အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE ကနေတန်ယာဟုကို သတိပေးခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။
Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE သမ္မတ မိုဟာမက် ဇာယက် အယ်လ် နာယန်သည် တို-က်ခိုက်မှု မဖြစ်ပွားမီ တစ်ပတ်ခွဲအလိုတွင် နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ပြီး ဟားမတ်စ်အဖွဲ့သည် အဓိက စစ်ဆင်ရေးကြီးတစ်ခုကို စီစဉ်နေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
လက်ဝဲယိမ်းသတင်းစာဖြစ်သော Haaretz ၏ ဖော်ပြချက်သည် "လုံးဝ မဟုတ်မမှန်သော မုသား" ဖြစ်ပြီး အဆိုပါအချိန်၌ အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်နှင့် စကားပြောဆိုခဲ့ခြင်း မရှိကြောင်း နေတန်ယာဟု၏ ရုံးအဖွဲ့က ငြင်းဆိုခဲ့သည်။
လာမည့် အောက်တိုဘာလ၂၇ ရက် ရွေးကောက်ပွဲများတွင် နေတန်ယာဟု၏ အဓိက ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာသူ တပ်မှူးဟောင်း ဂါဒီ အိုင်ဆန်ကော့တက်က နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်အား လုံခြုံရေးပျ-က်ကွက်မှုများအတွက် တာဝန်ရှောင်လွှဲနေပြီး တို-က်ခိုက်မှု ဖြစ်ပွားသည့် မနက်ပိုင်းတွင် စောစီးစွာ နှိုးခြင်း မခံခဲ့ရဟု ပြောဆိုခြင်းကဲ့သို့သော သနားစရာကောင်းသည့် ဆင်ခြေများကို အသုံးပြုနေသည်ဟု စွပ်စွဲလိုက်သည်။
"နေတန်ယာဟုဟာ အောက်တိုဘာ ၇ ရက်အတွက် သတိပေးချက် ပေါင်းများစွာကို လက်ခံရရှိခဲ့ပေမဲ့ အားလုံးကို လျစ်လျူရှုခဲ့တာပါ။ သူဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပါဘူး" ဟု အိုင်ဆန်ကော့ က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း နာဖတာလီ ဘန်းနက် က အစ္စရေး သမိုင်းတွင် အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၇ ရက် သေဆုံးမှုများအတွက် နေတန်ယာဟုတွင် “တို-က်ရို-က် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
“နေတန်ယာဟုဟာ နောက်ထပ် တစ်မိနစ်တောင် သူ့ရဲ့ ရာထူးမှာ ဆက်လက် ထမ်းဆောင်လို့ မရတော့ပါဘူး” ဟု ဘန်းနက် က ပြောခဲ့သည်။
နောက်ပိုင်းတွင် အစ္စရေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်းနဝါ က ပါလက်စတိုင်း အရာရှိဟောင်းတစ်ဦးကို လက်နက်ကိုင်များသည် ငလျင်တစ်ခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ စစ်ဆင်ရေးတစ်ခုကို ပြင်ဆင်နေကြောင်း သတိပေးခဲ့သည်ဟု Haaretz က ဖော်ပြခဲ့သည်။
အဆိုပါ ပါလက်စတိုင်း အရာရှိဟောင်းသည် ထိုသတင်းစကားကို အာရပ်စော်ဘွားများပြည်ထောင်စု၏ အကြံပေးထံ လက်ဆင့်ကမ်းခဲ့ပြီး ထိုမှတစ်ဆင့် UAE ခေါင်းဆောင်ထံ ရောက်ရှိကာ နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။

