အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။
ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။
ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
ယခုနောက်ပိုင်းတွင် အိုးပုတ်ပွဲတော်၏ လူသိများမှုနှင့် စိတ်ဝင်စားမှု မြင့်တက်လာသဖြင့် ပွဲတော်ကျင်းပရက်ကို နှစ်ရက်သို့ တိုးချဲ့ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများကို ဩဂုတ် ၁၃ ရက်အထိ ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။
ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၂၆၅ ကျပ်၊ ဒီဇယ် ၁၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၂၂၀ ကျပ် အသီးသီး မြင့်တက်လာခဲ့သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်မှုများ တွေ့ရှိပါက ကော်မတီ၏ Hotline ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image

ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် လက်နက်ကိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ အင်္ဂလန်ရဲ့နာမည်ကျော်ပရိသတ်
===================

အွန်လိုင်းတွင် နာမည်ကျော်ကြားနေတဲ့ အင်္ဂလန်ပရိသတ် အင်ဒီမီလ်နီဟာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တုန်းက ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
မီလ်နာဟာ နှစ်ပေါင်းများစွာ အင်္ဂလန်ရဲ့နိုင်ငံတကာပွဲကြီးများကို သွားရောက်ကြည့်ရှုလာခဲ့သူ ဖြစ်ပြီး ရုပ်သံများတွင် သူပုံရိပ်များကို ရိုက်ပြလေ့ရှိပါတယ်။
ယင်းပရိသတ်ဟာ အင်္ဂလန်အသင်းကို နှစ်ပေါင်းလေးဆယ်ကျော်အားပေးလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း အမေရိကန်သို့ သွားရောက်ကာ ကြည့်ရှုအားပေးခဲ့သလို ဗိုလ်လုပွဲအတွက် လက်မှတ်ပါ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရမှုနှင့်အတူ စပိန်နှင့် အာဂျင်တီးနားတို့ကစားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအား လွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
ယင်းအဖြစ်အပျက်အား The Pezzadox Show အစီအစဉ်တွင် မီလ်နီက "ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲရှစ်ကြိမ်သွားကြည့်ခဲ့ဖူးတယ်။ ဒီကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်တွေလည်း ရခဲ့တယ်။ ဒီတော့ လက်မှတ်တွေအများကြီး သိမ်းထားနိုင်တယ်လေ။ အခြားပွဲလက်မှတ်အချို့လည်း ရခဲ့သေးတယ်။ ၁၉၆၆ ဗိုလ်လုပွဲလည်း လက်မှတ်လည်း ရှိတယ်။ အဲဒီမှာ ဂျော့ဟတ်ရှ်လက်မှတ်ထိုးထားတယ်။ ဒီတစ်ကြိမ်မှာလည်း ကျုပ်ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်ကို သိမ်းထားချင်တယ်။ ဒါပေမဲ့ အားလုံးက အီလက်ထရောနစ်ပြောင်းသွားတော့ စာရွက်လက်မှတ်မသုံးတော့ဘူး။ ဒီတော့ အစီအစဉ်ချရတယ်။ မှတ်မှတ်ပြဿနာဖြေရှင်းရေးစင်တာကို