ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။
ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲမှ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းက ဆွတ်ခူးထားပြီး ဘိလိယက် အမျိုးသား ၃ယောက်တွဲမှ ဆွတ်ခူးပေးထားသည်။

image

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။
အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို မြို့နယ် ၉ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၀၇၃ ရုံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင် ထောင်ဒဏ်တသက် ကျခံရဖွယ်ရှိ

ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ဟာ ဟောင်ကောင်ရဲ့ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေကိုချိုးဖောက်ကာ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
တရားရုံံကနေ ခေါ်ဆောင်သွားခံရစဉ် မိသားစုကို လက်ပြနှုတ်ဆက်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ်ရှိ ဂျင်မီလိုင်ဟာ ပြစ်မှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်ခံရနိုင်ပါတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်အချို့အတွက် သတင်းတွေကို လိမ်လည်ဖန်တီးခဲ့တယ်လို့ စီရင်ချက်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကာကွယ်ပြောဆိုပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ ရက်စက်တဲ့ စီရင်ချက်ဖြစ်ပြီး တရားစီရင်ရေး ပြက်လုံးတခုလို့ ဝေဖန်ပါတယ်။ ဗြိတိန် နိုင်ငံသားတယောက်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းကို ပြင်းထန်စွာ ဝေဖန်လေ့ရှိသူ ဂျင်မီလိုင်ဟာ ၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ လပေါင်းများစွာကြာ ဆန္ဒပြပွဲတွေကို တုံ့ပြန်နှိမ်နင်းခဲ့ပြီးနောက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ကာ ဒါဟာ ဟောင်ကောင် တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။ ဝေဖန်သူတွေကတော့ ဒါဟာ အတိုက်အခံသဘောထားကွဲလွဲမှုတွေကို ဖိနှိပ်ထောင်ချဖို့ဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။
စွဲချက်များစွာနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ Apple Daily သတင်းဌာနတည်ထောင်သူ ဂျင်မီလိုင်ဟာ သူ့ရဲ့အမှုတွေကို ကြားနာနေချိန် ထောင်ထဲမှာ ငါးနှစ်ကျခံနေခဲ့ရပါတယ်။ သူ့အပေါ် ပြစ်ဒဏ်ချမှတ်မယ့် ကြားနာမှုကိုတော့ ဇန်နဝါရီ ၁၂ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဆီးချိုရောဂါ၊ သွေးတိုးရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေရှိနေတဲ့ ဂျင်မီလိုင်ဟာ ပုန်ကန်မှု၊ လှုံ့ဆော်တဲ့အကြောင်းအရေးတွေ ရေးသားဖြန့်ဝေမှု၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုစတဲ့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူ့ကို ထောက်ခံသူတွေဟာ မနေ့ကညကတည်းက တရားရုံးပြင်ပမှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးတိုးမြှင့်စောင့်ကြည့်ခဲ့ရပါတယ်။ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပ‌ဒေပြဌာန်းပြီးနောက်ပိုင်း သတင်းသမား ၉၀၀ ကျော်ဟာ အလုပ်အကိုင်တွေကနေ စွန့်ခွာခဲ့ရပြီး သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူ ၂၈ ယောက် တရားစွဲဆိုခံထားရကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်။

