ချောင်းသာ-ပုသိမ်လမ်းတွင် တောင်ကျရေ ၄ ပေ ကျော်လွန်နေ၍ ယာဉ်များ သတိပြုဖြတ်သန်းရန် အသိပေး

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ ကံကြီးကျေးရွာအုပ်စုရှိ ခြောက်ကောင်ကျေးရွာအနီး ပုသိမ်-ချောင်းသာ ကားလမ်းမကြီး မိုင်တိုင်အမှတ် (၂၅) မိုင် (၄) ဖာလုံမှ (၂၆) မိုင်အထိတွင် ဇူလိုင် ၁၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ ၄ ပေကျော်ခန့် လမ်းပေါ်သို့ ကျော်လွန်စီးဆင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းကို ဖြတ်သန်းအသုံးပြုမည့် ကားနှင့် ဆိုင်ကယ်များအနေဖြင့် အထူးသတိပြု မောင်းနှင်ကြရန်နှင့် ရေ စီးသန်သောနေရာများကို မဖြတ်သန်းမီ အခြေအနေကို စစ်ဆေးကာ လိုအပ်ပါက ယာယီရှောင်ကွင်းရန် သက်ဆိုင်ရာက အ သိပေးနှိုးဆော်ထားသည်။
ဒေသခံများနှင့် ခရီးသွားပြည်သူများအ နေဖြင့် မိုးလေဝသအခြေအနေများကို အနီးကပ်စောင့်ကြည့်ပြီး ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

image

လောင်းကစား SMS ပေးပို့သည့် သံသယဖုန်းနံပါတ် ၃၉၀,၉၇၈ ခု ပိတ်သိမ်းအရေးယူ

တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများအား တားဆီးနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် မေးမြန်းလာသည့် လောင်းကစားဂိမ်းများက ဖုန်းနံပါတ်အမျိုးမျိုးအသုံးပြု၍ SMS ပေးပို့နေမှုများကို မည်သို့တားဆီးဆောင်ရွက်နေသည်နှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြန်လည်ဖြေကြားရာတွင် ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသောစာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများ၏ SMS Firewall စနစ်တွင် Automatic Blocking Direction နည်းလမ်းဖြင့် အလိုအလျောက်ပိတ်သိမ်းကာ တားဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ လောင်းကစားနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းထားကြောင်း သိရသည်။
ထို့အပြင် လောင်းကစား SMS များ ပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image

မင်းလှ-မင်းဘူးရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မင်းလှ-မင်းဘူးရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမှာကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၃ ရက်တွင် မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာရှိ မင်းလှ-မင်းဘူး ရ ထားလမ်းပိုင်းအားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
ဒေသခံများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များကိုပြန် လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မင်းဘူးမြို့၊ ကမ်းနားလမ်းပြန်လည်ထိန်းသိမ်းဖောက်လုပ်မည့်နေရာ၌ ကမ်း နားလမ်းတစ်လျှောက်လိုအပ်သည့် မြစ်ကမ်းပါးထိန်းနံရံများနှင့် တံတားများပြန်လည်ပြုပြင်တည်ဆောက်ထိန်းသိမ်းရန်၊ ကမ်းနားလမ်းကိုစနစ်တကျပြန်လည် ဖောက်လုပ်ရန်နှင့် ကမ်းနားလူနေရပ်ကွက်များစနစ်တ ကျဖြစ်စေရေး Town Plan ဖြင့်စနစ်တကျသုံးသပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

image

မင်းဘူးမြို့၌ကျင်းပသည့် နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲ ပျိုးပင်ပေါင်း(၃,၀၀၀)စိုက်ပျိုး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တမာပျိုးပင်ကိုဦးဆောင်စိုက်ပျိုးပေး