image

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု ယူဆရသဖြင့် မီးဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားရသည်။
ဘန်ကောက်မြို့တော်ဝန် ချက်ချာတ် စစ်တီဖန့် က ဗုဒ္ဓဟူးနေ့နံနက်တွင် အဆိုပါ သံသယကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယိုစိမ့်မှုသည် ရာမ ၃ လမ်း တံတားအောက်ရှိ ချူအာဖလင်းလမ်း ပလက်ဖောင်း မြောင်းများအတွင်းသို့ စိမ့်ဝင်မှုဖြစ်ပွားဖွယ်ရှိကြောင်း အသေးစိတ် ပြောကြားခဲ့သည်။
“အချင်း ၁၄ လက်မခန့်ရှိတဲ့ မြေအောက် ရေနံပိုက်လိုင်းမှာ ယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။ ဒီပိုက်လိုင်းဟာ စက်သုံးဆီ အမျိုးအစားများစွာကို သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပြီး သက်တမ်း ၃၀ နှစ်ခန့် ရှိပြီဖြစ်ပါတယ်” ဟု ဘန်ကောက်မြို့တော်ဝန်က ပြောကြားခဲ့သည်။
အဆိုပါ ဧရိယာသည် ထိုင်းနိုင်ငံပိုင် ရထားလုပ်ငန်း ပိုင်ဆိုင်သော နေရာဖြစ်ပြီး ပိုက်လိုင်းသည် မြေအောက် ၂ မီတာခန့် အနက်တွင် ရှိကြောင်း၊ ဘန်ကောက်ဆိပ်ကမ်း၊ ကျောက်ဖရားမြစ်အနီးရှိ ဆီသိုလှောင်ကန်များနှင့် ဘန်ကောက်မြို့တွင်း ရထားလမ်းကွန်ရက်တို့ကို ချိတ်ဆက်ထားသော ရထားလမ်းကို ရည်ညွှန်း၍ မစ္စတာ ချက်ချာတ် က ရှင်းလင်းပြောကြားခဲ့သည်။
ပိုက်လိုင်းအတွင်း ဖိအားကို လျှော့ချထားပြီးဖြစ်သဖြင့် အဆိုပါ ဧရိယာ၌ ဆီအနံ့ထွက်မှု သိသိသာသာ လျော့ကျသွားကြောင်း ဘန်ကောက်မြို့တော်ဝန်က ဆိုသည်။ ညစ်ညမ်းမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်သေပြနိုင်ရန် ယိုစိမ့်သည်ဟု သံသယရှိသော အပိုင်းများကို တူးဖော်ရန် လုပ်သားများကို စေလွှတ်ထားသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများသည် ယာဉ်ကြောပိတ်ဆို့စေမည်ဖြစ်သည်။
မစ္စတာ ချက်ချာတ် နှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန၏ အဆိုအရ ယိုစိမ့်မှုသည် စတုရန်းမီတာ ၁,၀၀၀ ခန့်ရှိသော ဧရိယာကို ထိခိုက်စေခဲ့သည်။ ဆီများ ရေထုအတွင်းသို့ ဆက်လက် စီးဝင်ခြင်းမရှိစေရန် ဒေသတွင်း ရေမြောင်းများကို ပိတ်ဆို့ထားသည်။
စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အဆိုပါ ဧရိယာရှိ ရေမြောင်းများမှ ရေနံပါဝင်နေသော စွန့်ပစ်ရေ လီတာ ၂၀,၀၀၀ ခန့်ကို စုပ်ထုတ်ထားပြီးဖြစ်သည်။ စုပ်ယူရရှိသော စွန့်ပစ်ရေ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ရေနံပါဝင်နေပြီး စက်သုံးဆီ လီတာ ၄,၀၀၀ ခန့် ရှိမည်ဟု ဘန်ကောက်မြို့တော်ဝန်က ခန့်မှန်းခဲ့သည်။
တာဝန်ရှိသူများသည် ညစ်ညမ်းမှု အခြေအနေကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ဆီပါဝင်မှု ပမာဏကို လျှော့ချနိုင်ရေး စတင် ဆောင်ရွက်နေပြီဖြစ်သည်။ ဘေးကင်းရေးအတွက် အဆိုပါ ဧရိယာတွင် ဆေးလိပ်မသောက်ရန် သို့မဟုတ် မီးမရှို့ရန် ဒေသခံများကို သတိပေးထားဆဲ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတွင် ရပ်ကွက် ၂ ခု ရှိသော်လည်း ရွှေ့ပြောင်းပေးရန် လိုအပ်သည်ဟု မယူဆရသေးပေ။

image

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့် ပူတင်တို့က ကင်မ်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး ပြုံယမ်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသည်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခြင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတို့တွင် ကင်မ်ဂျုံအန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက သတင်းစကားတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာဖွံ့ဖြိုးစေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ တသမတ်တည်းရှိပြီး မပြောင်းလဲသော မူဝါဒဖြစ်ကြောင်းလည်း ရှီက ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သီးခြားပေးပို့သည့် ဂုဏ်ပြုသတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကင်မ်ဂျုံအန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် ပိုမိုတရားမျှတသော ဘက်ပေါင်းစုံကမ္ဘာ့အစီအစဉ် ပေါ်ပေါက်လာရေးအတွက် အထောက်အကူဖြစ်စေမည်ဟုလည်း ပူတင်က ဆိုသည်။
ရှီနှင့် ပူတင်တို့၏ ဂုဏ်ပြုသတင်းစကားများကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ သတင်းစာ Rodong Sinmun မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၇၈ နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဆွီဒင်၊ ဘီလာရုစ်၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ဇင်ဘာဘွေ အပါအဝင် နိုင်ငံအများအပြားမှ ခေါင်းဆောင်များကလည်း ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ကြောင်း KCNA က ဖော်ပြသည်။

