အွန်လိုင်းလိမ်လည်ခံရသူ ၈၀၀ ခန့် အမှုဖွင့်တိုင်ကြားထား

မြန်မာနိုင်ငံတွင်း အွန်လိုင်းလိမ်လည်ခံရသူ ၈၀၀ ခန့်က အမှုဖွင့်တိုင်ကြားထားကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အွန်လိုင်းလိမ်လည်မှု၏ သားကောင်မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ဖုန်းထဲသို့ ရောက်လာသည့်မိမိမသိ သည့် Link များနှင့် Message များကိုမကြည့်ရန်၊လိမ်လည်ခံရသည့်အခါ တာဝန်ရှိသူများကိုသတင်းပို့တိုင်ကြားပေးရန် ၎င်းကဆိုသည်။
အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေပြည်သူတစ်ဦးက “လိမ်တာကတော့ မျိုးစုံကြား ဖူးနေတာပါပဲ။ တချို့ကဖုန်းမဲပေါက်လို့ ဖုန်းဆက်လိမ်တာမျိုး၊ နောက်ပြီး ကိုယ့်နာမည်နဲ့ ငွေချေးထားပါ တယ်ဆိုပြီး စာတွေပို့ဆဲဆိုပြီး ငွေညစ်တာလိုမျိုး ခဏခဏကြားဖူးမြင်ဖူးနေရတာပေါ့။ အခုတယ်လီဂရမ် တွေ အသုံးများလာတော့ အဲဒီကနေ ကိုယ့်အသိတွေနာမည်နဲ့ link ပို့လာပြီး ပုံထဲကလူကမင်းလား ဆိုတာမျိုးပို့လာတာရှိတယ်။ ကိုယ်ကမသိဘဲ link ဝင်မိရင် ကိုယ့်ဒေတာတွေပါတာမျိုး၊ Kpay ဆိုလည်း code တွေမတောင်းဘဲကျလာပြီး မိနစ်ပိုင်းတွင်းမှာပဲ ပိုက်ဆံတွေအကုန်ထုတ်ခံရတာမျိုးအသိထဲမှာ လည်းကြုံဖူးတာရှိတယ်။ ဒီလိုလိမ်လည်တာတွေကိုထိထိရောက်ရောက် တကယ်အရေးယူနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု ပြောသည်။
မြန်မာနိုင်ငံမှအွန်လိုင်းလိမ်လည်မှု (Online Scam)အား လူအများစုအပေါ်ကျူးလွန်သည့် ကြီးလေး သည့် ရာဇဝတ်မှုများဟုသတ်မှတ်ပြီး အစိုးရကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crackdowns Method ပြင်းပြင်းထန်ထန်နှိမ်နင်းမည့်မူဝါဒဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်ဖွဲ့စည်းခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစား လုပ်ငန်းများအပါအဝင် ဒုစရိုက်မှုများကိုလုပ်ကိုင်နေကြသူများ အနက် ၉၉ ဒသမ ၆ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှယခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံမှနိုင်ငံခြားသား ၇၀၁၉၆ ဦးကိုလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

image

ထုတ်ပယ်ခံထားရသည့်ရှေ့နေများ တရားရုံး ပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို တားမြစ်ရန် ဥပဒေပြင်ဆင်နေ

ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံထားရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံး တွင် ရှေ့နေ တစ်ဦးသဖွယ် လိုက်ပါ ဆောင်ရွက် နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံး ပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကိုပြင်ဆင်နေကြောင်း ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြောသည်။
နေပြည်တော်ရှိ ဥပဒေရေး ရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာ ၁၅ရက် နံနက်ပိုင်းက ကျင်းပသည့် ရှေ့နေများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ် လျဉ်းသည့် အပြီးသတ်ညှိနှိုင်း အစည်းအဝေး၌ ၎င်းကထိုသို့ပြောခြင်းဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းတွင် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက်လက် လိုက်ပါ ဆောင်ရွက်နေခြင်းကို တား ဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သော ပြစ်ဒဏ်များချမှတ် နိုင်ရန်အတွက် ပြင်ဆင်ချက်များလည်းပါဝင်ကြောင်း သိရသည်။
ဥပဒေများအား ပြင်ဆင် ပြဋ္ဌာန်းရာ၌ ဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြီး ဖြစ်ပါက မြန်မာဘာသာဖြင့်သာ ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ပြီး သဘောထားကွဲလွဲနိုင်သည့် အချက် များ ပေါ်ပေါက်လာမှသာ မူရင်းဥပဒေ ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဥပဒေအား အသုံးပြုရမည်ဖြစ်ကြောင်းအထက်ပါအစည်းအဝေးတွင် ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာ သီတာဦးကပြောသည်။
ယခုပြင်ဆင်နေသည့် ရှေ့နေ များအက်ဥပဒေကို ဘာသာပြန် ကော်မရှင်က တရားဝင်ဘာသာပြန် ဆိုပြီးဖြစ်၍ မြန်မာဘာသာပြန်ဆို ချက်ကိုပင် ပြင်ဆင်ရန်ဆွေးနွေးပြီး ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပါ ပြင်ဆင်သည့် အချက်များသည် လက်တွေ့တွင် အမှန်တကယ်လိုအပ်သော အချက်များဖြစ်၍ ဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

ထိုင်းဆောက်လုပ်ရေးမှ မြန်မာလုပ်သား ၁၇ ဦး လုပ်အားခ ဘတ်တစ်သိန်းကျော်ပြန်ရ

ထိုင်းနိုင်ငံ ချွန်ဘူလီမြို့ရှိ ဆောက်လုပ်ရေးဆိုက် တစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ် သမား၃၁ ဦးသည် လုပ်အားခမရသည့်အတွက် အကူအညီ တောင်းခံခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက် တွင် အလုပ်သမားများနှင့်အတူ မြို့နယ် ဆဝါဒီကန် အလုပ်သမားရုံး တွင် သွားရောက်တိုင်ကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ရက်တွင် ကနဦး ၁၇ ဦး စာအတွက် ရရှိ ခဲ့ကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းအလုပ် ရှင်က မြန်မာအလုပ်သမား ၁၇ ဦး အတွက် ဘတ် ၁ သိန်းကျော် (၁၀၂ ၁၁၅ ဘတ်) ကို ကနဦးထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အလုပ်သမား ၁၄ ဦး အတွက် လာမည့်နှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ပေးဆောင်မည်ဟု မြို့နယ် ဆဝါဒီကန်ရုံးတွင် ကတိပေးခဲ့ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများ လုပ်အားခ ပြန်ရရန်အတွက် WAG မဟာမိတ်အဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

image

ဒေလီတွင် လေထုညစ်ညမ်းမှု ပိုဆိုးလာပြီး စာသင်ကျောင်းများ အွန်လိုင်းစနစ်ပြောင်း

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေသည် ဖြစ်ရာ မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ ကျောင်းများမှာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း ပိတ်ပင်ထားရန် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်တွင် အမိန့်ထုတ်ထားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် အဆိပ်သင့်မြူခိုးများသည် မြို့တော်ဒေလီကို ဖုံးလွှမ်းခဲ့ရာ မြင်နိုင်စွမ်းကျဆင်းခဲ့ရပြီး လေယာဉ်ခရီးစဉ်နှင့် ရထားခရီးစဉ်များ နှောင့်နှေးခဲ့ရသည်။ အဆုတ်ကို ထိခိုက်စေနိုင်သည့် အမှုန်အမွှားများ ဒေလီ လေထုလွှာအတွင်း စုစည်းမှုနှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထား သော ကန့်သတ်ချက်ထက် အဆ ၃၀ ကျော် မြင့်တက်နေသည်။
အစိုးရ၏ ထုတ်ပြန်ချက်အရ ယင်းနေ့နံနက်ပိုင်းတွင် ဒေလီ၏ လေထု အညွှန်းကိန်း ပျမ်းမျှ ၄၇၁ ရှိသည် ။ အဆိုပါ ညစ်ညမ်းမှုအဆင့်သည် အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
လေထုညစ်ညမ်းမှုသည် ဒေလီနှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ဆောင်း ရာသီကာလများအတွင်း မကြာခဏဖြစ်ပွားနေသည့် ပြဿနာတစ်ခုဖြစ်သည်။ စက်မှုလုပ်ငန်းများမှ ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ယာဉ်များမှ ထုတ်လွှတ်သည့် မီးခိုး ငွေ့များ ၊ အပူချိန်ကျဆင်းမှု၊ လေတိုက်နှုန်းနိမ့်ကျမှုနှင့် အိမ်နီးချင်းပြည်နယ်များ တွင် ရာသီအလိုက် သီးနှံအကြွင်းအကျန်များကို မီးရှို့မှု စသည့် အကြောင်းရင်း များကြောင့် ဖြစ်သည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒေလီမြို့ရှိ အစိုးရပိုင်ဆေးရုံခြောက်ခုတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှစ်သိန်းကျော် မှတ်တမ်းတင်ထားခဲ့ပြီး မြို့တော်တွင် လေထုညစ်ညမ်းမှုအဆင့် မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကြောင်း အစိုးရက ယခုလအစောပိုင်းတွင် ပြောကြားထားသည်။