မကွေးတိုင်း၊ မင်းဘူးမြို့၊ မြန်မာ့မီးရထားဘူတာနှင့် မီးရထားကွန်ကရစ်စက်ရုံဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူ လိုင် ၁၃ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ(၁၃)ခရိုင်သည် ပူပြင်းခြောက်သွေ့ပြီး သစ်တောသစ်ပင်ကျဲပါးကာ မကွေးတိုင်း၏ သစ်တောဖုံးလွှမ်းမှုသည်(၁၁ ဒဿမ ၅၁) ရာခိုင်နှုန်းသာရှိပြီး မင်းဘူးခရိုင်၏ သစ်တောဖုံးလွှမ်းမှုသည်(၁၅ ဒဿမ ၆၁)ရာခိုင်နှုန်းသာရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့်အရှိန်အဟုန်မြှင့်တင်ပြီး အလေးထား ဆောင်ရွက်ခြင်းကြောင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၏ အကျိုးရလဒ်ကို ဒေသခံများကပထမဦးဆုံးခံစားကြရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်ရောက်ရှိလာနိုင်သည်ဟုခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်း တစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟုခန့်မှန်းထား၍ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလေ-ာင်ကျွမ်းခြင်းများဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သဖြင့် အဘက်ဘက်ကကြိုတင်ပြင်ဆင်ထားကြရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တမာပျိုးပင်အားဦး ဆောင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ယင်းမာ၊ ပိတောက်၊ မဲဇလီ၊ တမာ၊ သင်္ဘော၊ ကုက္ကို နှင့် ဖျောက်ဆိပ်စသည့် သစ်မျိုး(၈)မျိုး၏ ပျိုးပင်(၃,၀၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

image

ခန္တီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ချင်းတွင်းမြစ်ရေဝင်ရောက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ပြီး မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ချင်းတွင်းမြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုး ရိမ်ရေမှတ်ဖြစ်သော (၁,၃၆၀)စင်တီမီတာအောက် (၁,၂၆၀)စင်တီမီတာသို့ရောက်ရှိနေသဖြင့် မြို့ပေါ်ရပ် ကွက်‌မြေနိမ့်ပိုင်းရှိနေအိမ်အချို့နှင့် ဆင်သေကျေးရွာရှိ နေအိမ်အချို့အတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်နေမှုများနှင့် ပေါမိုင်းရပ်ကွက် အောင်သာနှင့် သာစည်ရပ်ရှိ ချင်းတွင်းမြစ်ရေထိန်းတံ ခါးအခြေအနေတို့အား တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှရင်းနှီးမတည်ငွေများထုတ်ချေးပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ပြည်နယ်များအလိုက် ချည်ထည်ထုတ်လုပ်နေသည့် ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံ တော်မှ ရင်းနှီးမတည်ငွေများထုတ်ချေးပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။
နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၃ ရက်တွင် မကွေးမြို့၌ ပြည်တွင်းဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးမြင့်လာစေရန်၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အလိပ်ထုတ်လုပ်သည်အထိ ကွင်းဆက်တစ်လျှောက်အဆင့်ဆင့်တိုးတက်စေရန်ရည်ရွယ်ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့" ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝါထုတ်လုပ်မှုအတွက် ယခင်နိုင်ငံတော်ပိုင် ချည်မျှင်နှင့်အထည်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး၊ ခေတ်မီရက္ကန်းစက်များအသုံးပြုနိုင်ရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကိုထုတ်လုပ်ရာ၌ ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေးကွက်လိုအပ်ချက်ကို စနစ်တကျတွက်ချက်ဆောင်ရွက်ရမည်ဟု ပြောသည်။
" ဝါနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုတွေဆောင်ရွက်ရာမှာ ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်တွေကို စနစ်တကျသုတေသနပြုလုပ်ရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဝါလိုအပ်ချက်တွေရှိတာကြောင့် အမျိုးအစားကောင်းတဲ့ ချည်မျှင်ရှည်ဝါတွေ တင်ပို့ရောင်းချနိုင်ရင် နိုင်ငံခြားဝင်ငွေတွေရရှိပြီး နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မှာဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မ တက ပြောသည်။
ဝါထုတ်လုပ်မှုတိုးတက်လာစေရေး ပြည်တွင်း၌ ဝါ ကြိတ်စက်များထုတ်လုပ်ရန် တပ်မတော်ကိုတာဝန်ပေးခဲ့ရာ ယခုအခါအရည်အသွေးမီသည့် ဝါကြိတ်စက်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကာ ၂/၈၀ ချည်များထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော် ချည် မျှင်နှင့်အထည်စက်ရုံတို့တွင်ဆောင်ရွက်ခဲ့ကာ နိုင်ငံ တော်၏ ဝါထုတ်လုပ်မှုတိုးတက်စေရေးအတွက် စု ပေါင်းသမဝါယမစနစ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝါ ကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက္ကန်းစက်များတိုးတက်စေရေးအတွက် နိုင်ငံတော်မှကူညီပေးသွားမည်ဟု နိုင် ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