image

တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ

တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတယ်လို့ သတင်းထွက်နေပါတယ်။
နိုင်ငံတကာက တယ်လီဂရမ်သုံးသူ သန်း ၁၂၀ ကျော်ရဲ့ အချက်အလက်တွေပါတဲ့ ဒေတာအကြီးကြီးတစ်ခုကို သူရထားတယ်ဆိုပြီး ဟက်ကာတစ်ယောက်က ကြေညာထားတာပါ။
အဲဒီထုတ်ပြန်ထားတဲ့ ဒေတာတွေထဲမှာ ဖုန်းနံပါတ်တွေနဲ့ နိုင်ငံကုတ်တွေ၊ နာမည်နဲ့ မျိုးရိုးနာမည်တွေ၊ တယ်လီဂရမ် Username တွေနဲ့ နာမည်ပြောင်တွေ၊ User ID တွေ၊ အီးမေးလ်လိပ်စာတွေ၊ နိုင်ငံအချက်အလက်တွေ နဲ့ ဒေတာရင်းမြစ် အချက်အလက်တွေ ပါတယ်လို့ ဆိုပါတယ်။
သူပြောပုံအရဆို အဲဒီအထဲမှာ အီရန်နိုင်ငံက အချက်အလက် ၄၆.၇ သန်းလောက်နဲ့ ရုရှားနိုင်ငံက ၁၄.၆ သန်းလောက်က အများဆုံးပါဝင်နေပြီး တခြားနိုင်ငံတွေက ဒေတာတွေလည်း နည်းနည်းစီ ပါသေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် တယ်လီဂရမ်ဆာဗာတွေ တကယ် ဟက်ခံရတာလားဆိုတာကို အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကတော့ အခုထိ မရှိသေးပါဘူး။ ဟက်ကာဖိုရမ်တွေမှာ ရောင်းနေကြတဲ့ ဒီတယ်လီဂရမ်ဒေတာတွေဟာ ရှေ့က ပေါက်ကြားခဲ့တာတွေ၊ ဖုန်းနံပါတ်‌တွေကတစ်ဆင့် ယူထားတာတွေ၊ အချက်အလက်တွေ လိုက်စုထုတ်ထားတာတွေ၊ လူသိရှင်ကြား အချက်အလက်တွေကို ပေါင်းစပ်စုဆောင်းထားတာတွေ (OSINT) ဒါမှမဟုတ် နေရာစုံက ဒေတာတွေကို ပေါင်းပြီး စုစည်းထားတာတွေ ဖြစ်နိုင်ပါတယ်။
အခုပြောနေတဲ့ သန်း ၁၂၀ ကျော်ဆိုတဲ့ ပမာဏနဲ့ ဘယ်ကနေ ဘယ်လို ပေါက်လာလဲဆိုတာကိုလဲ သီးသန့် အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို တယ်လီဂရမ် ဟက်ခံရတယ်လို့ အသေအချာ မပြောနိုင်သေးဘဲ တယ်လီဂရမ်အချက်အလက်တွေ ပေါက်ကြားတယ်လို့ပဲ သံသယရှိတဲ့အဆင့်အနေနဲ့ သတ်မှတ်ထားသင့်တယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။

image

အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘော(၂)စီး ရန်ကုန်မြို့၌ ရောက်ရှိနေ

