သာစည်နှင့် ပျော်ဘွယ်တို့တွင် ရထားလမ်းခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန် လျာထား

မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်သည့် သာစည်မြို့နှင့် ပျော်ဘွယ်မြို့တို့တွင် လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေရန်အတွက် ရထားလမ်းခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းများအနက် သာစည် ရထားလမ်းခုံးကျော်တံတားကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး (AH2) မိုင်တိုင်အမှတ် (၁၃/၀ - ၁) ကြားတွင် ဆောက်လုပ်ရန် လျာထားခြင်းဖြစ်သည်။
ယင်းနေရာသည် ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း၏ သာစည်ဘူတာ မရောက်မီ ပေ ၁,၃၀၀ အကွာ၊ ကားလမ်းနှင့် ရထားလမ်း ဆုံသည့်နေရာတွင် တည်ရှိသည်။
ထို့ပြင် ပျော်ဘွယ် ရထားလမ်းခုံးကျော်တံတားကိုမူ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့လယ်ရှိ ရန်ကုန် – တောင်ငူ – မန္တလေး ပြည်ထောင်စုလမ်းမကြီး (AH1) မိုင်တိုင်အမှတ် (၂၈၅/၇ - ၂၈၆/၀) အကြားတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခုံးကျော်တံတားများ တည်ဆောက်မည့် နေရာများ၌ ပဏာမ တိုင်းတာလေ့လာမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် အဖွဲ့သည် အဆိုပါ ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းစဉ်များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သေးသည်။

image

ဒလမြို့နယ်ရှိ ကမာကဆစ်ဈေးအား အဆင့်မြှင့်တင်ရန် စီစဥ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ကမာကဆစ်ဈေးရှိ အသားငါးရောင်းချသည့် ရုံများနှင့် ပျံကျဈေးဆိုင်များကို အဆင့်မြင့်ဈေးရုံများအဖြစ် ပြောင်းလဲတည်ဆောက်ရန် စိစစ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် စည်ပင်တာဝန်ရှိသူများသည် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ကြည့်ရှုစစ်ဆေးရာ၌ ကမာကဆစ်ဈေး အဆင့်မြှင့်တင်မည့် စီမံကိန်းအပြင် ကမာကဆစ်ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ အလယ်ကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပြုပြင်ပြီးစီးမှုကိုပါ သွားရောက်စစ်ဆေးခဲ့သည်။
ဈေးအဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လေဝင်လေထွက်နှင့် အလင်းရောင်ရရှိရေးအတွက် စနစ်တကျ ဒီဇိုင်းရေးဆွဲရန်နှင့် ဈေးကော်မတီ သီးသန့်ဖွဲ့စည်း ဆောင်ရွက်သွားရန် စည်ပင်ဘက်က ညွှန်ကြားထားသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးဝန်ထမ်းများအား ဩဝါဒစကားပြောကြား

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image

စီဘီတွဲသင်္ဘောအားတိမ်းရှောင်သည့်စက်လှေ ကမ်းနဘေးရှိ လတာပြင်ကိုမေးတင်ပြီးရေဝင်နစ်မြုပ်တိမ်းမှောက် (၁)ဦးပျောက်ဆုံးနေမှု ရွေးမြစ်တွင်ဖြစ်ပွား

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရွေးမြစ်တွင် သြဂုတ် ၁၉ ရက်ည ၆ နာရီခန့်က စီဘီတွဲသင်္ဘောအားတိမ်း ရှောင်သည့်စက်လှေ ကမ်းနဘေးရှိ လတာပြင်ကိုမေးတင်ပြီး ပဲ့ပိုင်းရေဝင်ကာနစ်မြုပ်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ ဝဲချောင်းကျေးရွာအနီးရှိ ရွေးမြစ်အတွင်း စပါး(၁၅၀၀)ဆံ့ စက်လှေ(၁)စီးသည် တစ်ဘက်မှလာသည့် စီဘီတွဲသင်္ဘောအားတိမ်းရှောင်စဉ် ကမ်းနဘေးရှိ လတာပြင်အား မေးတင်ပြီး ပဲ့ပိုင်းရေဝင်နစ်မြုပ်၍တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် (၁)ဦးပျောက်ဆုံးနေသဖြင့် မြောင်းမြမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပျောက်ဆုံးနေသူအားရှာ ဖွေခဲ့ကြသော်လည်း မတွေရှိသဖြင့် ည ၉ နာရီခွဲကျော်ခန့်တွင် ရှာဖွေမှုကိုရပ်နားခဲ့ကြကြောင်း သိရသည်၊