မကွေးတိုင်းအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး စက်ရုံ၊ အလုပ်ရုံများဆောင်ရွက်ထားရှိမှုကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မကွေးတိုင်းအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ Magway Hybrid Power Company ၏ စီမံကိန်းအတွင်း လုပ် ငန်းဆောင်ရွက်မှုများအကောင်အထည်ဖော်နေမှုများကိုကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့စွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်း ဓာတ်အားပေးစက်ရုံစီမံကိန်း 100 MW (Gas Engine + Solar) Hybrid ဆိုင်ရာအချက်အလက်များ၊ လက်ရှိလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ ရှားပင်လှစိုက်ပျိုးမွေးမြူရေးဇုန်အား ကြည့်ရှုစစ်ဆေးရာ တိုင်းအဆင့်တာဝန်ရှိသူများက မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ရှားပင်လှ စိုက်ပျိုးမွေးမြူရေးဇုန်ဆိုင်ရာအချက်အလက်များနှင့် ဇုန်အတွင်း၌ သမဝါယမအသင်းများစုပေါင်း၍ ဥစားကြက်မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်းနှင့် မွေး မြူရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တိုင်းအတွင်း ဆန်ဖူလုံမှုကိုအထောက်အကူဖြစ်ရန်ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဇုန်ဖော်ထုတ်ဆောင်ရွက်ခဲ့မှုနှင့် မြေအသုံးချမှု၊ စိုက်ပျိုးမည့်သီးနှံပုံစံ၊ စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေအခြေအနေများကိုလည်းရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မကွေးတိုင်းအတွင်း၌ ပြောင်း၊ ပဲ၊ ဖွဲ၊ ဆန်ကွဲတို့ထွက်ရှိ၍ မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် တိရစ္ဆာန်အစာများကို ဒေသတွင်း၌ပင်ထုတ်လုပ်သုံးစွဲရန်၊ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စနစ်တကျလယ်ယာမြေဖော်ထုတ်ထားရှိမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် စပါးမျိုးကွဲများအားပျိုး ထောင်ထားရှိမှု၊ ဥစားကြက်မွေးမြူထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

image

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းသံတမန်တို့ လူကိုယ်တိုင် ပြန်လည်ထိတွေ့ဆက်ဆံရေး၏ ကနဦးခြေလှမ်းစတင်

အာဆီယံအနေဖြင့် မြန်မာနိုင်ငံက အာဆီယံ၏ ငြိမ်းချမ်းရေးဘုံသဘောတူညီချက် (Five-Point Consensus - 5PC) အကောင်အထည်ဖော်ရေးတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းကဲ့သို့ ထင်ရှားသည့် တိုးတက်မှုများ ဖော်ဆောင်ပြသနိုင်ရန် မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန် (Vivian Balakrishnan) က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူမီဒီယာများသို့ ပြောကြားရာတွင် ၎င်းက "အရေးအကြီးဆုံးအချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက Five-Point Consensus ၏ အရေးပါမှုကို ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီချက်သည် ယခင်ကဲ့သို့ ယခုအချိန်အထိ အကျုံးဝင်ဆဲဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံမှ ထင်ရှားသည့် တိုးတက်မှုများကို မြင်တွေ့လိုကြသည်" ဟု ပြောကြားခဲ့သည်။
ယခုအစည်းအဝေးသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းသံတမန်တို့ လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးလည်း ဖြစ်သည်။
ဝန်ကြီး ဘာလာကရစ်ရှ်နန်က အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အပြီးတိုင် ရပ်တန့်ရန်၊ ထို့ပြင် အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်နိုင်ရေးကိုလည်း မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပြီး ယင်းတို့သည် Five-Point Consensus တွင် ထည့်သွင်းဖော်ပြထားသည့် အချက်များဖြစ်ကြောင်း ဆိုသည်။
"လာမည့် လအနည်းငယ်အတွင်း တုံ့ပြန်မှုနဲ့ တိုးတက်မှုအချို့ကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ "မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်း၍ တည်ငြိမ်ကာ ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကို စင်ကာပူအနေဖြင့် မြင်တွေ့လိုပါသည်" ဟု ဖော်ပြထားသည်။ ထို့ပြင် Five-Point Consensus အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အကန့်အသတ်သာရှိနေခြင်းအပေါ် စိတ်ပျက်မိကြောင်းနှင့် မြန်မာနိုင်ငံ၏ အဓိကသက်ဆိုင်သည့် အဖွဲ့အစည်းများအကြား အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြထားသည်။

