လာဇီယိုနှင့်နာပိုလီပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ အချင်းများရာမှ ကစားသမား ၃ ဦး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရ
=======================
လာဇီယိုနှင့် နာပိုလီတို့ရဲ့ စီးရီးအေပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး နာပိုလီနည်းပြအန်တိုနီယိုကွန်တီ ကြားဝင်ထိန်းပေးခဲ့ရကာ ဒိုင်လူကြီးဒါဗီဒီမက်စ်ဆာကလည်း အနီကတ် ၂ ကတ်ပြထုတ်ပယ်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် ဒါဗီဒီမက်စ်ဆာဟာ ၈၁ မိနစ်တွင် လာဇီယိုရဲ့ တီဂျာနီနိုလင်းအား နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ယင်းနောက် တနင်္ဂနွေနေည စီးရီးအေပွဲရဲ့ ပွဲနှောင်းပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ အဒမ်မာရူဆစ်နှင့် ပါစကွီလာမာဇိုချီတို့လည်း အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
၎င်းတို့နှစ်ဦး အပြန်အလှန်တွန်းပြီး အင်္ကျီဆွဲကာ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် နာပိုလီနည်းပြကွန်တီ အလျှင်အမြန် ဝင်ရောက်လာပြီး လူစုခွဲရန် ကြိုးပမ်းခဲ့ရပါတယ်။
ယင်းနောက်မှာတော့ ဒိုင်လူကြီးဟာ အချင်းများခဲ့ကြတဲ့ ကစားသမား ၂ ဦးတို့အား အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
မနေ့ညကပွဲတွင် ကွန်တီရဲ့ နာပိုလီဟာ လီယိုနာဒိုစပီနာဇိုလာနှင့် အေမာရာမာနီတို့ရဲ့ ဂိုးဖြင့် လာဇီယိုအား ၂-၀ ဖြင့် သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဆာရီကိုင်တွယ်နေတဲ့ လာဇီယိုဟာ ဘောလုံးပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
လက်ရှိချန်ပီယံ နာပိုလီဟာ စီးရီးအေပွဲစဉ် ၁၇ အပြီးတွင် ထိပ်ဆုံးမှ အေစီမီလန်နှင့် ၁ မှတ်တည်းသာ ကွာဟကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။