှပါတယ်"လို့ ဆိုသွားပါတယ်။

လေမန်းဟာ ဂျူဗင်တပ်တွင် တစ်ရာသီတည်းသာ ကစားပြီးနောက် နွေရာသီတွင် ကိုမိုသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူမဟာ စီးရီးအေပွဲ ၅ ပွဲကစားထားရာမှာ ဂိုးသွင်းနိုင်ခြင်း မရှိသလို ဖန်တီးမှုလည်း ပြုလုပ်ထားနိုင်ခြင်း မရှိပါဘူး။

အမျိုးသမီးနှင့်လည်း ချစ်ကြိုက်ဖူးတဲ့ နှစ်ဖက်ချွန် လေမန်းဟာ ယခုနှစ် အစောပိုင်းတုန်းက အက်စတွန်ဗီလာကွင်းလယ်ကစားသမားဟောင်းဒေါက်ကလပ်လူးဝစ်ဇ်နှင့် လမ်းခွဲခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားမှာလည်း နွေရာသီတွင် ဂျူဗင်တပ်မှ ထွက်ခွာကာ နော်တင်ဟမ်ဖောရက်စ်သို့ အငှားဖြင့် သွားကစားနေပါတယ်။

image

မိသားစုနေအိမ်နှင့် ကိုက် ၁၀၀ အတွင်းတွင် တည်ရှိတဲ့ ပေါင် ၁၃.၅ သန်းတန် နေအိမ်ကို ဝယ်ယူရန် စီစဉ်နေတဲ့ ဂွါဒီယိုလာ
====================

ပက်ဂွါဒီယိုလာဟာ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဇနီးနှင့် အတူနေထိုင်ခဲ့တဲ့ ပေါင် ၈.၅ သန်းတန် နေအိမ်နှင့် ကိုက် ၁၀၀ အကွာအတွင်းတွင် ရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တစ်လုံးကို ဝယ်ယူရန် ကြိုးပမ်းနေပါတယ်။

အသက် ၅၄ နှစ်ရှိ ဂွါဒီယိုလာဟာ ဇနီးသည် ဖက်ရှင်ဆိုင်ပိုင်ရှင် ခရစ္စတီနာဆာရာနှင့် ကွာရှင်းပြတ်စဲရေး နောက်ဆုံးအဆင့် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

အသစ်တည်ဆောက်ထားတဲ့ အိမ်သစ်ကြီးက ဘာစီလိုနာရှိ လူကုံထံ အသိုင်းအဝိုင်းများ နေထိုင်တဲ့ ပီဒရဲလ်ဘီတွင် တည်ရှိတာ ဖြစ်ပြီး နေအိမ်ဟောင်းနှင့် လမ်းတစ်လျှောက်စာ အကွာအဝေးတွင်သာ ရှိပါတယ်။

ယင်းပေါင် ၁၃.၅ သန်းတန် နေအိမ်ကို ဖန်တီးသူများဟာ နေအိမ်ဝန်းကျင်တွင် အမြဲစိမ်းသစ်ပင်၊ သံပုရာပင်များ၊ ဆိုက်ပရက်စ်ပင်များ၊ မက်ဂနိုးလီးယားပင်များ၊ ရှေးဟောင်းသံလွင်ပင်များ ဝိုင်းရံ နေပြီး အထူးသီးသန့်နေထိုင်နိုင်အောင် တည်ဆောက်ထားတာပါ။

တဖက်တွင် ဂွါဒီယိုလာဟာ ယခု နေအိမ်အား အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာဟာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမယ့် မန်စီးတီးနှင့် ပေါင်သန်း ၄၀ တန် စာချုပ်ကုန်ဆုံးပါက ဘောလုံးလောကမှ ခေတ္တအနားယူရန် စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

image

အင်တာမိုင်ယာမီကို မေဂျာလိဂ်အရှေ့ပိုင်းကွန်ဖရင့်ဗိုလ်လုပွဲသို့ ပို့ဆောင်လာတဲ့ လီယွန်နယ်မက်ဆီ
=================