image

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုမိတ်ဆက်အပ်နှံပွဲ မော်လမြိုင်မြို့တွင် ပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်များအပေါ်တွင် အမြင်ကြည်သည့် ပါတီအဖွဲ့အစည်းမျိုးအား မဲပေးရွေးချယ်ရန်လိုအပ်ကြောင်း ပါတီဥက္ကဌ ဦးခင်ရီပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် မွန်ပြည်နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံပွဲကို ယနေ့(ဒီဇင်ဘာ ၁၆ ရက်)တွင် မော်လမြိုင်မြို့ Sun Shine Villa Hotel ၌ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် (၁၀)နေရာ၊ အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်နယ်လွှတ်တော် (၂၀) နေရာ နှင့် တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ် (၃) နေရာ စုစုပေါင်း မဲဆန္ဒနယ် (၄၅) နေရာလုံး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံပွဲတွင် ပါတီဥက္ကဌ ဦးခင်ရီက အကြမ်းဖက်မှုများ အများအပြားရှိနေဆဲဖြစ်သည့် လတ်တလောအခြေအနေမျိုးတွင် မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်တင်မြှောက်ပေးလိုက်သည့် အစိုးရသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းနှင့် လက်ချင်းချိတ်ပြီး ကျောချင်းကပ် ရင်ချင်းအပ်ကာ ပြည်သူလူထုနှင့် နယ်မြေလုံခြုံရေးကို ကာကွယ်နိုင်စွမ်းရှိသော၊ ကာကွယ်ပေးချင်စိတ်ဓါတ်ရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအပေါ်တွင် အမြင်ကြည်သည့် အဖွဲ့အစည်းမျိုးဖြစ်ရန်လိုအပ်ကြောင်း ပြောကြားသည်။
"ဒီနိုင်ငံမှာ အကြမ်းဖက် ဆူပူလှုပ်ရှားမှုတွေတော်တော်များပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ မှိုလိုပေါက်နေတဲ့နိုင်ငံမှာလူတစ်ယောက်တည်းနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရနေတယ်။ အဲ့ဒီလိုနိုင်ငံမျိုးမှာနေရာတိုင်းမှာ အန္တရာယ်ရှိနေပါတယ်။ ဒီလိုအန္တရာယ်တွေကို ကာကွယ်ပေးနေတာက ဘယ်အဖွဲ့အစည်းလဲလို့ မေးရင် တပ်မတော်၊ ရဲတပ်ဖွဲ့ စသည်ဖြင့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက ကာကွယ်ပေးနေတာပါ။ အကြမ်းဖက်မှုတွေအများအပြားရှိနေဆဲတဲ့ လတ်တလောအခြေအနေမျိုးမှာ မဲဆန္ဒရှင်တွေ ရွေးချယ်တင်မြှောင့်ပေးလိုက်တဲ့ အစိုးရသည် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ လက်ချင်းချိတ်ပြီးတော့ ကျောချင်းကပ် ရင်ချင်းအပ်ပြီးတော့ ပြည်သူလူထုနဲ့ နယ်မြေလုံခြုံရေးကို ကာကွယ်နိုင်စွမ်းရှိတဲ့၊ စိတ်ဓါတ်တွေရှိတဲ့ ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေပေါ်မှာ အမြင်ကြည်တဲ့အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ပါတီဥက္ကဌဦးခင်ရီက ပြောကြားသည်။
ထို့ပြင် အနာဂတ်ကို ဖန်တီးနိုင်မည့် တွေးခေါ်မျှော်မြင်တတ်သည့် ပညာတတ်သောသူမျိုးကိုရွေးချယ်တတ်ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ အကျိုး၊ သားသမီးမြေးများ၏ အနာဂတ်အကျိုးကို ဖန်တီးပေးနိုင်ရန် စာပေပညာမတတ်၊ အသိပညာမရှိသူများကို မဲပေးရန်မလိုကြောင်း မဲဆန္ဒရှင်များ မဲပေးရမည့် ကိုယ်စားလှယ်လောင်းများတွင် တွေးတတ်ခေါ်တတ်သည့် ပညာအရည်အချင်းရှိ သူများကိုသာ မဲပေးရွေးချယ်သင့်ကြောင်းကို တိုက်တွန်းလိုပါကြောင်း ပါတီဥက္ကဌဦးခင်ရီက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ နှင့် အတူ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ နှစ်ပါတီ ဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း (၂၅၆) ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

