8 w - Translate

ခုမြင် ခုပျောက် 😂

image

ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီက ယနေ့ စက်တင်ဘာ ၃ ရက်တွင် အသိပေးထားသိရသည်။
ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်တင် ဘာ ၂ ရက်မှစတင်ကာ ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်လှေများ၊ အသက်ကယ်ပစ္စည်းများ၊ သောက်ရေသန့်များနှင့် ကြက်ခြေနီလူနာတင်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း အသိပေးချက်အရ သိရသည်။
ထို့အပြင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် အရေးပေါ်ကွပ်ကဲရေးစင်တာ (EOC) ကို ဖွင့်လှစ်ထားပြီး ၂၄ နာရီ စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀စင်တီမီတာ သတ်မှတ်ထားရာ လက်ရှိတွင် ၉၂၄ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄နာရီအတွင်း ၉၀၉ စင်တီမီတာသို့ ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်တည်ရှိနိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

image

စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering & Technology နှင့် Hospitality & Tourism သင်တန်းသား ၃၂၀ ခေါ်ယူမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering & Technology နှင့် Hospitality & Tourism သင်တန်းများအတွက် သင်တန်းသားသစ် စုစုပေါင်း ၃၂၀ ဦး ခေါ်ယူနေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းများကို လက်တွေ့ကျွမ်းကျင်မှုရှိသည့် လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်၍ ခေတ်မီ Lab ပစ္စည်းများအသုံးပြုကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဖွင့်လှစ်မည့် သင်တန်းများမှာ Engineering & Technology ဘာသာရပ်အောက်တွင် Electrical Technology၊ Electronics (Computer & Networking)၊ Residential Air-Conditioning၊ Mechatronics (Basic Servicing) နှင့် General Welding သင်တန်းများ ပါဝင်သည်။ Hospitality & Tourism ဘာသာရပ်အောက်တွင် Front Office Operations၊ Housekeeping Operations နှင့် Restaurant Operations သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၂၀၂၇ ခုနှစ် ဧပြီလ ၂ ရက်အထိ ၆ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု Certificate ချီးမြှင့်မည်ဖြစ်သည်။
လျှောက်ထားသူများသည် အသက် ၁၇ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့်၊ စနစ်သစ် Grade-12၊ GTHS သို့မဟုတ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ဖူးသူ သို့မဟုတ် အောင်မြင်သူများ လျှောက်ထားနိုင်သည်။
လျှောက်လွှာများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ (အစိုးရရုံးပိတ်ရက်များမှလွဲ၍) နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း၊ အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် လူကိုယ်တိုင် လျှောက်ထားနိုင်ပြီး အသေးစိတ်ကို ဖုန်း ၀၉-၇၈၁၀၀၂၅၇၂ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

image

AFC Women’s Champions League အုပ်စု (က) တွင် ဧရာဝတီအမျိုးသမီးအသင်း မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်များနှင့် ယှဉ်ပြိုင်ရမည်

မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Women’s Champions League အုပ်စုအဆင့် မဲခွဲမှုအရ အုပ်စု (က) တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် အီရန်နိုင်ငံတို့မှ ထိပ်တန်းကလပ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပခဲ့သည့် အုပ်စုအဆင့် မဲခွဲမှုအရ ဧရာဝတီအမျိုးသမီးအသင်းသည် Naegohyang Women’s FC (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်) နှင့် Bam Khatoon FC (အီရန်) တို့နှင့်အတူ အုပ်စု (က) တွင် ပါဝင်ခဲ့သည်။
အဆိုပါ အုပ်စုအဆင့်တွင် အသင်း ၁၂ သင်းကို အုပ်စု ၃ ခုခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ရာ အုပ်စုတစ်ခုချင်းစီမှ ပထမ၊ ဒုတိယ ရရှိသူများနှင့် အကောင်းဆုံး တတိယရ ၂ သင်းတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များကို ဧရာဝတီအမျိုးသမီးအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ပြည်တွင်း၌ တိုက်ရိုက် ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပြီး ဧရာဝတီအမျိုးသမီးအသင်းသည် Preliminary Stage အုပ်စု (F) တွင် FC Jurong၊ No Limits FC နှင့် New Taipei City Hang Yuan FC တို့ကို အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် Group Stage သို့ တက်ရောက်လာခြင်းဖြစ်သည်။

image

ရုရှားနှင့် မြောက်ကိုရီးယား မကြာမီ တိုက်ရိုက်လမ်း မကြာခင်ချိတ်ဆက်မည်

​ရုရှားနှင့် မြောက်ကိုရီးယားကြားက တံတားအပါအဝင် ခါဆန်ကုန်းလမ်း နယ်စပ်ဂိတ်ကို အလွန်နီးကပ်တဲ့ အနာဂတ်မှာ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အရှေ့ဖျား စီးပွားရေးဖိုရမ်(EEF) ရဲ့ ပြင်ပတွေ့ဆုံမှုမှာ ရုရှား ပို့ဆောင်ရေးဝန်ကြီး အန်ဒရီ နီကီတင်က ပြောကြားခဲ့ပါတယ်။
​"ကျွန်တော်တို့ ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားနဲ့ ဆက်စပ်နေတဲ့ ခါဆန် ကုန်းလမ်း နယ်စပ်ဂိတ်ကို မကြာခင်မှာ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယား ကြားမှာ တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်မှုကို ဖန်တီးပေးသွားမှာပါ" လို့ သူက ပြောပါတယ်။
​ဝန်ကြီးရဲ့ အဆိုအရ နှစ်နိုင်ငံကြား တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်နိုင်မှုဟာ သယ်ယူပို့ဆောင်ရေး ကုန်စည်စီးဆင်းမှုတွေကို ပိုမိုချောမွေ့စေမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးတက်စေဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို လျှော့ချပေးနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
​ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားကို မြောက်ကိုရီးယား အမျိုးသားသူရဲကောင်း ဖြစ်သလို ဆိုဗီယက် အရာရှိလည်း ဖြစ်ခဲ့တဲ့ ယာကော့ဗ် နိုဗီချန်ကိုရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်သွားမှာဖြစ်ကြောင်း နီကီတင်က ပြောပါတယ်။
​အရှေ့ဖျား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အထိ ဗလာဒီဗော့စတော့ခ်မြို့က Far Eastern Federal တက္ကသိုလ် နယ်မြေမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်ကို ရုရှားအစိုးရရဲ့ ပံ့ပိုးမှုနဲ့ Roscongress ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

