လယ်ယာထွက်ကုန်ဈေးနှုန်း ထိန်းညှိရေးကော်မရှင် ဖွဲ့စည်းပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော် အတည်ပြု

လယ်ယာ၊ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထွက်ကုန် သီးနှံများ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆိုကို ဇွန်လ ၁၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါအဆိုကို အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် တောင်သူလယ်သမားများ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် သီးခြားကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်နိုင်ရန် “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့” ကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် အဆိုကို မှတ်တမ်းတင်ထားရှိသင့်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
သို့သော် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲအများစု ရရှိခဲ့သဖြင့် ဒေါက်တာဌေးဝင်း တင်သွင်းသည့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

image

တရုတ်-နီပေါ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံ၊ BRI ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး အာဇူ ရာနာ ဒေဥဘာ (Arzu Rana Deuba) တို့သည် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရပ်ဝန်းနှင့်လမ်းမ (BRI) ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ရေးမူဝါဒတွင် အရေးပါသည့်နေရာ၌ အမြဲထားရှိခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံသည် နီပေါ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နီပေါနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခွင့်ကို လေးစားကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိက နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ဓာတ်အားလိုင်းများ၊ အဝေးပြေးလမ်းများ၊ နယ်စပ်ဆိပ်ကမ်းများနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နီပေါနိုင်ငံကို “ကုန်းတွင်းပိတ်နိုင်ငံ” မှ “ကုန်းတွင်းချိတ်ဆက်နိုင်ငံ” အဖြစ် ပြောင်းလဲတိုးတက်လာစေရေးကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တစ်ဖက်တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးက နီပေါ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ ရေရှည်ထောက်ခံမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
နီပေါနိုင်ငံသည် “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ခိုင်မာစွာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် နီပေါနယ်မြေကို အသုံးပြု၍ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် နီပေါနိုင်ငံအနေဖြင့် လူသားမျိုးနွယ်အတွက် ဘုံအနာဂတ်ရှိသော အသိုက်အဝန်းတည်ဆောက်ရေး ရည်မှန်းချက်နှင့် တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

image

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ မြင့်တက်မည်ဟု ခန့်မှန်း

လာမည့် နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ လူဝင်လူထွက် ၂ ဒသမ ၂ သန်းခန့် ရှိလာမည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာန (NIA) က ဇွန်လ ၁၆ ရက်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။
NIA ၏ ခန့်မှန်းချက်အရ ယခုနှစ် နဂါးလှေပွဲတော် အားလပ်ရက်အတွင်း နယ်စပ်ဝင်ထွက်မှုမှာ ယခင်နှစ်ကာလတူထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး အများဆုံးခရီးသွားလာမှုရှိသည့် ရက်များတွင် နေ့စဉ် လူဝင်လူထွက်ဦးရေ ၂ ဒသမ ၃၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။
နဂါးလှေပွဲတော်သည် တရုတ်ရိုးရာပြက္ခဒိန်အရ ပဉ္စမလ၏ ပဉ္စမနေ့တွင် ကျရောက်သည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဇွန်လ ၁၉ ရက်၌ ကျရောက်မည်ဖြစ်ပြီး အားလပ်ရက်ကို ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ အားလပ်ရက်ကာလအတွင်း ပြည်တွင်းနှင့် ပြည်ပခရီးသွားလာမှုများ မြင့်တက်လာမည်ဖြစ်သဖြင့် နယ်စပ်ဖြတ်သန်းရေး စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့် ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ထားကြောင်း NIA က ပြောကြားခဲ့သည်။

image

မင်းကင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များပြန်လည်ရွေးချယ်မည်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကိုပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ဇွန် ၁၆ ရက်နံနက်ပိုင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကာ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။
ထို့ပြင် ဌာနဆိုင်ရာတာဝန်ရိသူများကလည်း ရပ်ကွက်/ကျေးရွာများသို့ အသီးသီးကွင်းဆင်းရွေးချယ်သွားမည်ဖြစ်သည်။

image

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် MoU ရေးထိုး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ(MoU)ကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
MoU ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီး ယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့ကအမှာစကားပြောကြားပြီး အလုပ်သဘောနေ့လယ်စာစားပွဲတွင်လည်း ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခ ရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-က မ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow၊ မဟာမဲခေါင်ဒေသခွဲအစားအစာပြပွဲတို့ကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၆ နှင့် ဆက်စပ်အ စည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် Tourism for People, Travel with Purpose"ဦးတည်ချက်ဖြင့် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိလက်ခံကျင်းပလျက်ရှိသည်။

image

ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်လွန်မှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati Kromluang Rajasarini Siribajra Mahavajrarajadhita ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား တော်ဝင်မင်းသမီး ကံတော်ကုန်လွန်ခဲ့ခြင်းအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ထိုင်းတော်ဝင်မိသားစုဝင်များ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများအား စာနာဝမ်းနည်းကြောင်း သဝဏ်လွှာမှတ်တမ်း ရေးသားခဲ့ကြောင်း သိရသည်။
တော်ဝင်မင်းသမီး Princess Bajrakitiyabha သည် ထိုင်းဘုရင်၏ သမီးတော်ဖြစ်ပြီး ကံတော်ကုန်လွန်ချိန်တွင် အသက် ၄၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