image

၁၅ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သော သားအဖကို ISIS အတွေးအခေါ်က စေ့ဆော်ခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် ပြောကြား

သြစတြေးလျ၏အပြင်းထန်ဆုံးလူအစု လိုက်အပြုံလိုက်သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသည့် ဖြစ်စဉ်တွင် ဖခင်ဆာဂျစ်အက်ခရမ်နှင့်သားဖြစ်သူနီးဗက်အက်ခရမ်တို့က ဘွန်ဒီကမ်းခြေရှိ လူအုပ်ကို ပစ်ခတ်ခဲ့ခြင်းမှာယင်း သားအဖကို “အစ္စလာမ်မစ် အတွေးအခေါ်”က စေ့ဆော်ခဲ့သောကြောင့်ဖြစ်သည်ဟု ဝန် ကြီးချုပ်အန်သိုနီအယ်ဘာနိစ်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် ဒီဇင်ဘာ ၁၄ ရက်က သေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုများကြောင့် လူ ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။
သြစတြေးလျနိုင်ငံပိုင် ABC ရုပ်သံ၏ ထုတ်လွှင့်မှုအရ သေနတ်သမားနှစ်ဦးသည် သားအဖတော်စပ်ပြီး ဖခင်ဖြစ်သူသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကာ သားဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နယူးဆောက်ဝေးလ် ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုသည် သြစတြေးလျ၏ဂျူးများအကြား အထိတ်တလန့်ဖြစ်မှုကို မျိုးစေ့ချပေးရန် ပုံစံချထားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်ဆိုသော်လည်း သေနတ်သမားတို့၏ပိုမိုနက်ရှိုင်းသော စေ့ဆော်မှုများအကြောင်းကို နည်းနည်းသာ အသေးစိတ်ကျကျသိထားရသေးသည်ဟု ဆိုသည်။

image

ရှမ်းပြည်နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သည့် ကျပ် ၁၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သည့် ကျပ် ၁၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက်ညနေ ၄ နာရီတွင် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ နေအိမ်မှ စိုးလွင်နှင့် မခင်ဆွေမြင့်တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့် အတူ မိုးမင်းစံနှင့် မျိုးသူရတို့ ၂ ဦးကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအားလည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို(ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလျံ)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလျံ) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ (ခ)သားငယ်(ဖမ်းဆီးရန်ကျန်)နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး (ဖမ်းဆီးရန်ကျန်) တို့၏ အစီအမံဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင် (ဖမ်းဆီးရန်ကျန်)သည် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

image

ဥရောပခေါင်းဆောင်များက ယူကရိန်းငြိမ်းချမ်းရေးအတွက် နိုင်ငံစုံပါဝင်သောတပ်ဖွဲ့ကို အဆိုပြုလိုက်ပြီး ယင်းငြိမ်းချမ်းရေးကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးပေးရန် တိုက်တွန်း