အိန္ဒိယနိုင်ငံရေတပ်မှ သင်္ဘောများဖြစ်သော Karmuk နှင့် LCU 51 တို့သည် စက်တင်ဘာ ၇ ရက်မှ ယနေ့ စက် တင်ဘာ ၉ ရက်အထိ ရန်ကုန်မြို့၌ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။
အဆိုပါ သင်္ဘော(၂)စီးသည် မြန်မာ့တပ်မတော်နှင့်အ တူ ကပ္ပလီပင်လယ်ပြင်အတွင်း ရေကြောင်းလုံခြုံရေး မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် တ ရားမဝင်ဆောင်ရွက်မှုများကို နှိမ်နင်းရန်တို့၌ အမြင်နှင့် အတွေ့အကြုံများမျှဝေရန်အတွက်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

image

တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာနှင့် ရုပ်ရှင်ဒါရို-က်တာ ဦးအောင်စိုး အသက် ၇၈ နှစ်တွင် ကွယ်လွန်

နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့ နေ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရို-က်တာ ဦးအောင်စိုး (ဦးအောင်စိုးဦး) သည် စက်တင်ဘာ ၈ ရက် ည ၇ နာရီ ၂၃ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကျန်ရစ်သူမိသားစုဝင်များ၏ အသိပေးချက်အရ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်ကာ ဦးအောင်စိုး၏ ရုပ်ကလာပ်ကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုလ်မည်ဖြစ်ကြောင်း ဆိုသည်။
ဆရာဦးအောင်စိုး၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်နိုင်ရန် စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် အမှတ် ၃၃/၄၉၊ Shine Condo၊ မဟာဗန္ဓုလပန်းခြံလမ်းမှ ကားများ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
" လေးစားချစ်ခင်ရတဲ့ဆရာဦးအောင်စိုးဦးမြန်မာ့ရုပ်ရှင် ဂန္တဝင် ဇာတ်ကားကြီးဖြစ်တဲ့သင်္ကြန်မိုးရုပ်ရှင် ဇာတ်ကားကြီးရဲ့ဇာတ်ညွှန်းရေးဖွဲ့သူ၊ စာရေးဆရာ ရှေ့နေ ရုပ်ရှင်ဒါရို-က်တာကြီးဆရာဦးအောင်စိုးဦး သူချစ်တဲ့သူတွေနဲ့ အဝေးကို ထာဝရခွဲခွါသွားခဲ့ပါပြီကျနော်တတ်တဲ့အတတ် ပညာနဲ့ ဆရာကိုနှုတ်ဆက်ဂါရဝပြုလိုက်ပါတယ်ကောင်းမွန်ရာဘုံဘဝကနေဆရာပြုံးပြုံးကြီး ကြည့်နေနိုင်ပါစေ။"ဟု ဓာတ်ပုံပညာရှင် ဦးခင်မောင်ဝင်း(ရွှေအင်း သား )က ဆုမွန်ကောင်း တောင်းထားသည်။
ဆရာဦးအောင်စိုးသည် မြန်မာရုပ်ရှင်သမိုင်းတွင် လူကြိုက်များကျော်ကြားခဲ့သည် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်း‌ရေးသားသူအဖြစ်ပါဝင်ခဲ့သလို နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားကိုလည်း ဒါရို-က်တာအဖြစ် ဦးဆောင်ရိုက်ကူးပေးခဲ့သူဖြစ်ကြောင်း သိရသည်။
ဆရာဦးအောင်စိုးဦးသည် မြန်မာမီဒီယာရှေ့နေများကွန်ရက်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

image

ဓာတ်ရောင်ခြည်ကာကွယ်ရေး အရာရှိသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနက ဖွင့်လှစ်မည့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ (Radiation Protection Officer - RPO) သင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသားများ လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၅ ဦး လက်ခံမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်အတွက် သိပ္ပံဘွဲ့တစ်ခုခုရရှိထားပြီး အစိုးရ သို့မဟုတ် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဓာတ်ရောင်ခြည်နည်းပညာကို အသုံးပြု၍ တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖြစ်ပြီး သင်တန်းကာလတစ်လျှောက် အချိန်ပြည့် တက်ရောက်နိုင်သူများ ဖြစ်ရမည်။
သင်တန်းကြေးအနေဖြင့် အစိုးရဝန်ထမ်းများအတွက် အခမဲ့ ဖြစ်ပြီး ပုဂ္ဂလိကဝန်ထမ်းများအတွက် ကျပ် ၃ သိန်း သတ်မှတ်ထားသည်။
လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများကို အဏုမြူစွမ်းအင်ဦးစီးဌာန၏ www.daemyanmar.com တွင် ကြည့်ရှုနိုင်ပြီး လျှောက်လွှာကို Download ရယူကာ rpdaenatmauk@gmail.com သို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် သင်တန်းသားစာရင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ဒုတိယပတ် တွင် အဆိုပါဝက်ဘ်ဆိုက်၌ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အဏုမြူစွမ်းအင်ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ ၀၆၇-၃၄၀၄၀၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အဏုမြူစွမ်းအင်ဦးစီးဌာနသည် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးရန် RPO သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