image

လေးမျက်နှာမြို့နယ်၌ ငဝန်တာ နိမ့်ကျသည့်နေရာတွင် Stand Pipe များ ရို-က်၍ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်မှု ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

ရေစီးအားပေါ်မူတည်၍ ရို-က်သွင်းခြင်းများ အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား
လေးမျက်နှာ၊ ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ နိမ့်ကျနေသည့်နေရာ၌ Stand Pipe များ ရို-က်၍ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာသို့ ရောက်ရှိပြီး ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ မြစ်ရေစီးကျော်ဝင်သည့်နေရာ၌ ကာရံရန်အတွက် ရန်ကုန်မြို့မှ ငါးသိုင်းချောင်းမြို့၊ ထိုမှတစ်ဆင့် လေးမျက်နှာမြို့ ထူပါရုံရေဆိပ်သို့ တွန်းသင်္ဘာ၊ Barge ရေယာဉ်များဖြင့် သယ်ဆောင်လာသည့် Stand Pipe ၁၀ လုံး ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် Stand Pipe များ ရိုက်သွင်းမည့်နေရာသို့ ရောက်ရှိရာ ရို-က်သွင်းပြီးဖြစ်သည့် Steel Sheet Pile များ ရေစီးဒဏ် ခံနိုင်စေရန် Stand Pipe များဖြင့် အားဖြည့်ရိုက်သွင်းမည့် အခြေအနေများ၊ အရှည် ၁၂ မီတာ၊ အချင်း ၁.၃၅ မီတာရှိ Stand Pipe တစ်လုံးကို Vibro-Hammer စက်ဖြင့် ရို-က်သွင်းဆောင်ရွက်နေမှုနှင့် Stand Pipe အတွင်း သဲအိတ်များ ထည့်သွင်းနေမှုတို့ကို အနီးကပ် ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေတက်ချိန်၌ Vibro-Hammer စက်ဖြင့် ရို-က်သွင်းရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေးရန်၊ လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ ကရိန်း၊ တွန်းသင်္ဘောနှင့် Vibro-Hammer အပါအဝင် စက်ယာဉ်ယန္တရားများ အသင့်ပြင်ထားရန်၊ ရေစီးအားပေါ်မူတည်၍ ရို-က်သွင်းခြင်းများကို အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန် မှာကြားခဲ့ကြောင်း သိရသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် Green Zone ဖော်ဆောင်ထားရှိမှုများ ကြည့်ရှုလေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြစ်ကမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ထိုသို့ ကြည့်ရှုလေ့လာရာတွင် မော်စကိုမြို့၏ စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ၊ အများပြည်သူအပန်းဖြေနိုင်သည့် နေရာများ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို လေ့လာခဲ့ကြသည်။
မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အရေးပါသည့် မြစ်တစ်စင်းဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသကဲ့သို့ မြစ်ကမ်းတစ်လျှောက် ပန်းခြံများနှင့် အပန်းဖြေနေရာများ ဖော်ဆောင်ထားရှိသည်။
ထို့ပြင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်နှင့် အပျော်စီးသင်္ဘောများ ပြေးဆွဲလျက်ရှိသဖြင့် မြို့ပြရှုခင်းနှင့် သမိုင်းဝင်အဆောက်အအုံများကို မြစ်ကြောင်းမှ လေ့လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် မော်စကိုမြို့၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အရေးပါသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

image

အညာဒူဘိုင်းလို့ခေါ်တဲ့ မြိုင်မြို့နယ်ထဲက ရေနံမြေလုပ်ကွက်အထိ အစိုးရတပ်စစ်ကြောင်း ရောက်ရှိပြီး တိုက်ပွဲတွေဖြစ်နေ