သွားလိုက်တယ်။ ဖုန်းပျောက်သွားတယ်၊ ဘယ်လို လုပ်ရမလဲ ပြောလိုက်တယ်။ သူတို့က စာရွက်လက်မှတ်တစ်စောင်ပေးလိုက်တယ်။ အစီအစဉ်ချပြီး လုပ်လိုက်တာ။ ကျွန်တော် ဘောင်းဘီဝတ်ထားတယ်။ ချွေးတွေလည်း မနည်းမနော ထွက်နေတယ်။ ဒီတော့ လက်မှတ်ပျက်စီးသွားမှာ စိုးရိမ်နေရတယ်။ ဒီတော့ လက်မှတ်မပျက်စီးဖို့ အကောင်းအတိုင်း ရှိနေဖို့ စာအုပ်ကြားထဲ ညှပ်ယူသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကွင်းထဲသွားတော့ လုံခြုံရေးက အရမ်းတင်းကြပ်ထားတယ်။ ဒေါ်နယ်ထရမ့် ရှိနေတယ်လေ။ ရဲတွေ နေရာတိုင်းမှာပဲ။ လုံခြုံရေးဝန်ထမ်းတွေလည်း ပြည့်လျှံနေတာပဲ။ အဲဒီမှာ အိတ်ထဲမှာ ဘာပါလဲ အားလုံး ပြရတယ်။ အချက်ပေးအသံမြည်တဲ့ စစ်ဆေးရေးစက်ကို ဖြတ်ရတယ်။ ကျွန်တော်လည်း ဖြတ်ရော စာအုပ်ကို ပြရတယ်။ အဲဒီရဲက စာအုပ်ကို ကြည့်ပြီး "အဲဒါ ဘာလဲ'လို့ မေးတယ်။ ကျုပ်ကလည်း "စာအုပ်ပါ"လို့ ပြန်ပြောလိုက်တယ်။ သူက လုံခြုံရေးဝန်ထမ်းကို "စစ်ကြည့်စမ်း'လို့ ပြောတော့ လုံခြုံရေးဝန်ထမ်းက စာအုပ်ကို ယူစစ်တယ်။ စာအုပ်ကို လှန်ကြည့်တယ်။ သူက 'ရှာနေတယ်။ ဒါက စာအုပ်လေးတစ်အုပ်ပါ'လို့ ပြောတယ်။ သူ စာအုပ်ကို ယူကြည့်တော့ စာအုပ်ခေါင်းစဉ်က ‘A Beginner’s Guide To Breaking And Entering’ ဖြစ်နေတယ်။ ဒါက စိတ်ကူးယာဉ်ဝတ္ထုတစ်ပုဒ်ပါ။ ဟာသစာအုပ်ပါ။ ဒါပေမဲ့ ရဲက စာအုပ်ခေါင်းစဉ်ကြည့်ပြီး 'ဆာ ခင်ဗျားကို ဖမ်းလိက်ပြီ'လို့ ပြောလာရော။ ကျုပ်ကလည်း 'ဒါက စာအုပ်ပါ'လို့ ပြောပြီး စာအုပ်ယူဖို့ လုပ်တော့ သူက 'မကိုင်နဲ့။ အဲဒါနဲ့ ဝေးဝေးမှာနေ'လို့ ပြောလာတယ်။ နောက်တော့ သူက အခြားရဲတစ်ယောက်ကို ထပ်ခေါ်တယ်။ အခြားရဲက ကျုပ်ကို အော်ငေါက်တယ်။ ထိန်းသိမ်းတဲ့ နေရာတစ်ခုကို ခေါ်သွားကြတယ်။ သူတို့က စာအုပ်ကို ထိခွင့်မပေးဘူး။ ဘာကိုမှ ထိခွင့်မပေးတာ။ ထိန်းသိမ်းဧရိယာမှာ စာအုပ်နဲ့အတူ ၁၅ မိနစ်လောက် နေပြီးရော သူတို့ရဲ့အရာရှိ ရောက်လာပြီး 'ဘာဖြစ်ကြတာလဲ'လို့ မေးတယ်။ သူတို့က စာအုပ်ညှန်ပြတယ်။ သူက စာအုပ်ကောက်ကိုင်ပြီး လှန်ကြည့်လိုက်တယ်။ ပြီးတော့ ဟိုရဲနှစ်ယောက်ဘက်လှည့်ပြီး 'သောက်ရူးတွေ'လို့ အော်ဆဲတယ်။ ပြီးတော့ သူက ကျွန်တော့်ကို စာအုပ်ပြန်ပေးတယ်။ တောင်းပန်ပြီး ကွင်းထဲ ဝင်ခွင့်ပေးလိုက်တယ်။"လို့ ဖွင့်ဟသွားပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်က အာဂျင်တီးနားက အချိန်ပိုဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရရှိကာ ဒုတိယမြောက်ကမ္ဘာဖ့လားအား ဆွတ်ခူးသွားခဲ့ပါတယ်။
မီလ်နီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားကြည့်ရေး လမ်းစရိတ် ရရှိရန် သူ့ရဲ့ ဒုတိယအိမ်ကို ရောင်းချခဲ့သူလည်း ဖြစ်ပါတယ်။

image

စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှ ဘရူနိုဂွီမာရေးစ်နှင့်ပတ်သက်တဲ့အရာအားလုံးကို နယူးကာဆယ် ဖယ်ရှားလာ
====================