image

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကျသင့်မည်ဟုခန့်မှန်း

ချင်းပြည်နယ် ဖလမ်းနှင့် တွန်းဇံမြို့များကို ၂၀၂၆ ခုနှစ် မေလအတွင်း တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ အထူးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာနှင့် အများပြည်သူဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကျသင့်မည်ဟု ခန့်မှန်းထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားလိုက်သည်။
ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ စက်တင်ဘာလ ၂ ရက်တွင် ကျင်းပသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဖလမ်းမြို့တွင် ၃၀ ရာခိုင်နှုန်း၊ တီးတိန်မြို့တွင် ၆၁ ရာခိုင်နှုန်းနှင့် တွန်းဇံမြို့တွင် ၄၆ ရာခိုင်နှုန်း အသီးသီး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ မြို့ ၃ မြို့ရှိ ဆက်သွယ်ရေးစခန်းများအတွက် ဆက်သွယ်ရေးပစ္စည်းများနှင့် ပြည်သူ့ဆေးရုံများအတွက် ဓာတ်မှန်စက်များ ကလေးမြို့သို့ ရောက်ရှိနေပြီဖြစ်၍ သက်ဆိုင်ရာမြို့များသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို တိုင်းဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ စက်တင်ဘာ ၃ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ကာ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများအတွင်းမှ နေအိမ်များအ တွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ရေဝင်ရောက်နေသည့်နေရာများကိုကြည့်ရှုစစ်ဆေးပြီး ရေဝင်နေသည့်နေအိမ်များ၌နေထိုင်သူများကို အားပေးစကားပြောကြားပြီး ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကူညီမှုများပြုလုပ်ပေးလျက်ရှိသူများကိုလည်း ချီးမြှင့်ငွေများပေးအပ်ပြီးနောက် ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များသို့ ပဲခူးမြစ်မှ အဓိကရေဝင်ရောက်လျက်ရှိသည့် ကုလားရိုက်ရိုးချောင်း ယာယီရေတားတာဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှုလျော့နည်းသက်သာစေရေး ရေတံခါးအမှတ်(၁)နှင့် အမှတ်(၂)ဆောင်ရွက်မည့် လျာထားနေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပဲခူးမြစ်ရေစီးဆင်းနေမှု၊ မဇင်းလမ်းဆုံအနီးရေကျော်နေမှု၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်သို့ ရေဝင်ရောက်လျက်ရှိသည့် ပန်းဆိုးချောင်းပြန်လည်တူးဖော်နိုင်ရေး၊ ဇိုင်းဂနိုင်းကြီးကျေးရွာမှ အနောက်ဘက်မြို့ရှောင်လမ်းသို့ချိတ်ဆက်ထားသည့် ကျေးရွာချင်းဆက်လမ်းယာယီရေကျော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ကလျာဏီသိမ်တော်ကြီးဘုန်းကြီးကျောင်း၌ အနိမ့်ပိုင်းနေအိမ်များမှ ယာယီရေဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

image

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်တွင် Moha mad Azri ၊ ပွဲချိန် ၇၄ မိနစ်နှင့် ၈၃မိနစ်တွင် သော်ဇင်ကို၊ ပွဲချိန် ၈၁မိနစ်တွင် စိုင်းဘိုဘိုကျော်၊ ပွဲချိန် ၈၂ မိနစ်တွင် ကျော်ညီညီတို့က အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ကလည်း သီရိလင်္ကာအသင်းဖြင့် တွေ့ဆုံရာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရယူထားနိုင်သည်။

image

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။

image

ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို့ MoA လက်မှတ်ရေးထိုး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရေးအတွက် MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို့အကြား Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ MoA အရ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ရေစုပ်စက်များနှင့် လယ်ယာလုပ်ငန်းသုံးယာဉ်များအတွက် စက်သုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်လာပါက DENKO Trading Co., Ltd အနေဖြင့် လွယ်ကူလျင်မြန်စွာ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ထားသည်။
ထိုအပြင် ဆန်စက်များ၊ အခြောက်ခံစက်များနှင့် စပါး၊ ဆန်အခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုသည့် မီးစက်များအတွက် လိုအပ်သည့် စက်သုံးဆီပမာဏများကို စိစစ်၍ သင့်တင့်မျှတသော ပမာဏဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရန် စီစဉ်ထားသည်။
အလားတူ ဆန်စပါးပြည်ပတင်ပိုသည့် ကုမ္ပဏီများ၊ သိုလှောင်ရုံများနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများအတွက် လိုအပ်သည့် ဒီဇယ်ဆီများကိုလည်း လိုအပ်ချက်အပေါ်မူတည်၍ စိစစ်ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း DENKO Trading Co., Ltd က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၅၀၀ ထည့်ဝင်လှူဒါန်းခဲ့ရာ ရေကြီးရေလွှမ်းမှုဖြစ်ပွားခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးနှင့် မျိုးစေ့ပံ့ပိုးသည့် လုပ်ငန်းများတွင် ထပ်မံဖြည့်စွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

image