image

သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၄ ရက်က သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာဘက်ကနေ အင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပြီး ဇရပ်ကွင်းကျေးရွာ အရောက်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“အဲဒီတိုက်ပွဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာလိုက်ရတဲ့အတွက် အစိုးရတပ်က ဇရပ်ကွင်းရွာကို ထိန်းချုပ်နိုင်သွားတယ်။ အခုတော့ ဇရပ်ကွင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ အုံးဇုံးရွာအထိ ရောက်လာပြီ။ လက်ရှိမှာ လိပ်ကျနဲ့ ကွင်း (၃၀) ရွာတွေကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ဖော်ပြချက်မှာလည်း သပိတ်ကျင်းက ဇရပ်ကွင်းကျေးရွာအထိ အစိုးရတပ်တွေ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါကြောင့် သပိတ်ကျင်းကနေတဆင့် စဉ့်ကူးမြို့ဘက်ကို တောက်လျှောက် ဆက်သွားရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လိပ်ကျ၊ ချောင်းကြီး၊ ကျည်တောက်ပေါက် စတဲ့ ကျေးရွာတွေကိုလည်း မကြာခင် ပြန်လည် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
“စဉ့်ကူးမြို့၊ လက်ပန်လှကျေးရွာကို သိမ်းပိုက်ပြီး ဆင်းလာမယ့်အဖွဲ့တွေနဲ့ ဇရပ်ကွင်းက တက်လာမယ့်အဖွဲ့တွေ နှစ်ဖက်ညှပ်ပိတ်ပြီး တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေရဲ့ စခန်းတွေ၊ သူတို့တွေရဲ့ အမာခံရွာတွေ အနှေးနဲ့အမြန် အကုန် ကုန်မှာပဲ။ မန္တလေးကနေ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ကျေးရွာအထိတော့ မကြာခင်အတောအတွင်း လက်နက်ကိုင်တပ်တွေ ကင်းစင်ပါတော့မယ်” လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်က အသိပေး ရေးသားထားပါတယ်။
ဒါအပြင် မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ တိုက်ပွဲအတွင်းမှာ ဇရပ်ကွင်းရွာအနီးက မန္တလေး - မတ္တရာ - သပိတ်ကျင်း - မိုးကုတ်သွား ကားလမ်းမပေါ်ရှိ ဇရပ်ကွင်းနဲ့ လိပ်ကျရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် သံကူကွန်ကရစ် တံတားတစင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရတပ် တာဝန်ရှိသူတွေရဲ့ မနေ့ ဒီဇင်ဘာ ၁၄ ရက် ‌သတင်းထုတ်ပြန်ချက်မှာ တံတား ဖျက်ဆီးမှုကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သပိတ်ကျင်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မနေ့ မနက် ၁၀ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က အဲဒီမြို့ရဲ့ တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီး ရောက်ရှိချိန် လက်နက်ကိုင်တပ်တွေက လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် တပ်တွေဟာ ဇရပ်ကွင်းကျေးရွာရဲ့ တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးချိန်မှာ အဲဒီ ကျေးရွာအနီးက တံတားအရှည် ပေ ၈၀ ၊ အကျယ် ၁၅ ပေရှိ သံကူ ကွန်ကရစ်တံတားကို မိုင်းထောင် ဖောက်ခွဲခဲ့တဲ့အတွက် တံတားအောက်ခြေတိုင်တွေ ပြိုကျပျက်စီးခဲ့ပြီး လူနဲ့ ယာဉ်တွေ ဖြတ်သန်းသွားလာလို့မရ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကတော့ သပိတ်ကျင်းမြို့ရဲ့ လတ်တလော စစ်ရေးအခြေအနေ၊ သံကူကွန်ကရစ်တံတား မိုင်းခွံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် လိပ်ကျ၊ ရေထွက်၊ ကမ်းပါးနီ၊ ကျောက်ဖြူ၊ အုံးဇုံး၊ ကွင်း (၃၀)၊ ကွင်း (၂၉) စတဲ့ ကျေးရွာတွေက ဒေသခံလူဦးရေ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်က ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို အခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ အစိုးရတပ်တွေက ပြန်လည် သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိမှာ အဲဒီမြို့ရဲ့ တောင်ဘက်ခြမ်းကို ဆက်လက် ရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေး - မတ္တရာ - ဖော့တော့ - မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေး ဖော်ဆောင်လျက်ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖော့တော့ကျေးရွာ လမ်းဆုံကို ဆက်လက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

