သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center နှင့် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center တို့တွင်လည်း သက်ဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၌ နေ့စဉ် ပို့လွှတ်လျက်ရှိသော ဓာတ်အားပမာဏ၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်း (၁၀ ဒသမ ၇ ယူနစ်သန်းခန့်) ပျောက်ဆုံးနေသဖြင့် နိုင်ငံတော်အနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ်သန်းပေါင်း ၂,၇၅၀ ကျော် ဆုံးရှုံးနေရသည်။
ယင်းကဲ့သို့ ဆုံးရှုံးနေမှုများကြောင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အခွင့်အလမ်းများကိုပါ ထိခိုက်လျက်ရှိသည်။
ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု နည်းပါးစေရေးနှင့် စနစ်တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘက်စုံမှ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ အမြန်သွားရေယာဥ်လွှဲပြောင်းပေး အပ်

ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ်(Fiber Glass Boat)အား ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်မျိုးထူးထံလွှဲပြောင်းပေးအပ်ပြီး အမြန်သွားရေယာဥ်ကို ဧရာဝတီမြစ်အတွင်းစမ်းသပ်မောင်းနှင်မှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် ငွေကျပ်သိန်း (၁၈၀၀)ကျော်တန်ဖိုးရှိပြီး ဧရာဝတီမြစ်အ တွင်း တရားမဝင်ပစ္စည်းများဖမ်းဆီးရမိရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမြန်သွားရေယာဉ်(Fiber Glass Boat)သည် အလျား(၂၇)ပေ၊ အနံ (၉)ပေ၊ အမြင့်(၄)ပေ(၆)လက်မ၊ ရေ စူး(၁)ပေ၊ အင်ဂျင်အမျိုးအစား Suzuki DF-200A (2003F-244843) (Japan)ဖြစ်ကြောင်း သိရသည်။

image

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

image

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ(၅၀)ဦးကို AYA Scholarship အဖြစ် လစဉ်(၃)သိန်းကျပ်နှင့် သင်ထောက်ကူပစ္စည်းများအ တွက် နှစ်စဉ်(၅)သိန်းကျပ်ထောက်ပံ့မည်

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း သား/သူ(၅၀)ဦးကို AYA Scholarship ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ AYA Scholarship အား မြန် မာနိုင်ငံသား ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ သက် ဆိုင်ရာ တက္ကသိုလ်/ကောလိပ်(သို့)ပ ညာရေးအဖွဲ့အစည်းတွင်တက်ရောက်ခွင့်ရရှိထားသူ ပညာရေးတွင်ထူးချွန်ပြီး သင်ယူလိုစိတ်/ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိသူ ပညာရေးကိုဆက်လက်သင်ယူလိုပြီး အမှန်တကယ်ပညာသင်ထောက်ပံ့ ကြေးလိုအပ်သော ‌ကျောင်းသား/သူ များအား ဦးစားပေးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ထူးချွန်ကျောင်းသား/သူ(၅၀) ဦးအား တက္ကသိုလ်တက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စ ရိတ်အဖြစ် လစဉ်(၃)သိန်းကျပ်နှင့် သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေးနှစ်စဉ်(၅)သိန်းကျပ်ထောက်ပံ့ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုသည့် ကျောင်းသား/သူများအနေဖြင့် ပညာ သင်ဆုလျှောက်လွှာအား https:// www.ayeyarwadyfoundation.org/AYA_Scholarship.pdf တွင်ရယူပြီး ကိုယ်တိုင်ရေးသားထားသော ပညာ သင်ဆုလျှောက်ထားရခြင်းအကြောင်းအရင်းဖော်ပြစာ၊ တက္ကသိုလ်ဝင်စာ မေးပွဲအောင်လက်မှတ်(သို့)အမှတ်စာ ရင်း၊ မှတ်ပုံတင်(မိတ္တူ)၊ သန်းခေါင်စာ ရင်း(မိတ္တူ)၊ တက္ကသိုလ်ဝင်ခွင့်အ ထောက်အထား၊ ပညာသင်ထောက်ပံ့ပေးရန်လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များနှင့်အတူ ဧရာဝတီဖောင်ဒေးရှင်းရုံးခန်းသို့ အောက်တိုဘာ ၃၁ ရက်မတိုင်ခင်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ AYA Scholarship ကို ကျောင်းသား/သူများ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ် ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

image

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir နှင့် ဩဂုတ် ၂ ရက် နံနက်ပိုင်းက တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ ဆန်နှင့် ဆေးဝါးများ အပါအဝင် ကုန်ပစ္စည်းကုန်သွယ်ရေး တိုးမြှင့်ရေး၊ ရေကြောင်းပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးလာစေရေး၊ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့ပြင် ရပ်တန့်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲကုန်သွယ်ရေးကော်မတီ (Joint Trade Committee) အစည်းအဝေးနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးများကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နှစ်နိုင်ငံ စွမ်းအင်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းဆက်ဆံရေး မြှင့်တင်ရေး အမြင်ချင်းဖလှယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E. Mr. Iqbal Hassan Mahmood နှင့် ဩဂုတ် ၂ ရက် နံနက်ပိုင်းက တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး၊ စွမ်းအင်ကုန်သွယ်ရေး မြှင့်တင်ရေးနှင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ စတင်ဆောင်ရွက်

အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းကို YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကန်၏ မြေသားဖွဲ့စည်းပုံနှင့် တာတမံကြံ့ခိုင်မှုအခြေအနေများကို အသေးစိတ် တိုင်းတာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေးလေ့လာမှုမှ ရရှိလာသည့် ရလဒ်များအပေါ် မူတည်၍ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှု၊ ကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅ ဦး တက်ရောက်ခွင့်ရရှိ

တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2026) သို့ မြန်မာနိုင်ငံမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၅ ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ် အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံများ၌ နှစ်စဉ် အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းအစီအစဉ်တွင် အာရှတိုက်မှ နိုဘယ်ဆုရ သိပ္ပံပညာရှင်များ ကိုယ်တိုင် ပါဝင်တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့်အတူ စခန်းချနေထိုင်ကာ သိပ္ပံပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ လေ့လာရေးခရီးစဉ်များနှင့် ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိပြီး နှစ်စဉ် အာရှတိုက်မှ လူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

image

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။
ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာ သွန်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ် ၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေ ကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန် မိုးဇလကသတိပေးခဲ့သည်။
ထို့အတူ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုကြရန် သတိ ပေးခဲ့သည်။

image

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ကမ်းရင်းတာ(တာဟောင်း)အား ရေ တိုက်စားပြိုကျမှုမှကာကွယ်နိုင်ရန် တာခြေထောက်ခြင်းအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်း၊ ကမ်းရင်းတာ (တာဟောင်း) (၁၂၀)ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်း‌များ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်းလုပ်ငန်းများကို စက်ယန္တယားများရောက်ရှိပါကဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်ကကြည့်ရှုစစ်ဆေးပြီး ရေစီး ကြောင်းအရှိန်လျော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ် ဆို့ဟန့်တားရန် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သော သဲနှင့် ကျောက်များကိုရနိုင်သည့် အနီးဆုံးနေရာများမှ သယ် ယူဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image