လီယွန်နယ်မက်ဆီဟာ နောက်ထပ် ဂိုးသွင်းလာကာ အင်တာမိုင်ယာမီကို မေဂျာလိဂ်အရှေ့ပိုင်းကွန်ဖရင့်ဗိုလ်လုပွဲသို့ ပို့ဆောင်လာပါတယ်။

အာဂျင်တီးနားစူပါစတားဟာ စင်စင်နာတီအား ၄-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ကိုယ်တိုင် အဖွင့်ဂိုးသွင်းခဲ့သလို ကစားဖော်များ ဂိုးသွင်းနိုင်ဖို့အတွက် ၃ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ မာတီယိုဆေးလ်ဗား ၂ ဂိုးသွင်းနိုင်အောင် ဖန်တီးနိုင်ခဲ့သလို တာဒီယိုအယ်လန်ဒီ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးခဲ့တာပါ။

မက်ဆီဟာ မေဂျာလိဂ်ရာသီအလွန်မှာ ၁၂ ကြိမ်အထိ ဂိုးနှင့် ဖန်တီးမှု ပြုလုပ်ထားနိုင်တဲ့ စံချိန်သစ်ကိုလည်း ပိုင်ဆိုင်လာပါတယ်။

ဂျာဗီးယားမာရှေးယာနိုရဲ့ အင်တာမိုင်ယာမီဟာ မေဂျာလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ရေးအတွက် အရှေ့ပိုင်းကွန်ဖရင့်ဗိုလ်လုပွဲမှာ ဖယ်လာဒယ်ဖီယာ (သို့မဟုတ်) နယူးယောက်စီးတီးကို အနိုင်ကစားရပါဦးမယ်။

image

မီလန်ဒါဘီပွဲတွင် အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားဒုတိယနေရာသို့ တက်လှမ်းလာတဲ့ အေစီမီလန်
====================

အေစီမီလန်ဟာ ခရစ္စတီယန်ပူလီဆစ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မြို့ခံပြိုင်ဘက် အင်တာမီလန်ကို အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားဒုတိယနေရာသို့ တက်လှမ်းလာပါတယ်။

အမေရိကန်စတားဟာ ပွဲချိန် ၅၄ မိနစ်တွင် အလက်ဆစ်ဆီလီမီကာရဲ့ ကန်ချက်ကို အင်တာဂိုးသမားဆွမ်မား ပုတ်ထုတ်လိုက်ရာကနေ ကျလာတဲ့ဘောလုံးကို အနီးကပ် ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန်ဟာ မားကပ်စ်သူရမ်ကို ပါလိုဗစ် ပြစ်ဒဏ်ကျူးလွန်လို့ VAR ပေးလို့ ရရှိတဲ့ ပင်နယ်တီကနေ ချေပဂိုးရနိုင်မယ့် အခွင့်အရေး ရခဲ့ပါတယ်။

တူရကီအလယ်တန်းကစားသမားဟာကန်ကယ်ဟန်နိုဂလူ ကန်ရာမှာ ပြင်သစ်ဂိုးသမားမိုက်မိုင်နန်က ဘယ်ထောင့်ကို ဒိုင်ဗင်ထိုးပြီး ကာကွယ်သွားခဲ့ပါတယ်။

အသက် ၃၀ နှစ်ရှိ ဂိုးသမားဟာ လူသာရိုမာတီနက်ဇ်ရဲ့ အပိုင်ကန်ချက်ကိုလည်း လက်စွမ်းပြကာကွယ်သွားခဲ့ပါသေးတယ်။

အေစီမီလန်ဟာ မီလန်ဒါဘီနိုင်ပွဲကြောင့် ထိပ်ဆုံးမှ ရိုးမားနှင့် ၂ မှတ်အကွာ ဒုတိယနေရာသို့ တက်လှမ်းလာပါတယ်။

ရိုးမားဟာ တနင်္ဂနွေနေ့တွင်ပင် ခရီမိုနက်စ်ကို ၃-၁ ဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

အင်တာမီလန်က ရိုးမားနှင့် ၃ မှတ်အကွာ၊ အေစီမီလန်နှင့် ၁ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

image