image

ဒေလီ လေထုအရည်အသွေး ပိုမိုဆိုးရွားလာပြန်

အိန္ဒိယနိုင်ငံ မြို့တော်‌ဒေလီမှာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေး ညစ်ညမ်းမှုတွေ ပိုမိုဆိုးရွားလာပြီး ဒေလီနဲ့ အနီးတဝိုက်ရှိ ကျောင်းတွေဟာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ပင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
တနင်္လာနေ့နံနက်မှာ အဆိပ်သင့်မြူခိုးတွေဟာ မြို့တော်‌ဒေလီကို ဖုံးလွှမ်းခဲ့ပြီး မြင်ကွင်းကို ထိခိုက်စေကာ လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အမှုန်အမွှားတွေပါဝင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လေထုအညွှန်းကိန်း (AQI) - PM2.5 ဟာ ကန့်သတ်ချက်ထက် အဆ ၃၀ ကျော်ထိ မြင့်တက်နေပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ တနင်္လာနေ့အစောပိုင်းမှာ ဒေလီရှိ လေထုအညွှန်းကိန်းဟာ ပျမ်းမျှ AQI မှာ ၄၇၁ ရှိပါတယ်. AQI အဆင့် ၁၀၁-၂၀၀ ကို အလယ်အလတ်၊ ၂၀၁-၃၀၀ ကို ဆင်းရဲ၊ ၃၀၁-၄၀၀ ကို အလွန်ဆိုးရွား၊ ၄၀၀ အထက်ကိုတော့ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားတဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။
ဒီညစ်ညမ်းမှုအဆင့်ဟာ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်သင့်လေထုဟာ ဒေလီနဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဆောင်းရာသီကာလတွေအတွင်း မကြာခဏဖြစ်ပွားနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။
ဒီပြဿနာဟာ စက်မှုလုပ်ငန်းတွေ့နေ ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ၊ ယာဉ်တွေမှ ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ အပူချိန်ကျဆင်းမှု၊ လေတိုက်နှုန်းနိမ့်ကျမှုနဲ့ အိမ်နီးချင်းပြည်နယ်တွေမှာ ရာသီအလိုက် သီးနှံအကြွင်းအကျန်တွေကို မီးရှို့တာလိုမျိုး အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာတော့ အိန္ဒိ လေထုအရည်အသွေး စီမံခန့်ခွဲမှုကော်မရှင်ဟာ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သတ်မှတ်ထားသော တုံ့ပြန်မှုလုပ်ဆောင်မှုအစီအစဉ်ကို အဆင့်-၃ ကနေ အဆင့် ၄ အထို အမြင့်ဆုံးတိုးမြှင့်ခဲ့ပါတယ်။
တုံ့ပြန်မှုအစီအစဉ်အရ ဒီဇယ်ထရပ်ကားဟောင်းတွေို့ ဒေလီသို့ ဝင်ရောက်ခွင့်မပြုဘဲ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားကာ ကျောင်းတွေကို အွန်လိုင်းစနစ်ပြောင်းလဲခဲ့ပါတယ်။ ဒါအပြင် ရှေ့နေတွေ၊ တရားစွဲဆိုသူတွေကိုလည်း အွန်လိုင်းမှ ရုံးချိန်းတက်ဖို့ ညွှန်ကြားထားပါတယ်။
အာဏာပိုင်တွေက ဒေသခံတွေ၊ အထူးသဖြင့် ကလေးတွေနဲ့ နှလုံးရောဂါ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေကို အိမ်ထဲမှာနေဖို့ သတိပေးထားပြီး အပြင်ထွက်ရင် မျက်နှာဖုံးတပ်ဖို့ အကြံပြုထားပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဒေလီမြို့က အစိုးရပိုင်ဆေးရုံခြောက်ခုမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှစ်သိန်းကျော် မှတ်တမ်းတင်ထားခဲ့ပြီး မြို့တော်မှာ ညစ်ညမ်းမှုအဆင့်တွေ မြင့်တက်လာမှုနဲ့ ရုန်းကန်နေရတယ်လို့ အစိုးရက ဒီလအစောပိုင်းမျာ ထုတ်ဖော်ပြောဆိုထားပါတယ်။

image

ခြောက်လကြာ ကလပ်လက်မဲ့ဖြစ်ပြီးနောက် လီယွန်နယ်မက်ဆီရဲ့ တွဲကစားခွင့်ရလာတော့မယ့် စပါးစ်နှင့် ယူနိုက်တက်စတားဟောင်း
=====================