image

မြန်မာဘောက်ဆင်သမိုင်းတွင် ပထမဆုံး WBC/OPBF နိုင်ငံတကာခါးပတ်လုပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ပရော်ဖက်ရှင်နယ်ဘောက်ဆင်လောကအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် WBC/OPBF က တရားဝင်အသိအမှတ်ပြုသည့် WBC/OPBF Myanmar International Belt ခါးပတ်လုပွဲကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးစိုးသန်းနိုင်က ပြောကြားသည်။
မကြာသေးမီက ဂျပန်နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယင်းခရီးစဉ်၏ အကျိုးဆက်ကောင်းတစ်ရပ်အဖြစ် WBC/OPBF အဖွဲ့ချုပ်က မြန်မာနိုင်ငံအတွက် တရားဝင် Title Match ခါးပတ်လုပွဲ ကျင်းပခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာကစားသမားများ၏ ပရော်ဖက်ရှင်နယ်အဆင့် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာစင်မြင့်တွင် အောင်မြင်မှုများ ရရှိစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင်က ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် PBM ပြိုင်ပွဲ (၃) ကြိမ်အပေါ် အခြေခံ၍ အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်သည်။ ပထမအဆင့် PBM-10 ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ဝိတ်တန်း (၄) တန်းဖြင့် ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဝိတ်တန်း (၂) တန်းမှ ကစားသမားများ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ဒုတိယအဆင့် PBM-11 ပြိုင်ပွဲကို စက်တင်ဘာလအတွင်း ဆက်လက်ကျင်းပမည်ဖြစ်ကာ PBM-10 မှ ဆန်ခါတင်ရွေးချယ်ခံရသည့် ထိပ်တန်းကစားသမားများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နောက်ဆုံးဗိုလ်လုပွဲအဆင့် PBM-12 တွင် အဆင့်ဆင့်ဖြတ်ကျော်လာသည့် အကောင်းဆုံးကစားသမားများက WBC/OPBF Myanmar International Belt တရားဝင်နိုင်ငံတကာခါးပတ်အတွက် Title Match အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
WBC/OPBF ၏ တရားဝင်မြန်မာခါးပတ်ကို စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ဝိတ်တန်း (၂) တန်းအပေါ် အဓိကထား၍ ဆန်ခါတင်ရွေးချယ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဝိတ်တန်းများနှင့် ပါဝင်မည့် ကစားသမားစာရင်းကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပွဲစဉ်သည် မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖွင့်ပေးမည့် သမိုင်းဝင်ပထမဆုံး နိုင်ငံတကာခါးပတ်လုပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ကြောင်း သိရသည်။

image

ပဲခူးတိုင်းရှိ အာမခံအလုပ်သမား ၇၅,၀၀၀ ကျော် ကျန်းမာရေးစောင့်ရှောက်မှု ရရှိ၊ ဆေးဖိုးကျပ်သန်း ၄၅၄ ကျော် ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျုံးဝင်အာမခံအလုပ်သမား ၇၅,၀၂၆ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့က ဆေးဖိုးအမှုတွဲ ၂,၁၈၅ တွဲအတွက် ကျပ် ၄၅၄ ဒသမ ၉၈၁ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၁၅ ခန်း၊ Fee for Service စာချုပ်ဆေးခန်း ၁၅ ခန်း၊ ဌာနကြီးဆေးခန်း ၅ ခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ Myanstar Garment Co., Ltd.၊ Suitstar Garment Co., Ltd. နှင့် Sudey Industrial Myanmar Co., Ltd. အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားအခွင့်အရေးနှင့် ရပိုင်ခွင့်များ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် လူမှုဖူလုံရေးအဖွဲ့၏ ရွေ့လျားဆေးကုသယာဉ်များဖြင့် အထည်ချုပ်စက်ရုံသုံးရုံရှိ အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဖောက်စမ်းသပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။
ခေါင်းဆောင်နှစ်ဦးအကြား ယခုကဲ့သို့ ကမ္ဘာ့နည်းပညာလောကတွင် ရေပန်းစားနေသည့် Huawei ၏ နောက်ဆုံးထုတ်ဖုန်းကို လက်ဆောင်ပေးအပ်ခြင်းနှင့် မြန်မာသမ္မတ ကိုယ်တိုင် စမ်းသပ်ကြည့်ရှုခြင်းသည် ရိုးရှင်းသည့် သံတမန်ရေးရာ နှုတ်ဆက်မှုထက် ပိုမိုနက်ရှိုင်းပြီး၊ မကြာသေးမီက ဆွေးနွေးခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အဆင့်မြင့်နည်းပညာနှင့် AI ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများကို လက်တွေ့မြေပြင်တွင် ပိုမိုထင်ဟပ်ပေါ်လွင်စေသည့် စိတ်ဝင်စားဖွယ် သံတမန်ရေးရာ ပြကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း အကဲခတ်သူများက သုံးသပ်ထားကြသည်။

image

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့် IPU ကော်မတီနှစ်ရပ် ဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
AIPA ဆိုင်ရာ ပူးပေါင်းကော်မတီကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်တို့အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် IPU ဆိုင်ရာ ပူးပေါင်းကော်မတီကို ဥက္ကဋ္ဌအဖြစ် ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးအောင်သီဟတို့အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီနှစ်ရပ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သက်တမ်းသတ်မှတ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခဲ့ကြပြီး လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းကို အစည်းအဝေး စတုတ္ထနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image