အလားအလာရှိသော ယူကရိန်းငြိမ်း ချမ်းရေးသဘောတူညီချက်အသက်ဝင်လာ စေရန် အမေရိကန်၏ပံ့ပိုးမှုနှင့်အတူ ဥရောပ ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့ကို ဥရောပ ခေါင်းဆောင်များက ဒီဇင်ဘာ ၁၅ ရက်တွင် အဆိုပြုလိုက်သည်ဟု ပူးတွဲထုတ်ပြန်ချက် အရ သိရသည်။
“ နိုုင်ငံစုံတပ်ဖွဲ့ဟာ အမေရိကန်ပြည် ထောင်စုနဲ့ ဥရောပအင်အားကြီးနိုင်ငံတွေကနေ ယူကရိန်းအတွက် ခိုင်မာတဲ လုံခြုံရေး အာမခံချက် အစိတ်အပိုင်းဖြစ်ရပါလိမ့်မယ်။ အဲဒါဟာ စစ်ပွဲပြီးဆုံးစေဖို့ သဘောတူညီချက် ကို ရုရှားက မချိုးဖောက်ပါဘူးဆိုတဲ့ အာမခံ ချက်ကိုပေးဖို့လည်း ရည်ရွယ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့၏ခေါင်းဆောင်များက လက်မှတ်ရေးထိုးထားသော ထုတ်ပြန်ချက်ကို ဘာလင်၌ ယူကရိန်းသမ္မတ နှင့် ယင်းခေါင်းဆောင်များ တွေ့ဆုံချိန်တွင် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအဆိုပြုချက်တွင် ပါဝင် မည့်အချက်များကို ဥရောပခေါင်းဆောင်တစ် ဒါဇင်နှင့် အမေရိကန်တာဝန်ရှိသူများ ဆွေးနွေးရာတွင် ရရှိခဲ့သော အခြားသဘောတူညီချက်များကိုလည်း ဖော်ပြထားသည်။
ယူကရိန်းစစ်တပ်သည် များပြားသော အကူအညီများကို ဆက်လက် လက်ခံရရှိသင့် ပြီး စစ်သည်အင်အား ၈၀၀,၀၀၀ ဖြင့် ငြိမ်းချမ်းရေးကာလကို ထိန်းထားသင့်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။
ငြိမ်းချမ်းရေးကို အမေရိကန်ဦးဆောင် သော အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့နှင့် အတည်ပြုစစ်ဆေးရေးယန္တရားတို့က ထိန်းသိမ်းထားရလိမ့်မည်ဖြစ်ကာ ငြိမ်းချမ်း ရေးချိုးဖောက်မှုများကိုလည်းကောင်း၊ နောင်တွင် တိုက်ခိုက်လာနိုင်သမျှတို့ကို စောစော သတိပေးခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ပေးရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

image

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မြစ်ကြီးနားတပ်နယ်သို့ သွား​ရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံ

မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့်နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင်မဲပေးရန် တစ်ဦးချင်းတာဝန်ရှိဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌ​ပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယ​နေ့(ဒီဇင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ မြစ်ကြီးနားတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံခဲ့​ကြောင်း သိရသည်။
ထိုသို့​တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယ အပိုင်းကို (၂)ပတ်အကြားတွင်လည်း မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင် ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်း​ပြောကြားသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူခဲ့ရကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို အသုံးပြုမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်းဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ​ကော်မရှင်ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက​ပြောကြားသည်။
ထို့ပြင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့များ၊စေတနာ့ ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာ ကြံ့ခိုင်ပြီး အဖွဲ့အစည်းကိုဦးစီး ဦးရွက် ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ​ကော်မရှင်ဒုတိယဥက္ကဌက ထည့်သွင်း​​ပြောကြားသည်။
​အလားတူ ကော်မရှင်ဒုတိယဥက္ကဌက မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ​ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူခဲ့​ကြောင်း သိရသည်။

image

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချခဲ့ပြီး မြဝတီမြို့အတွင်း တရားမဝင်တရုတ်နိုင်ငံသား သုံးဦး ထပ်မံဖမ်းဆီးရမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်အဆောက်အအုံ ၁၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၅၆ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင်လည်း အဆောက်အအုံ ၄၃ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများ အနက်မှ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ အဆောက်အအုံ တစ်လုံးအတွင်း၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား သုံးဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြီးဆုံးပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image