အင်တာမိုင်ယာမီဟာ စပါးစ်နှင့် ရီးရဲလ်မက်ဒရစ်ဘယ်နောက်ခံလူဟောင်းဆာဂျီယိုရီဂူလွန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၈ နှစ်ရှိ စပိန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် စပါးစ်မှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပြီး အင်တာမိုင်ယာမီနှင့် ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုလာပါတယ်။
ရီဂူလွန်ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ရီးရဲလ်မက်ဒရစ်မှ စပါးစ်သို့ ပြောင်းလာပြီးနောက် ပြီးခဲ့တဲ့ ၃ ရာသီအား ယူနိုက်တက်၊ အက်သလက်တီကိုနှင့် ဘရန့်ဖို့ဒ်တို့တွင် အငှားဖြင့် သွားရောက်ကစားနေခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ်ပွဲ ၈၆ ပွဲကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရီဂူလွန်က "အရမ်းကို ရည်မှန်းချက်ကြီးတဲ့ ပရော့ဂျက်တစ်ခုပါ။ အောင်မြင်နေတဲ့ကလပ်က လမ်းမှန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါကပဲ ကျွန်တော့်ကို ဆွဲဆောင်နေတာပါ။ ဆက်လက်နိုင်ပွဲတွေယူပြီး ယှဉ်ပြိုင်မယ်။ ကျွန်တော့် ရည်မှန်းချက်က အောင်နိုင်ရေး၊ လိုအပ်နေတဲ့ ဆုဖလားရယူရေး၊ ပြိုင်ပွဲတိုင်းမှာ အောင်နိုင်ရေး ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image

ဘင်ဝှိုက် တစ်လကျော်ကြာ အနားယူရမည်ကို အာဆင်နယ်စိုးရိမ်နေ
===================

အာဆင်နယ်နောက်ခံလူဘင်ဝှိုက်မှာ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး တစ်လကြာ အနားယူရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အာဆင်နယ်ဟာ ဝုဗ်အား အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ ဘင်ဝှိုက်ရဲ့ ကြွက်သားဒဏ်ရာအတိမ်အနက်အဖြေ ဆေးစစ်ဆေးမှုအား စောင့်ဆိုင်းနေဆဲ ဖြစ်ပေမယ့် လေးပတ်မှ ခြောက်ပတ်အထိ အနားယူရမည်ကို စိုးရိမ်နေရပါတယ်။
အသက် ၂၈ နှစ်ရှိ ညာနောက်ခံလူဟာ အမ်းမရိတ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ၃၁ မိနစ်မှာ မိုင်လက်စ်လီဝစ်စကယ်လီနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
ပွဲအပြီးတွင် မီခေးလ်အာတီတာက ဘင်ဝှိုက်ရဲ့ ဒဏ်ရာမှာ တံကောက်ကြောဒဏ်ရာ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
ဘက်ဝှိုက်ဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အတွက် ၁၁ ပွဲတည်းသာ ကစားထားနိုင်သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာ ပြန်လည် ကစားလာနိုင်လို့ စိတ်သက်သာရပေမယ့်လည်း အသင်းခေါင်းဆောင်ဂါဘရီရယ်မှာ အနားယူနေရဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ စနေနေ့တွင် အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရပါမယ်။ ပြီးလျှင် အာဆင်နယ်ဟာ နှစ်မကုန်မီ ဘရိုက်တန်၊ အက်စတွန်ဗီလာတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