နယူးကာဆယ်အသင်းဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းအတွင်းရှိ အာဆင်နယ်သို့ ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတဲ့ အသင်းခေါင်းဆောင်ဘရူနိုဂွီမာရေးစ်နှင့်ပတ်သက်တဲ့အရာဟူသမျှကို ဖယ်ရှားလာပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာ ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံသို့ ပြောင်းမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ သတင်းထွက်ထားသလို နယူးကာဆယ်နှင့်လည်း ပြောင်းရွှေ့ကြေး ပေါင် ၇၇ သန်းဖြင့် သဘောတူညီမှုရထားပြီလို့ သိရပါတယ်။
ယခုအခါ နယူးကာဆယ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းအတွင်းရှိ ဂွီမာရေးစ်နှင့်ပတ်သက်တဲ့ ပိုစတာများ အပါအဝင် အရာဟူသမျှကို ဖယ်ရှားလာမှုနှင့်အတူ အပြောင်းအရွှေ့မှာ ပြီးပြတ်လာတော့မယ်လို့ ယုံကြည်ရပါတယ်။
နယူးကာဆယ်ဟာ ရာသီသစ်ဝတ်စုံသစ် ပိုစတာမှ ဘရူနိုဂွီမာရေးစ်နေရာတွင် အခြားစတားများနှင့် အစားထိုးလာသလို ကြော်ငြာဆိုင်းဘုတ်များမှ ဂွီမာရေးစ်ရဲ့ပုံများကိုလည်း ဖယ်ရှားလာပါတယ်။
ယခုအဖြစ်အပျက်မှာ တိုက်ဆိုင်မှု ဖြစ်နိုင်ပေမဲ့လည်း နယူးကာဆယ်ပရိသတ်များအနေဖြင့် အရေးပါတဲ့ ကွင်းလယ်ကစားသမားအား ဆုံးရှုံးရနိုင်ခြေများလာမှုအပေါ် စိုးရိမ်နေကြပြီ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ယခုနွေရာသီတွင် ဆန်ဒရိုတိုနာလီအား စပါးစ်သို့ ပေါင်သန်း ၁၀၀ ဖြင့် လည်းကောင်း၊ အန်တိုနီဂေါ်ဒွန်ကို ဘာစီလိုနာသို့ ပေါင် ၆၉သန်းဖြင့်လည်းကောင်း ရောင်းချထားရသလို နည်းပြအက်ဒီဟောင်းမှာလည်း ရာထူးမှ နုတ်ထွက်သွားပြီး ဖြစ်ပါတယ်။

image

လီဗာပူးအား အနိုင်ရတဲ့ ရာသီကြိုပွဲအပြီးတွင် ဆုဖလားချီးမြှင့်ခြင်း မခံရမှုအပေါ် လိဒ်နည်းပြဒါနီရယ်ဖာကီ ပေါက်ကွဲ
===================

