ရုံးလုပ်ငန်းများ အဆင်ပြေစေရန် ဆရာ၊ ဆရာမ များအား ပူးတွဲတာဝန်ပေးနေရ
--------------------------

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတွေမှာ ရုံးဝန်ထမ်းလျှောက်ထားသူ နည်းတာကြောင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေ အဆင်ပြေစေဖို့ ကျောင်းအုပ်ကြီးတွေက စီမံခန့်ခွဲကာ သင်ကြားရေး ဆရာ၊ဆရာမ တွေကို ပူးတွဲတာဝန်တွေပေးနေရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားပါတယ်။
ဩဂုတ်လ ၂၇ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒသမနေ့ မှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသော်တာ မေးမြန်းတဲ့ သင်ကြားရေးဆရာ၊ဆရာမတွေကို ကျောင်းအချိန်အတွင်း ရုံးလုပ်ငန်းတွေ ခိုင်းစေ တာနဲ့ အစည်းအဝေးခေါ်ယူတာတွေမပြုလုပ်ဖို့ ကြပ်မတ် ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနဲ့ ပတ်သက်လို့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အခုလိုဖြေကြား ခဲ့တာပါ။
ကျောင်းချိန်အတွင်းမဖြစ်မနေခေါ်ယူရတဲ့ အစည်းအဝေးတွေမှာ ဆရာ၊ဆရာမတွေကို စာသင်ချိန် မပျက်စေဘဲ အလှည့်ကျခေါ်ယူတာ၊ ဆရာ၊ဆရာမတွေရဲ့ စာသင်ချိန်မရှိတဲ့ အချိန်တွေမှာသာ ခေါ်ယူဆောင်ရွက်ဖို့ကို မြို့နယ်ပညာရေးမှူးတွေက အနီးကပ်ကြီးကြပ်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ခရိုင်အဆင့်ဆင့် ပညာရေးမှူးတွေက ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးဗိုလ်ဌေးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတွေမှာ ရုံးလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်း ၊ စီမံခန့်ခွဲရေး လုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် ကျောင်းစာရေးတွေက ဖွဲ့စည်းပုံအရရှိပေမယ့်လည်း လက်တွေ့မြေပြင်ခန့် ထားမှုက လုံလောက်မှုမရှိတဲ့အတွက် ၂၀၂၅ ခုနှစ်မှာ ရုံးဝန်ထမ်းအမှုထမ်း ရာထူး ၆ မျိုးအတွက် လျှောက်လွှာ တွေခေါ်ယူခဲ့ပေမယ့် လျှောက်ထားသူနည်းခဲ့တယ်လို့ သိရပါတယ်။
အခြေခံပညာကျောင်းတွေမှာ ဌာနရဲ့ညွှန်ကြားချက်တွေကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ရမယ့် ကျောင်း လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေကိုသာ ကျောင်းချိန်အတွင်းခေါ်ယူတာဖြစ်ပြီး ဆရာ၊ဆရာမ တွေအားလုံး တက်ရောက်ရမယ့် အစည်းအဝေးဆိုရင်တော့ ကျောင်းချိန်ပြင်ပမှာ ခေါ်ယူတာ၊ လုပ်ငန်းအလိုက် ဆောင်ရွက် ရမယ့် ပုဂ္ဂိုလ်တွေကိုသာ ခေါ်ယူတာ၊ အစည်းအဝေးတွေတက်ရောက်တဲ့အခါ ဆရာ၊ဆရာမအချင်းချင်း စာသင်ချိန်လဲလှယ်တာ၊ ဆရာမတစ်ဦးဦးကို အစားထိုးသင်ကြားတာမျိုးနဲ့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

image