မကွေးတိုင်း ၊ မြိုင်မြို့နယ်ထဲက ကျောက်ခွက်ရေနံမြေ နဲ့ ဝဲတူးရေနံမြေအထိ အစိုးရတပ် စစ်ကြောင်း ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်စစ်ကြောင်းတွေက မှန်ရင်းကျေးရွာနဲ့ တောင်စုံရွာမှာ စခန်းအထိုင်ချပြီး ရှေ့ပြေးစစ်ကြောင်းတွေက ရေနံမြေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းဆက်ထိုးနေတဲ့အပြင် လေကြောင်း ၊လက်နက်ကြီးတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
"Well2 ဝဲတူးရေနံမြေထဲကို ရောက်တာရှိတယ်။ရှေ့ပြေးကင်းတချို့ ရောက်တာမျိုး ဝင်နိုင်တဲ့အခြေအနေမျိုးပါ။သိမ်းနိုင်တာမျိုးတော့ မဟုတ်ဘူး ။ ဒီထဲကို မရရအောင်ဝင်မယ့် ပုံစံတွေလုပ်လာတာတွေ့ရတယ်။ တိုက်ပွဲကတော့ မိုင်းဆွဲတာ ၊ထိတွေ့တာ ၊လေကြောင်းတိုက်ခိုက်တာ ရှိနေတယ် ။ ဒီ Well 2 ဝဲတူးဘက်ကိုမရရအောင် ဝင်မယ့်သဘောရှိတယ်။အခုစစ်ကြောင်းရောက်နေတဲ့ တောင်စုံ ၊ မှန်ရင်း ရွာနဲ့ ရေနံမြေတွေက အရမ်းမဝေးဘူး ။ ဆိုင်ကယ်နဲ့ဆို ၁၀ မိနစ် ၁၅ မိနစ်ပဲဝေးတယ်။ ရေနံမြေလုပ်သားတွေကတော့ မရှိတော့ဘူး ။အကုန်ရှောင်နေပြီးသား ။ စစ်ကြောင်းရောက်ကတည်းကပဲ ။ " လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရေနံမှော်တွေကို ပြန်လည်ထိန်းချုပ် ဖို့အတွက် အစိုးရတပ်စစ်ကြောင်းက စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာကဒေသခံတွေ စစ်ရှောင်နေကြရသလို ရေနံလုပ်သားတွေလည်း စစ်ရှောင်နေရတဲ့အတွက် ရေနံတူးဖော်မှုတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။
" Well2 ဝဲတူး ၊ ဝဲဝမ်း ၊ကျောက်ခွက်ရေနံမြေအရှေ့ပိုင်းမှာတော့ စစ်ကြောင်းရောက်တဲ့ ဩဂုတ်လ ၂ ရက်ကတည်းက ရေနံတူးတာ ၊ဖော်တာ အကုန်ရပ်ဆိုင်းထားတယ်။ ခပ်လက်စကျင်းတွေ တူးလက်စကျင်းတွေပဲကျန်တယ်။ လူတွေမရှိတော့ဘူး ။ " လို့ သူကထပ်ပြောပါတယ်။
မြိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကစပြီး တိုက်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ဩဂုတ်လမှာတော့ ရေနံမှော်တွေအထိ စစ်ကြောင်းဝင်ရောက်မှုရှိလာတာဖြစ်ပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ကျောက်ခွက်ရေနံမြေက အထင်ရှားဆုံး ၊ အဓိကအကျဆုံးနဲ့ ဧရိယာအကျယ်ဆုံး ရေနံမြေလုပ်ကွက်ဖြစ်ပြီး အရင်က မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်ရှိ ရေနံမြေလုပ်ကွက်တခု ဖြစ်တယ်လို့သိရပါတယ် ။
အဆိုပါ ရေနံမှော်လုပ်ကွက်တွေကို ပြီးခဲတဲ့ ၂၀၂၄ မတ်လမှာ PDF တပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