လိဒ်နည်းပြဒါနီရယ်ဖာကီဟာ လီဗာပူးအား အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးတွင် ဆုဖလားချီးမြှင့်ခြင်းမခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပါတယ်။
ယော့ခ်ရှိုင်းယားအခြေစိုက်ကလပ်ဟာ ချီကာဂိုတွင် လီဗာပူးအား ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
လိဒ်ဟာ ရာသီကြိုခြေစမ်းပွဲ ပတ်လည်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအား အနိုင်ရခဲ့ကာ ဝရက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။
လိဒ်ဟာ ပြိုင်ပွဲအတွင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိဒ်ဟာ ဆုချီးမြှင့်ခြင်း မခံခဲ့ရပါဘူး။
ဖာကီက "ဒီပြိုင်ပွဲမှာ ကျုပ်တို့ အနိုင်ရတယ်။ ဒီ‌တော့ ဆုဖလားလိုချင်တယ်။ အနည်းငယ်စိတ်ပျက်မိတယ်။ ဟာသတွေအားလုံးကို ချန်ထားခဲ့ရင် ဒီခရီးစဉ်က ပိုကောင်းတဲ့ပုံစံ အဆုံးသတ်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်လေးတွေ အရမ်းကြိုးစားခဲ့ကြတယ်။ အခုအချိန်အထိ သုံးပတ်တောင်မှပါ။ နားရက်တစ်ရက်မှ မရှိခဲ့ဘူး။ အမေရိကန်မှာပဲ နှစ်ပတ်လောက်နီးနီး ရှိတယ်။ လီဗာပူးနဲ့ပွဲမှာ ကျွန်တော်တို့ ကန်ချက်ပိုလုပ်နိုင်ခဲ့တယ်၊ ဂိုးပေါက်တည့်ကန်ချက် ပိုလုပ်နိုင်ခဲ့တယ်။ ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောလည်း ပိုလုပ်ခဲ့တယ်။ ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
လိဒ်ဟာ လာမယ့် စနေနေ့တွင် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဂျာမန်ကလပ် ရက်ဘူးလ်လိုက်ဇစ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

အမေရိကန်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ ပိုချက်တီနို
====================

မူရီစီယိုပိုချက်တီနိုဟာ အမေရိကန်အသင်းအား ၂၀၃၀ ခုနှစ်အထိ ကိုင်တွယ်မယ့် စာချုပ်အား သက်တမ်းတိုးချုပ်ဆိုလာပါတယ်။
စပါးစ်နှင့် ချဲလ်ဆီးနည်းပြဟောင်းဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကတည်းက အမေရိကန်အသင်းကို ဦးဆောင်လာတာ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၁၆ သင်း ရှုံးထွက်အဆင့်သို့အထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။
ယခုအခါ အမေရိကန်ဘောလုံးအဖွဲ့ချုပ်အား အသင်းကို လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားအထိ ဦးဆောင်နိုင်မယ့် စာချုပ်အား ပိုချက်တီနိုကို ချုပ်ဆိုလာခဲ့ပြီ ဖြစ်ပါတယ်။
ပိုချက်တီနိုဦးဆောင်တဲ့ အမေရိကန်ဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ပါရာဂွေးနှင့် ဩစတြေးလျတို့အား အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် ၃၂ ရှုံးထွက်အဆင့်သို့ တက်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ ၃၂ သင်း ရှုံးထွက်အဆင့်တွင် ဘော့စနီးယားအား ၂-၀ ဖြင့် အနိုင်ရခဲ့ပေမဲ့လည်း ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘယ်ဂျီယံအား ၄-၁ ဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။

image

ချဲလ်ဆီးနောက်ခံလူချာလိုဘာအား ပေါင် ၃၁ သန်းဖြင့် ခေါ်ယူရန် ဖာဘရီဂက်စ်ရဲ့ကိုမို သဘောတူညီမှု ရရှိ
=====================

ကိုမိုဟာ ချဲလ်ဆီးနောက်ခံလူထရီဗိုချာလိုဘာအား ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းကျော်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ ဖာဘရီဂက်စ်ကိုင်တွယ်နေတဲ့ ကိုမိုနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုလာမှာ ဖြစ်ပြီး ကလပ်ရဲ့ ခေါင်းဆောင်ပိုင်းတာဝန်ကိုလည်း ရယူလာပါမယ်။
ဖာဘရီဂက်စ်ကိုင်တွယ်နေတဲ့ ကိုမိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေတွင် အဆင့် ၄ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားပါတယ်။
ချဲလ်ဆီးဟာ ချာလိုဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅.၇ သန်း ရရှိလာမှာ ဖြစ်ပြီး ကျန် ပေါင် ၅.၁သန်းကို စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံ ရရှိပါမယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးသို့ ကလေးဘဝကတည်းက ရောက်လာခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၂၀ နီးပါး ကစားပြီးနောက် စွန့်ခွာလာတော့မှာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပဲလေ့စ်မှ ပြင်သစ်နောက်ခံလူလာခရွိုက်စ်အား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူထားမှုနှင့်အတူ ဗဟိုနောက်ခံလူ ၉ ဦးအထိ ရှိနေရာ အသင်းလူအင်အားကို မဖြစ်မနေ လျှော့ချရန် လိုအပ်နေပါတယ်။
ချဲလ်ဆီးဟာ ဒီဆာဆီ၊ ဘာဒီယာရှယ်လီ၊ ဆားနှင့် အေချီယမ်ပွန်တို့ကိုလည်း အငှားချထားရန် ကြိုးပမ်းနေပါတယ်။

