ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။
ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။

image

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။
ပျက်စီးသွားသည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃) ဖာလုံနှင့် (၆) မိုင် (၄) ဖာလုံအကြား တည်ရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေစီးအားပြင်းထန်ကာ ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေများသည် ကြိုးကြာကွင်းကျေးရွာအုပ်စုနှင့် ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ လယ်ယာမြေများအတွင်းသို့ ဆက်လက်စီးဆင်းနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အခြေအနေများကို စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ဩဂုတ် ၃ ရက်အထိ လေးမျက်နှာမြို့နယ်၌ ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စုနှင့် လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုတွင် အိမ်ထောင်စု ၄၄၁ စုမှ လူဦးရေ ၁,၄၁၁ ဦး လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

image

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများအားဆက်သွယ်လှူဒါန်းနိုင်သည့် လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (DDM)ရုံးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(Red Cross)ဌာနချုပ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ အစိုးရကထူထောင်ထားသည့် ရေဘေးကူညီရေးနှင့် ကယ်ဆယ်ရေးစခန်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့လည်း ဆက်သွယ်လှူ ဒါန်းနိုင်သည်ဟု အသိပေးခဲ့သည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်ကိုလည်းတက်ရောက်သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေး နွေးသွားမည်ဖြစ်ကာ ခရီးစဉ်အား နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ပြော

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ယနေ့ သြဂုတ် ၃ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် UWSP ဒုတိယ ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခြင်းကို ထပ်လောင်းဂုဏ်ပြုခဲ့ပြီး ပြည် ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကိုတစိုက်မတ်မတ်စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်းအခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအပေါ် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။
ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစေကာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုစသည့် အမျိုးမျိုးသောပြစ်မှုဆိုင်ရာများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နှိမ်နင်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်ကလည်း UWSP နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခင်းအကျင်းများရရှိလာရေးအတွက် အ သေးစိတ်ဆက်လက်ဆွေးနွေးပေးစေလိုသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် NSPNC ကော်မတီဝင် ဒုတိ ယဗိုလ်ချုပ်ကြီးအေးဝင်း(ငြိမ်း)က UWSP ၏ နိုင်ငံရေးလိုလားချက်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နိုင်မည့်အစီအမံများ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က နိုင်ငံတော်အစိုးရရှေ့ဆက်ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင်ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကော်မတီအတွင်းရေးမှူး ဒုတိ ယဗိုလ်ချုပ်ကြီး မင်းနိုင်က NSPNC နှင့် UWSP ကြားဆက်သွယ်ရေးလမ်း ကြောင်းတစ်ခုထားရှိခြင်းဖြင့် ကျန်းမာ ရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အကောင်အထည်ဖော်မှုအပေါ် ပိုမိုအထောက်အကူဖြစ်စေပြီး ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိစေနိုင်မည်ဖြစ်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံပြီး လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့သည်။

image

အီရန်ကို အရေးယူဖို့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းသစ်တွေကို အမေရိကန်စစ်တပ် ရှာဖွေနေ

အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ဟာ အီရန်ကို အပြစ်ပေးဖို့ ပုံမှန်မဟုတ်တဲ့၊ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းသစ်တွေ စဉ်းစားပေးဖို့ စစ်ဘက်ဆိုင်ရာ သုတေသီတွေကို တောင်းဆိုထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN က သတင်းဖော်ပြခဲ့ပါတယ်။
"အီရန်ကို ဖိအားပေးဖို့နဲ့ အပြစ်ပေးနိုင်ဖို့ ဖန်တီးမှုပါတဲ့ နည်းလမ်းသစ်တွေနဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို ငါတို့ လိုက်ရှာနေတာ" လို့ CENTCOM ရဲ့ ထောက်လှမ်းရေးအရာရှိတစ်ယောက်က စစ်ဘက်သုတေသီအဖွဲ့ဆီ ပို့တဲ့စာထဲမှာ ရေးထားကြောင်း သတင်းမှာ ပါရှိပါတယ်။
CNN ရဲ့ အဆိုအရတော့ ဒီလိုတောင်းဆိုတာဟာ အီရန်နဲ့ ပတ်သက်ရင် ဝါရှင်တန်အစိုးရမှာ ရွေးချယ်စရာ နည်းလမ်း နည်းပါးနေတာနဲ့ နိုင်ငံရေးအရ လက်ခံဖို့ ခက်ခဲတဲ့ နည်းလမ်းတွေပဲ ရှိတော့တာကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း CENTCOM အနေနဲ့ ဘယ်လို အဆိုပြုချက်မျိုးမဆို စဉ်းစားပေးဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းရင်းမြစ်တစ်ခုက Fox News ကို ပြောခဲ့ပါတယ်။ အမေရိကန်စစ်တပ်က အီရန်အပေါ်ထားတဲ့ နည်းဗျူဟာကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့ ယူဆနေကြတာပါ။
အမေရိကန်သမ္မတ တရမ့်ကတော့ အမေရိကန်နဲ့ အီရန်ဟာ သြဂုတ် ၃ ရက်နေ့မှာ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲလုပ်မယ်လို့ အရင်က ပြောထားဖူးပါတယ်။ သဘောတူညီချက်ရဖို့အတွက် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ သဘောတူခဲ့တယ်လို့လည်း တရမ့်က Truth Social မှာ ရေးခဲ့ပါတယ်။
တရမ့်ရဲ့ အဆိုအရ သဘောတူညီချက် မူဘောင်တွေကို သဘောတူထားပြီးဖြစ်လို့ အီရန်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဝါရှင်တန်ကို မတိုက်ခိုက်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ "ဒီထဲမှာ ဟော်မုဇ်ရေလက်ကြား (Hormuz Strait) ကို ချက်ချင်း အပြည့်အဝ ပြန်ဖွင့်ပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့တွေ ပါဝင်ပါတယ်" လို့ တရမ့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

image

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံ အတည်ပြု

အင်အားပြင်း မန္တလေးငလျင်ဒ-ဏ် ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီက အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဇမ္ဗူသီရိခန်းမ၌ ဩဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၂/၂၀၂၆) အစည်းအဝေးတွင် ယင်းသို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ချေးငွေအစီအစဉ်၌ ခွင့်ပြုထားသည့် ဘဏ် ၁၀ ဘဏ်နှင့် Finance Company ၂ ခုအနက် အဆိုပါအစည်းအဝေးတွင် ဘဏ် ၆ ဘဏ်နှင့် Finance Company ၁ ခုတို့က တင်ပြလာသည့် ချေးငွေအမှုတွဲ ၁၁ ခုကို စိစစ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်း ၃ ဦးနှင့် လုပ်ငန်း ၇ ခုအပါအဝင် စုစုပေါင်း ချေးငွေ ၁၀ ခုအတွက် ကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ဗဟိုကော်မတီက အတည်ပြုပေးခဲ့သည်။
အစည်းအဝေးတွင် ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မန္တလေးငလျင်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်၏ ရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ချေးငွေများကို သတ်မှတ်ထားသည့် SOP စံနှုန်းများနှင့်အညီ စိစစ်ဆုံးဖြတ်ပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်၏ ဦးစားပေးစီမံကိန်းတစ်ရပ်ဖြစ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရုရှား အသင့်ရှိ

အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ် ဂါလူဇင်(Mikhail Galuzin) က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တတိယအကြိမ်မြောက် ကာဇက်စတန်-ရုရှား မီဒီယာဖိုရမ်ရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ သူက"ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိနေသလို၊ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာဖို့လည်း အမြဲတံခါးဖွင့်ထားပါတယ်။ ဒါကိုလည်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးသားပါ။ ဆွေးနွေးပွဲကနေ နှုတ်ထွက်သွားတာ၊ ဆွေးနွေးပွဲမလုပ်ဖို့ မိမိဘာသာ ပိတ်ပင်လိုက်တာနဲ့ ပြောရရင် အမျိုးမျိုး မတည်မငြိမ် မူမမှန် လုပ်ခဲ့တာက တစ်ဖက် ယူကရိန်းဘက်ကပဲ ဖြစ်ပါတယ်" လို့ ပြောခဲ့တာပါ။
"အနောက်အုပ်စု၊ ဆိုလိုတာက ယူကရိန်းကို ထောက်ပံ့ပေးနေသူတွေကြားထဲမှာ ပဋိပက္ခရဲ့ အဓိကဇာစ်မြစ်တွေကို ဖြေရှင်းဖို့ ရိုးသားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လိုအပ်တယ်ဆိုတာကို ရင့်ကျက်စွာ နားလည်လာကြပြီဆိုရင်တော့၊ ဒီလိုဆွေးနွေးပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာနိုင်ပါတယ်" လို့ ဒုတိယဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။
"ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ တစ်ဖက်မှာ အသင့်ဖြစ်မှု မရှိဘူး၊ အနောက်အုပ်စု ထောက်ပံ့သူတွေနဲ့ ကျနော်တို့အကြား ရရှိထားတဲ့ သဘောတူညီချက်တွေကို ယူကရိန်းအစိုးရက လိုက်နာအောင် လုပ်ဆောင်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ကျနော်တို့ဘက်က အထူးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပဋိပက္ခရဲ့ မူလဇာစ်မြစ်တွေကို အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်သလို၊ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေကိုလည်း စစ်ရေးနည်းနဲ့ပဲ ကာကွယ်သွားမှာပါ။ ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင်နဲ့ ထိတွေ့မှုစည်း နှစ်ဖက်စလုံးမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ထိရောက်ပြီး ပစ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လှုပ်ရှားသွားမှာပါ" လို့ ဂါလူဇင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ ကာဇက်စတန်အကြား ပထမအကြိမ် မီဒီယာဖိုရမ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက TASS သတင်းဌာန နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မော့စကိုမြို့မှာရှိတဲ့ TASS ဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့နှစ်က အယ်လ်မာတီ(Almaty) မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