image

အရပ်သားကို သေနတ်နဲ့ပစ်တဲ့ KIA ဂိတ်စခန်းကို ဒေသခံတွေ အင်အားသုံး ဖယ်ရှား

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းလမ်းပေါ်က နမ့်လိုင်းကျေးရွာအနီးမှာ ရှိတဲ့ KIA ဂိတ်စခန်းကို ဒေသခံတွေက ဒီနေ့ အင်အားသုံး ဖယ်ရှား လိုက်တယ်လို့ နမ့်ခမ်းဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက် ​ပြောပြတာက
“ရွာသားတယောက် ကားမောင်းလာတာကို KIA တပ်ဖွဲ့က ရပ်ခိုင်းတာ၊ မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ။ ကားသမားက လက်မောင်းမှာ ထိသွား တယ်လေ။ အဲဒါ ရွာသားတွေက မကျေနပ်လို့ အဲဒီဂိတ်ကို သွားဖျက်လိုက်တာ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသားဟာ မူဆယ်မြို့နယ် နမ့်စန်ရွာကဖြစ်ပြီး ရှမ်းတိုင်းရင်းသား ဖြစ်တယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့ ဂိတ်ထိုင်ထားတဲ့ အဲဒီကျေးရွာတွေမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီအဖွဲ့က ဂိတ်လာထိုင်တာ သိပ်မကြာသေးဘူး။ ဒေသခံတွေနဲ့ ပြေလည် အောင် မနေတော့ ပြဿနာဖြစ်တာပေါ့ဗျာ။ တော်သေးတယ် လူသေမသွား လို့။ အခုတော့ အဲဒီဂိတ်တွေကို မီးရှို့လိုက်ပြီ” လို့ နမ့်ခမ်းမြို့ခံနောက် တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ရွာသားကိုတော့ မူဆယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ပစ်ခတ်မှု ကျူးလွန်တဲ့ KIA တပ်သားကို ဖမ်းဆီးခဲ့ပြီး ပြဿနာဖြေရှင်းပေးဖို့ KIA တပ်ဖွဲ့ အရာရှိတွေထံကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ KIA ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မူဆယ်- နမ့်ခမ်း လမ်းမကြီး တစ်လျှောက်မှာ KIA တပ်ဖွဲ့အပြင် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPPနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့လည်း လှုပ်ရှားနေတာဖြစ်ပါတယ်။

image

ထိုင်းက PV ကိုင်ထားတဲ့ မြန်မာတွေရဲ့ ပတ်စပို့စ်ကိစ္စ နေပြည်တော်က ခွင့်ပြုမှသာ သံရုံးကပြုလုပ်ပေးတော့မယ်