image

ရီးရဲလ်မက်ဒရစ်မှ ဂါစီယာနှင့် ပလာစီယို့စ်တို့ကို ဖူလ်ဟမ် ခေါ်ယူအားဖြည့်လာ
====================

ဖူလ်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်မှ ဂွန်ဇာလိုဂါစီယာနှင့် ဆီဇာပလာစီယို့စ်တို့ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၂ နှစ်ရှိ ဂါစီယာဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပိန်ထိပ်သီးကလပ်အတွက် ၃၉ ပွဲကစားခွင့် ရခဲ့ကာ ၈ ဂိုးသွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
တိုက်စစ်သမားဟာ ဇွန်လတုန်းက စပိန်အသင်းအတွက် ပထမဆုံးပွဲ ကစားခွင့် ရခဲ့သူ ဖြစ်ပြီး ဖူလ်ဟမ်တွင် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအယ်ဗာရိုအာဘီလိုအာနှင့် ပြန်လည် လက်တွဲသွားရပါမယ်။
ဖူလ်ဟမ်ဟာ ဘာနေဗျူးတွင် အာဘီလိုအာနှင့် လက်တွဲခဲ့တဲ့ လူငယ်ကစားသမား ၂ ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဝန်းကျင်ပေးခဲ့ရကြောင်း သိရပါတယ်။
ဂွန်ဇာလိုဂွါစီယာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပူးတွဲ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ ဂွန်ဇာလိုဂါစီယာနှင့်အတူ အသက် ၂၁ နှစ်ရှိ အလယ်တန်းတိုက်စစ်သမားကိုလည်း ၂၀၃၁ ခုနှစ်အထိ စာချုပ်ဖြင့် ခေါ်ယူလာပါတယ်။ ဖူလ်ဟမ်ဟာ ပါလာစီယို့စ်ရဲ့ စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ပလာစီယို့စ်ဟာ စပိန်ယူ-၂၀ အသင်းတွင် ကစားခွင့် ရနေသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်စီနီယာအသင်းအတွက် ၅ ပွဲကစားခွင့်ရထားသူ ဖြစ်ပါတယ်။

image

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟင်ဒါဆင်ကို ချဲလ်ဆီး ခေါ်ယူလာ
====================