image

အပြည်ပြည်ဆိုင်ရာလေဆိပ်များမှဝင်ရောက်လာသူ များပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ရမည်

အပြည်ပြည်ဆိုင်ရာလေဆိပ်များဝင်ရောက်လာသော ခရီးသည်များအနေဖြင့်ပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ်စီမံ ကိန်းဦးစီးကော်မတီက အသိပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်(ရန်ကုန်၊ နေပြည်တော်၊ မန္တလေး)တို့မှဝင်ရောက်လာသည့် ခရီးသည်များအား မိုဘိုင်းလက်ကိုင်ဖုန်း(၂)လုံးသယ်ယူခွင့်ပြုထားကာ ယင်း မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင်မှတ် ပုံတင်ရန် လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form)ဖြင့်ကြေညာရမည်ဟု အသိပေးခဲ့သည်။
ထိုသို့ ကြေညာရာ၌ PD Form တွင် IMEI နံပါတ်အား မဖြစ်မနေထည့်သွင်းကြေညာရမည့်အပြင် CEIR OSS အဖွဲ့သို့ CEIR စနစ်တွင် မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ Passport (မိတ္တူ) (ဓါတ်ပုံပါသောရှေ့စာမျက်နှာနှင့် လေဆိပ်လဝကမှ ရောက်ရှိရက်စွဲရိုက်နှိပ်ထားသော စာမျက်နှာ)၊ Boarding Pass (မူရင်း၊ မိတ္တူ)၊ လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ)၊ Passenger Declaration Form (PD Form) (မူရင်း)တို့ကို ပူးတွဲပေးပို့ရမည်ဟု အသိပေးခဲ့သည်။
အဆိုပါ လျှောက်ထားမှုသည် Passenger Declaration Form (PD Form)ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း(၃၀)အတွင်းလျှောက်ထား၍ ကျသင့်အခွန်ကိုပေးသွင်းရမည်ဖြစ်ကာ ရက်ပေါင်း(၃၀)အတွင်း လျှောက်ထားခြင်းမရှိပါက CEIR စနစ်မှကျသင့်အခွန်အပြင် ဒ-ဏ်ကြေးကောက်ခံမည်ဟု အသိပေးခဲ့သည်။
ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေ ညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း(၂) လုံးအထိသာလျှောက်ထားနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

image

လမ်းရေကျော်မှုကြောင့် ခေတ္တပိတ်ထားသည့် ပုသိမ်-ရှောပြာ-ချောင်းသာသွားကားလမ်းပြန်လည်အသုံးပြု နိုင်ပြီဖြစ်

ဧရာဝတီတိုင်းတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုသိမ်မြို့ရှိ ပုသိမ်-ရှောပြာ-ချောင်းသာသွားကားလမ်း၌ရေကျော်ခဲ့သဖြင့် ဇူလိုင် ၁၃ ရက်တွင် လမ်းအားခေတ္တပိတ်ထားခဲ့သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ထိုသို့ ခေတ္တပိတ်ထားခဲ့ရာမှ ရေများပြန်လည်ကျဆင်းသွား၍ ည ၁၁ နာရီခန့်တွင် ယင်း ပုသိမ်-ရှောပြာ-ချောင်းသာသွားကားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

image