ထိုင်းမှာ အလည်ပတ်စ်ပို့ Passport of Visit - PV အမျိုးအစားကိုင်ထားတဲ့ မြန်မာတွေကို စာအုပ် သက်တမ်းတိုးခြင်း ၊ စာအုပ်အသစ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းတာတွေအတွက် နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ သံရုံးက ပြုလုပ်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် PV စာအုပ်ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးခြင်း ၊ စာအုပ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းမယ်ဆိုပါက ဒီနေ့ကစပြီး သံရုံးမှာ လိုအပ်တဲ့အချက်အလက်နဲ့တကွ ဖောင်ဖြည့်ပြီး တင်ပြနေရပြီ ဖြစ်တယ်လို့ သိရပါတယ် ။
သံရုံးကမှတဆင့် နေပြည်တော်ကို တင်ပြပြီး နေပြည်တော်က ​ခွင့်ပြုမိန့်ကျလာမှသာ ပြုလုပ်ပေးမှာဖြစ်ကြောင်း ၊ ဒီကနေ့ သံရုံးမှာ PV သက်တမ်းလာတိုးသူတွေကိုတော့ အချိန်နှစ်လအကြာမှာ ပြန်စုံစမ်းရန် လက်ခံမှတ်တမ်းစာရွက်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
"အရင်ဆုံး Visa အချက်အလက်အထောက်အထားအစုံနဲ့ သံရုံးဘက်ကို formဖြည့်ပေးစာတင်ပေးရပါတယ်။ Passport အထောက်အထား နဲ့ဖုန်းနံပါတ်ကို လူကိုယ်တိုင်ဖြစ်စေ ၊ Agentနဲ့ဖြစ်စေ သံရုံးမှာသွားတင်ရပါတယ်။ လူကိုယ်တိုင်ဆိုရင် လျှောက်ထားသူကိုတိုက်ရိုက်ဆက်သွယ်ပြီး Agentနဲ့ဆိုရင် Agentကို ပြန်လာရမယ့်ရက် ဖုန်းဆက်အကြောင်းကြားပေးပါမယ်ပြောတယ်။ နှစ်လအကြာမှာပြန်စုံစမ်းဖို့လည်းပြောတယ်။ " လို့ ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။
PV အမျိုးအစားနဲ့ပတ်သက်ပြီး သက်တမ်းတိုးခြင်းကို သံရုံးဘက်က လုံးဝပြုလုပ်မပေးတော့တာမျိုးမဟုတ်ပေမယ့်လည်း အဆင့်ဆင့် တင်ပြရတာတွေ ၊ ခွင့်ပြုမယ့်အချိန်အတိအကျ မသိရတဲ့အခြေအနေတွေကြောင့် PV ကိုင်ထားသူတွေ အခက်အခဲ ဖြစ်နေပါတယ်။
" လုပ်မပေးတော့တာ မဟုတ်ပေမယ့်လည်း အခုက ဘာမှန်းလဲ မသိရဘူးလေ။ နှစ်လအကြာပြန်စုံစမ်းဆိုတော့ ရမလား မရဘူးလား မသိရဘူး ။ အရင်ပတ်စ်ပို့ အပျောက်တွေလျှောက်​တုန်းကလည်း သုံးလကြာမယ်ဆိုပြီး တနှစ်ကျော် လောက်ကြာမှပြန်ဆက်သွယ်တာရှိတယ်။ ဒီတော့ သက်တမ်းမကုန်ခင် ကြိုပြီး ဖောင်တင်ကြပါ။ ဘယ်လိုတွေ လာမယ် မသိသေးဘူး ။ " လို့ ထိုင်းရောက် အကျိုးဆောင်တယောက်က ပြောပါတယ် ။
PV အမျိုးအစားကနေ PJ ၊ PE တခြားတခုခုကို ပြောင်းမယ်ဆိုရင် ရက်ချိန်းကြိုယူရပြီး စာအုပ်လဲလှယ်ခြင်းကို တရက်တည်းနဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေရာကနေ သံရုံးက ဒီနေ့ကစပြီး စည်းကမ်းတင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
ခုလို စည်းကမ်းတင်းကြပ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ PV စာအုပ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေ ၊ ကျောင်းတက်သူတွေ အပြင် မှီခိုဗီဇာနဲ့ နေထိုင်သူတွေပါ အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ် ။
ခုလို PV စာအုပ်သက်တမ်းတိုးခြင်း ၊ PV ကနေ တခြား ပတ်စ်ပို့အမျိုးအစားကို ပြောင်းလဲတဲ့ကိစ္စတွေအပေါ် နေပြည်တော်က ခွင့်ပြုမှသာ ဆောင်ရွက်ပေးမယ်ဆိုတဲ့အပေါ် မြန်မာသံရုံးဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။