image

လီယွန်နယ်မက်ဆီရဲ့ ကာလရှည်ကြာ စံချိန်ကို ပီဒရီ ရိုက်ချိုးလာ
==================

ဟန်ဆီဖလစ်ရဲ့ လက်စွဲတော် ပီဒရီဟာ အိုဆာဆူနာအား အနိုင်ရတဲ့ပွဲစဉ်မှာ လီယွန်နယ်မက်ဆီရဲ့ ကာလရှည်ကြာ စံချိန်တစ်ခုအား ရိုက်ချိုးလာပါတယ်။
အသက် ၂၃ နှစ်ရှိ ပီဒရီဟာ အိုဆာဆူနာအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာအတွက် လာလီဂါပွဲ ၁၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာတာလည်း ဖြစ်ပါတယ်။
ယခင်နည်းပြအဆက်ဆက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ပီဒရီဟာ နည်းပြဟန်ဆီဖလစ်လက်အောက်မှာလည်း အရေးပါတဲ့ ကွင်းလယ်ကစားသမားအဖြစ် ကစားနေရသူ ဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာ အသက် ၂၃ နှစ်၊ ၁၈ ရက်ဖြင့် ဘာစီလိုနာသမိုင်းတွင် လာလီဂါပွဲ ၁၅၀ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းတင်လာပါတယ်။
ပီဒရီဟာ ၂၀၂၀ ခုနှစ်တွင် လက်စ်ပါးမက်စ်မှ ရောက်လာပြီးနောက် ဘာစီလိုနာအကယ်ဒမီအတွက် ကာလတို ကစားပြီးနောက် ၂၀၂၀-၂၁ ရာသီမှ စတင်ကာ အဓိကကစားသမားအဖြစ် ကစားခွင့်ရလာသူ ဖြစ်ပြီး ယင်းရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၅၂ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယင်းရာသီတွင် စပိန်နှင့်အတူ ယူရို ၂၀၂၀ ကစားခဲ့ရသလို တိုကျိုအိုလံပစ်လည်း ကစားခဲ့ရလို့ တစ်ရာသီလုံး ပွဲအများဆုံးကစားခဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် Golden Boy နှင့် Kopa Trophy တို့ ဆွတ်ခူးခဲ့ကာ အင်နီယေစတာလက်သစ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူဟာ ယင်းရာသီတွင် ပွဲများစွာ ကစားခဲ့ရပြီးနောက် ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ရာသီတို့တွင် ဒဏ်ရာပြဿာနာများ ကြုံရကာ နည်းပြအဖွဲ့က ဂရုတစိုက်ကိုင်တွယ်ခဲ့ရပါတယ်။
ယခုအခါ သူဟာ အသက် ၂၃ နှစ်သာ ရှိသေးပေမယ့်လည်း ပွဲပေါင်းနှစ်ရာကျော်အထိ ကစားထားပြီး ဖြစ်ပါတယ်။