image

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၄ သိန်း ကူညီမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ယမန်နေ့ က ဩစတြေးလျသံရုံး(မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
ဩစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင်ဖြစ်ပွားခဲ့သော ဆိုးရွားသည့်ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများနှင့်ထပ်တူ ဝမ်းနည်းမိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
မိမိတို့၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ထိခိုက်မှုအပြင်းထန်ဆုံးဒေသအများအပြားအပါအဝင် မြေပြင်တွင် အကူအညီများပေးအပ်လျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါ ပံ့ပိုးမှုများမှ ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ဆီ ပိုမိုလက်လှမ်းမီနိုင်ကြစေရန်၊ အရေးပေါ်အမိုးအကာနှင့် အိမ်ထောင်စုအသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်၊ အစားအစာနှင့် တစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာအကူအညီများပေးအပ်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

image

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ ကစားသမား(၂၃)ဦးအမည်စာရင်းကို နည်းပြချုပ်ထုတ်ပြန်

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ ကစားသမား(၂၃)ဦးအမည်စာရင်းကို အမျိုးသမီးအသင်းနည်းပြချုပ် ကောလင်းဘဲလ်က ထုတ်ပြန်ခဲ့သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတွင် အုပ်စု(၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူကျရောက်လျက်ရှိကာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ Osaka မြို့ရှိ Nagai Stadium ၌ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် စက်တင်ဘာ ၁၀ ရက်တွင်ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၁၂)သင်းကို အုပ်စု(၃)စုခွဲ၍ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ အဆင့်(၁)နှင့် (၂)ရရှိသည့် အသင်းများအပြင် တတိယနေရာရအသင်းများအနက် အကောင်းဆုံး(၂)သင်း(စုစုပေါင်း ၈ သင်း)မှာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

image

ဂျပန်မှာစံချိန်တင် မိုးရွာ၊ အာရှအားကစားပြိုင်ပွဲဝင်များကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ

ကြာသပတေးနေ့တွင် အားကစားပွဲများကို စတင်လက်ခံကျင်းပနေသည့် နာဂိုယာမြို့တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံရှိ အာရှအားကစားပြိုင်ပွဲဝင် ကစားသမားရာပေါင်းများစွာကို ၎င်းတို့တည်းခိုရာနေရာများမှ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မိုးရေများသည် ပြိုင်ပွဲကျင်းပရာနေရာအချို့သို့လည်း စိမ့်ဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး လာမည့်ရက်များတွင် မိုးရွာသွန်းမှုများ ပိုများလာနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်္ဂါနေ့က နာဂိုယာတွင် တစ်နာရီအတွင် မိုးရေချိန် လေးလက်မခန့်အထိ ရွာသွန်းခဲ့သောကြောင့် မြို့၏ အစိတ်အပိုင်းများတွင် ဘေးလွတ်ရာရွှေ့ပြောင်းရန် မြူနီစီပယ်အရာရှိများ က အမိန့်ထုတ်ခဲ့ရသည်။
လူသားများ၏ ပ‌ယောဂကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် ဂျပန်နိုင်ငံနှင့် ကမ္ဘာ့အခြားနေရာများတွင်ပါ ရာသီဥတုဖြစ်ရပ်များ၏ ကြိမ်နှုန်းနှင့် ပြင်းထန်မှုကို တိုးမြင့်စေသည်ဟု သိပ္ပံပညာရှင်များက ပြောဆိုကြသည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားရွာ ကို မထားရှိဘဲ စီစဉ်သူများက အပျော်စီးသင်္ဘော၊ ယာယီသစ်သားအခန်းများနှင့် ဟိုတယ်များကို စီစဉ်ပေးထားသည်။
မြို့၏ ဂါးဒင်းဆိပ်ခံဧရိယာရှိ သစ်သားအခန်းများတွင် နေထိုင်သော အားကစားသမား ရာပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားခဲ့ကြောင်း နာဂိုယာဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်ပွဲအခမ်းအနားဖြင့် တရားဝင်စတင်မည်ဖြစ်သော်လည်း အချို့အားကစားပွဲများကို စတင်ကျင်းပနေပြီဖြစ်သည်။

image