image

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်များ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ

ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားများသည် ယခင်က BRT Lite စနစ်အောက်တွင် ပြေးဆွဲခဲ့ပြီး နောက်ပိုင်း YBS ၃၇ ယာဉ်လိုင်းအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးခဲ့သော်လည်း နှစ်အတန်ကြာ ရပ်နားထားခဲ့ရသည့် ယာဉ်များဖြစ်သည်။
ယခုအခါ ယင်းဘတ်စ်ကားများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်တပ်ဆင် ပြေးဆွဲပေးခြင်းဖြစ်သည်။ လက်ရှိတွင် ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းအပြင် ဆူးလေ–ဒလ (ကျောင်းရှေ့)၊ ဆူးလေ–ဒလ (ချယ်ရီသင်္ဘောဆိပ်) နှင့် ဒလ–တွံတေး ယာဉ်လိုင်းများတွင်လည်း ပြေးဆွဲပေးလျက်ရှိပြီး နေ့စဉ် နံနက် ၅ နာရီမှ ၆ နာရီအတွင်း စတင်ကာ ညနေ ၆ နာရီမှ ၇ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါ Scania Marcopolo ဘတ်စ်ကားများသည် ယခင် BRT Lite စနစ်ဖြင့် ပြေးဆွဲစဉ်ကတည်းက သက်သောင့်သက်သာရှိပြီး ခရီးသည်များ စိတ်ကြိုက်တွေ့ခဲ့သည့် ယာဉ်အမျိုးအစားဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြေးဆွဲလာမှုကို ဒေသခံ ခရီးသွားပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သိရသည်။

image

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့် မြန်မာအသင်း

အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု ( ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးပြတ်အနိုင်ကစားမှသာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။
မြန်မာအသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက် အသာရရှိစေရန် ဂိုးများများ သွင်းယူနိုင်ရေး အစွမ်းကုန် ကြိုးစားကစားရမည်ဖြစ်သည်။
အဆိုပါနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၄ AFF ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ၃ ဂိုး - ၂ ဂိုးဖြင့် လာအိုအသင်းကို အနိုင်ရရှိထားသည်။
တစ်ဖက်တွင် လာအိုအသင်းသည် အုပ်စုပွဲစဉ်များ၌ ထိုင်းအသင်းကို ၅ ဂိုး - မရှိ၊ မလေးရှားအသင်းကို ၄ ဂိုး - မရှိ၊ ဖိလစ်ပိုင်အသင်းကို ၄ ဂိုး - ၁ ဂိုး ရလဒ်များဖြင့် ၃ ပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်သည် လာအိုအသင်းအတွက် နောက်တစ်ဆင့်တက်ရေး ဖိအားမရှိဘဲ ယှဉ်ပြိုင်ရမည့် ပွဲတစ်ပွဲသာ ဖြစ်သည်။
လက်ရှိ အုပ်စု ( ရမှတ်ဇယားတွင် ထိုင်းအသင်းက ၂ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုဒုတိယနှင့် မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ရမှတ် ၃ မှတ်ဖြင့် အုပ်စုတတိယနေရာတို့တွင် ရပ်တည်နေကြောင်း သိရသည်။

image