image

ယူနိုက်တက်ကစားသမားဟောင်းများရဲ့ တိုက်ခိုက်မှုများအပေါ် အမိုရမ် တုံ့ပြန်လာ
===================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ယူနိုက်တက်ကစားသမားဟောင်းများမှာ အသင်းရဲ့ အောင်မြင်မှုနည်းပါးမှုကြောင့် ဝေဖန်နေကြခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညတွင် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲကစားရမှာ ဖြစ်ပြီး ယခုပွဲ အနိုင်ရလျှင် ထိပ်ဆုံး ၆ သင်းစာရင်းသို့ ဝင်ရောက်လာနိုင်ပါမယ်။
ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီသိမ်းပွဲတုန်းကလည်း အနိုင်ရလျှင် ထိပ်ဆုံး ၆ သင်းစာရင်းမှာ ဖြစ်ပေမယ့် ပဲလေစ်ကို ၄-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အဲရစ်တန်ဟက်မှာ အက်ဖ်အေဖလား ဆွတ်ခူးပြီး ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်လက်လက်တွင် ယူနိုက်တက်အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအဆင့်အဖြစ်အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက The Good, The Bad & The Football အစီအစဉ်တွင် ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုးက အမိုရမ်မှာ ယူနိုက်တက်ကို ကိုင်တွယ်ရန် သင့်တော်သူ မဟုတ်ကြောင်းနှင့် သူ့စနစ်မှာ တောင်ပံကို အားကိုး အသုံးပြုတဲ့ ယူနိုက်တက်ရဲ့ အစဉ်အလာကစားကွက်နှင့် ကိုက်ညီခြင်း မရှိကြောင်း ဆိုသွားပါတယ်။
ကစားသမားဟောင်းများရဲ့ ဝေဖန်မှုများအား မေးမြန်းလာချိန်တွင် အမိုရမ်က "ဒါကို ပုံမှန်လို့ပဲ ထင်တယ်။ ကျွန်တော်က ယူနိုက်တက်မန်နေဂျာပါ။ ကျွန်တော်တို့ အောင်မြင်မှု မရပါဘူး။ ဒီတော့ ထောက်ပြစရာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဒီရာသီမှာပေါ့။ ဒါက ပုံမှန်ကိစ္စလို့ပဲ ထင်တယ်။ တခါတလေ သူတို့ သတင်းအချက်အလက် အလုံးစုံ မရကြဘူး။ သူတို့ ရှင်သန်ခဲ့တဲ့ ယူနိုက်တက် အမြဲတမ်းအနိုင်ရခဲ့တဲ့အသင်းပါ။ ဒီတော့ သူတို့အနေနဲ့ ကလပ်ကို ဒီပုံစံမျိုး မြင်ရတာ ခက်ခဲစေပါတယ်"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် အမိုရမ်က ကစားသမားဟောင်းများရဲ့ ဝေဖန်နေမှုများက အလုပ်လုပ်ဆောင်ရတာ ပိုမို ခက်ခဲလာစေခြင်း မရှိကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "မဖြစ်ပါဘူး။ အဓိကပြဿနာက အနိုင်မရတာပါ။ ကျွန်တော့်အတွက် ပြဿနာက အနိုင်မရတာပါ။ ကျွန်တော်လည်း ကောင်းကောင်း မလုပ်နိုင်ဘူး။ ဒါကပဲ အဓိကအချက်ပါ။ ပြီးတော့ ဒါကို ကျွန်တော် လက်ခံတယ်။ သူတို့အတွက် ပြဿနာကလည်း ယူနိုက်တက် အနိုင်မရတာ၊ ရှိရမယ့်နေရာမှာ မရှိတာပါ။ တကယ်လို့ အနိုင်ရနေရင် ဘာပြဿနာမှ ရှိနေမှာ မဟုတ်ဘူး"လို့ ဆိုသွားပါတယ်။

image

ယူနိုက်တက်နှင့် ဘုန်းမောက်ပွဲစဉ်တွင် ‘Free Kobbie Mainoo’ စာသားပါ တီရှပ်ကို ဝတ်ဆင်ခဲ့တဲ့ ကိုဘီမိုင်နူးရဲ့ အစ်ကိုဝမ်းကွဲ
====================