ချဲလ်ဆီးဟာ အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမားဂျော်ဒန်ဟင်ဒါဆင်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၃၆ နှစ်ရှိ ဟင်ဒါဆင်ဟာ ဘရန့်ဖို့ဒ်နှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
ဟင်ဒါဆင်ဟာ လီဗာပူးတွင် အသင်းခေါင်းဆောင်အဖြစ် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၁ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် လီဗာပူးမှ ထွက်ခွာကာ ဆော်ဒီကလပ် Al-Ettifaq သို့ ပြောင်းရွှေ့ပြီး ခြောက်လအကြာတွင် စာချုပ်ဖျက်သိမ်းကာ အေဂျက်စ်သို့ ပြောင်းခဲ့ပါတယ်။
ယင်းနောက် သူဟာ ပြီးခဲ့တဲ့ နွေရာသီမှာတော့ ဘရန့်ဖို့ဒ်သို့ ပြောင်းခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ ၃၂ ပွဲပါဝင်ကစားခဲ့ပါတယ်။
ဟင်ဒါဆင်က "ကလပ်ရဲ့ ဂုဏ်အရှိန်အဝါ၊ ကျုပ်အရမ်းလေးစားရတဲ့ နည်းပြ(အလွန်ဆို)၊ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးရှိတာတွေကြောင့် ဒါက ကျွန်တော်ဘယ်လိုမှ ငြင်းပယ်လို့ မရတဲ့ ကမ်းလှမ်းမှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက် ကွင်းပြင်မှာရော ကွင်းပြင်ပမှာ နေ့ရက်တိုင်း အစွမ်းကုန်ပေးဆပ်ပြီး ကစားဖော်တွေကို ကူညီပါမယ်။ ဒီကို ပြောင်းလာခွင့်ရလို့ အရမ်း စိတ်လှုပ်ရှားပါတယ်"လို့ ပြောကြားသွားပါတယ်။
ဟင်ဒါဆင်ဟာ ဆန်းဒါးလန်းအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တုန်းက ချဲလ်ဆီးအား ၅-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် လူစားဝင်ရောက် ကစားကာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အတွက် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးပွဲကစားခွင့်ရခဲ့ပြီး ၉၁ ပွဲကစားထားသလို နိုင်ငံတကာပြိုင်ပွဲကြီး ၇ ကြိမ်ကစားထားပါတယ်။

image

ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာတဲ့ မူဒရစ်အား လမ်းပတ်ရဲ့ ကိုဗင်ထရီအပြင် ပရီးမီးယားလိဂ်ကလပ် ၃ ခုက ခေါ်ယူရန် ကြိုးပမ်းနေ
===================

မိုင်ခေလိုမူဒရစ်အား ခေါ်ယူရန် ချဲလ်ဆီးအား ကလပ်အမြောက်အမြားတို့က ဆက်သွယ်နေကြပါတယ်။
အသက် ၂၅ နှစ်ရှိ ယူကရိန်းတောင်ပံကစားသမားဟာ တားမြစ်ဆေးအသုံးပြုမှုအတွက် ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပေမဲ့လည်း ၁ နှင့် ၈ လတိုင်တိုင် ပွဲပယ်ပြစ်ဒဏ်ကျခံရပြီးနောက် ပြစ်ဒဏ်မှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
မူဒရစ်ဟာ ဟောင်ကောင်သို့ သွားရောက်ကာ ချဲလ်ဆီးနှင့် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းနေပြီလည်း ဖြစ်ပါတယ်။
အလွန်ဆိုဟာ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာတဲ့ မူဒရစ်အား ကြိုဆိုထားပြီး အသင်းတွင် ဆက်ထိန်းထား/မထားကို ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
မူဒရစ်ကို ခေါ်ယူလိုနေတဲ့ ကလပ်များတွင် ချဲလ်ဆီးနည်းပြဟောင်းဖရန့်လမ်းပတ်ကိုင်တွယ်နေတဲ့ ကိုဗင်ထရီက ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
ယူကရိန်းတောင်ပံကစားသမားဟာ ချဲလ်ဆီးတွင် ဖရန့်လမ်းပတ်လက်အောက်မှာ ၈ ပွဲကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
မူဒရစ်ကို အခြားပရီးမီးယားလိဂ်ကလပ် ၂ ခုအပြင် အခြားဥရောပတလွှားကလပ် ၃ ခုကလည်း စိတ်ဝင်စားနေပါသေးတယ်။
မူဒရစ်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ချဲလ်ဆီးနှင့် လေ့ကျင့်ခန်းမဆင်းနိုင်စဉ် ကာလအတွင်းတွင် နည်းပြနှင့် ဂိုးသမားငှားရမ်းကာ လေ့ကျင့်ခန်းဆင်းလာသူလည်း ဖြစ်ပါတယ်။
တဖက်တွင် ချဲလ်ဆီးနှင့် အလွန်ဆိုတို့က မူဒရစ်အား ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ကစားဖော်များနှင့် အသားကျအောင် လုပ်ဆောင်ပြီးနောက် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

image