ဘီးလင်းမြစ်ရေမြင့်တက်လာ၍ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်၌ ရေကျော်မှုများစတင်ဖြစ်ပေါ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းမှစတင်ကာ ရန်ကုန်-မော်လမြိုင်သွားရထားလမ်းပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
" လတ်တလော ရထားလမ်းပေါ်ကိုရေတွေအများကြီးတော့မတက်သေးဘူး။ ဒုံဝန်းဘူတာနဲ့ သိမ်ဆိပ်ဘူတာကြားက ရထားလမ်းပေါ်ကိုရေတက်နေတာပါ။ ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၇)လက်မခန့်အလိုတွင်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလကအသိပေးထားကြောင်း သိရသည်။
ထို့ကြောင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။

image