image

ဧရာဝတီတိုင်းရေကြီးမှုမှာ ရေနစ်သေဆုံးသူ လေးယောက်ထပ်တိုးလာ

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့နယ်မှာ ရေဘေးကြောင့် ကလေးတယောက်အပါအဝင် လေးယောက် ထပ်မံသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ငါးသိုင်းချောင်းမြို့နယ်မှာ ဒီကနေ့ ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းက ရေနစ်သေဆုံးတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့ရပြီး မနေ့က ဩဂုတ် ၁၈ ရက်နေ့ညနေပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် သေဆုံးမှုရှိခဲ့ပါတယ်။
လေးမျက်နှာမြို့နယ် ၊ ခမောက်စုကျေးရွာ အုပ်စုအပိုင်ထဲ မရမ်းအိုင်ဘက်မှာလည်း ဒီကနေ့ ဩဂုတ် ၁၉ရက်မှာ အသက်ကြီးပိုင်း အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ရသလို အသက် ၁၀ နှစ်အရွယ်ကလေး တယောက်အလောင်းလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
" မရမ်းအိုင်မှာ လူကြီးတယောက် ရေနစ်သေဆုံးတယ်။ ကလေးလေးကတော့ ၃ တန်းလို့သိရတယ်။ အသက် ၁၀ နှစ်အရွယ်ပါ။ မနေ့ကတည်းက အိုင်သပြုအပိုင်ထဲမှာ ပျောက်သွားတာ ။ ဒီနေ့ရှာဖွေရေးလုပ်တော့မှ ရုပ်အလောင်းပြန်တွေ့တာ ။ ငါးသိုင်းချောင်းဘက်မှာက မနေ့က တလောင်းနဲ့ ဒီနေ့တလောင်းတွေ့တယ်။ အကုန်လုံးအမျိုးသားတွေချည်းပဲ ။ " လို့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဩဂုတ် ၁၇ ရက်နေ့ကလည်း ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ရေကြီးမှု ဧရိယာကျယ်ပြန့်လာတဲ့အတွက် ငါးသိုင်းချောင်း တမြို့လုံးနီးပါး ရေကြီးပြီး ရေကြည်မြို့နယ်မှာလည်း ရေတိုးလာနေကြောင်း သိရပါတယ်။
" ငါးသိုင်းချောင်းလည်း ရေတိုးတာ ရေပြင်တွေချည်းဖြစ်ကုန်ပြီ။ ရွှေ့ပြောင်းပေးရတာတွေ ပိုများလာတယ်။ ငါးသိုင်းချောင်းအထွက် မုံရွာ - ပုသိမ်လမ်းပေါ်က ဆီဆိုင်တွေပါ ရေကြီးလို့ ဆိုင်တွေပိတ်ထားတော့ ရေကြည်အထိ ဆီသွားဖြည့်နေရတယ်။ ရေကြည်ဘက်လည်း.ရေကတိုးတယ်။ မြို့အဝင်က ပိတောက်ချောင်မှာလည်းရေတက်တယ်။ နောက်ရက်ရေထပ်တက်ရင် ကားတွေသွားဖို့တောင် ခက်နိုင်တယ်။ " လို့ ကူညီကယ်ဆယ် ရေးလုပ်နေသူ တယောက်က ပြောပါတယ် ။
လေးမျက်နှာမြို့နယ်က ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ အပါအဝင် ငါးသိုင်းချောင်း ၊ ရေကြည် ၊ ကျုံပျော် ၊ ကျောင်းကုန်း ၊ ဟင်္သါတ အပါအဝင် မြို့နယ်တချို့က ကျေးရွာတွေမှာ ရေကြီးနေပါတယ်။
လေးမျက်နှာမြို့နယ်မှာ အရင်ရက်တွေကလည်း ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူ နှစ်ယောက်ရှိခဲ့ပြီး ပျောက်ဆုံးသူတချို့လည်းရှိတယ်လို့ သိရပါတယ်။
ခုဆိုရင် ဧရာဝတီတိုင်းမှာ ရေကြီးမှုဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးအထိရှိလာပြီဖြစ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေမှာမနေထိုင်ဘဲ နေအိမ်တွေမှာပဲ ဆက်နေကြတဲ့ ရေဘေးသင့်သူတွေအတွက် အစားအစာနဲ့ သောက်ရေသန့်တွေလည်း လိုအပ်မှုရှိတယ်လို့ သိရပါတယ်။

image