ကိုဘီမိုင်နူးရဲ့ အစ်ကိုဟာ တနင်္လာနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ယူနိုက်တက်နှင့် ဘုန်းမောက်တို့ ၄ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် တောင်းဆိုမှု ပြုလုပ်တဲ့ စာသားပါ တီရှပ်ကို ဝတ်ဆင်ခဲ့ပါတယ်။
Love Island စတားဟောင်းဂျော်ဒန်မိုင်နူးဟမ်းစ်ဟာ “Free Kobbie Mainoo” ဆိုတဲ့ စာသားပါ တီရှပ်အနက်ကို ဝတ်ဆင်ခဲ့တာပါ။
ဒါ့အပြင် ယူနိုက်တက်ပရိသတ်တစ်ခုတို့ဟာလည်း ဘုန်းမောက်ပွဲစဉ်မတိုင်မီတွင် ရူဘင်အမိုရမ်လက်အောက်မှာ ကိုဘီမိုင်နူး အကန့်အသတ်ဖြင့် ကစားရမှုအပေါ် ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြပါတယ်။
မနေ့ညက ပွဲစဉ်တွင် ရူဘင်အမိုရမ်ဟာ ကွင်းလယ်တွင် ကက်စ်မီရိုနှင့် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်အတွဲတို့ကိုသာ ဆက်လက် အသုံးပြုသွားခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ ပွဲချိန်မိနစ် ၆၀ တွင် ယူနိုက်တက်တို့ ၃-၂ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် ကိုဘီမိုင်နူးအား ကက်စ်မီရိုအစား ကိုဘီမိုင်နူးအား ထည့်သွင်းခဲ့ပါတယ်။
မိုင်နးဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃၀၂ မိနစ်တည်းသာ ကစားခွင့်ရပြီးနောက် ဇန်နဝါရီတွင် အသင်းပြောင်းရန် စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက ပရီးမီးယားလိဂ် ၁၉ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့သူပါ။
အသက် ၂၀ နှစ်ရှိ ယူနိုက်တက်အကယ်ဒမီထွက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမျှ ပွဲထွက်ခွင့်မရထားပါဘူး။
သူဟာ နွေရာသီတုန်းက နာပိုလီသို့ ပြောင်းလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ တားဆီးမှုကြောင့် ထွက်ခွာနိုင်ခဲ့ခြင်း မရှိပါဘူး။
တဖက်တွင် မိုင်နူးဘက်က ပုံမှန်ပွဲထွက်ကစားခွင့်ရလိုမှုကြောင့် အသင်းပြောင်းလိုနေပေမယ့်လည်း ယူနိုက်တက်ဘက်က နူဆာမာ့ဇ်ရာဝီ၊ ဘရိုင်အမ်ဘူမိုနှင့် အာမက်ဒီရယ်လိုတို့ အာဖရိကဖလားပြိုင်ပွဲ သွားကစားရမှာ ဖြစ်လို့ အသင်းပြောင်းရေးကို တားဆီးလာဖို့ရှိပါတယ်။
ယခုအခါ အစ်ကိုဝမ်းကွဲတော်စပ်သူက အက်ကွဲနေပြီဖြစ်တဲ့ ကိုဘီမိုင်နူးနှင့် ရူဘင်အမိုရမ်တို့အကြား ဆက်ဆံရေး ပိုမို အဆင်မပြေဖြစ်လာစေမယ့် အပြုအမူ ပြုလုပ်လာပြီလည်း ဖြစ်ပါတယ်။
မိုင်နူးဟမ်းစ်ဟာ “Free Kobbie Mainoo” ဆိုတဲ့ စာသားပါ တီရှပ်အား ဝတ်ဆင်ထားတဲ့ ဓာတ်ပုံအား ဖော်လိုဝါ ၆၈၁၀၀၀ ပိုင်ဆိုင်ထားတဲ့ အင်စတာဂရမ်အကောင့်တွင်ထွက်လာပါတယ်။
တဖက်တွင် ကိုဘီမိုင်နူးဟာ လာမယ့် အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲတွင် ကက်စ်မီရို ပွဲပယ်ခံထားရမှုနှင့်အတူ အခွင့်အရေး ပိုမို ရရှိလာဖို့ ရှိနေပါတယ်။
ကက်စ်မီရှိုဟာ မနေ့ညတုန်းက ဘုန်းမောက်နှင့် လေးဂိုးစီသရေကျတဲ့ပွဲတွင် ယခုရာသီ ၄ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပေမယ့်လည်း အဝါကတ်ပြသခြင်းခရပြီးနောက် ဗီလာနှင့်ပွဲအား ပွဲပယ်ခံထားရပါတယ်။
ဒါ့အပြင် အာမက်၊ အမ်ဘူမိုနှင့် မာ့ဇ်ရာဝီတို့မှာလည်း အာဖရိကဖလားပြိုင်ပွဲ သွားကစားရာ ကိုဘီမိုင်နူးအနေဖြင့် သူ့တန်ဖိုးကို ပြသခွင့် ရလာဖို့ ရှိနေပါတယ်။

image