မြိတ်မြို့နယ်မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)အဖြစ် ဦးခိုင်ဦးအစား ဦးဝင်းကြူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတည်ပြု
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ မြိတ်မြို့နယ် မဲဆန္ဒနယ်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခိုင်ဦး အစား ဦးဝင်းကြူအား အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး၏ ရွေးကောက်တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။
ထိုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံအဖွဲ့ဖြင့်လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံအဖွဲ့ဖြင့်လည်းကောင်း ကြားနာစစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းကို စက်တင်ဘာ ၇ ရက်နေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) ဆုံးဖြတ်ချက်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ မြိတ်မြို့နယ်မဲဆန္ဒနယ်အတွက် ဦးခိုင်ဦးအား လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးဝင်းကြူ ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၅(က) အရ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ထိုကြောင့် ပြည်သူ့ပါတီမှ ဦးခိုင်ဦး [၆/မအရ(နိုင်) ၀၉၈၁၇၄ ] သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ မြိတ်မြို့နယ်မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူ ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။