အန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်
====================

ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေပေမဲ့လည်း စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာရေး တွန်းအားပေး လုပ်ဆောင်နေပါတယ်။
ဂျိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးဘယ်နောက်ခံလူမာ့ခ်ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် ခေါ်ယူပြီးနောက် ဖာနန်ဒက်ဇ်ကို ခေါ်ယူရေး လုပ်ဆောင်လာတာပါ။
ဖာနန်ဒက်ဇ်ဟာ မက်ဒရစ်မြို့ကို သဘောကျကာ ရီးရဲလ်မက်ဒရစ်တွင် ကစားလိုကြောင်း ဖွင့်ဟခဲ့ဖူးပေမဲ့လည်း ကလပ်နှစ်ခုအကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိရန် လိုအပ်နေပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ရီးရဲလ်မက်ဒရစ်နှင့် ဖာနန်ဒက်ဇ်တို့အကြားတွင် ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိလာကြောင်း သိရပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်ဟာ ဖာနန်ဒက်ဇ်ကို ခေါ်ယူရေး ချဲလ်ဆီးထံ ကမ်းလှမ်းမှု ပြုလုပ်လာရတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဘင်ဖီကာကွင်းလယ်ကစားသမားကို ကြမ်းခင်းကြေး ပေါင်သန်း ၁၂၀ သတ်မှတ်ထားပါတယ်။
ဖာနန်ဒက်ဇ်ရဲ့ ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့က အီလီးယော့အန်ဒါဆင်ရဲ့ မန်စီးတီးအပြောင်းအရွှေ့အပေါ်တွင်လည်း ရိုက်ခတ်လာဖို့ ရှိပါတယ်။
ချဲလ်ဆီးဟာ ဖာနန်ဒက်ဇ်ကိုသာ ဆုံးရှုံးလာရပါက အန်ဒါဆင်ကို ခေါ်ယူရေး မန်စီးတီးနှင့် အပြိုင် ကမ်းလှမ်းမှု ပြုလုပ်လာဖို့ သေချာနေပါတယ်။
မန်စီးတီးဟာ အန်ဒါဆင်ကို ခေါ်ယူရေး ပေါင် ၁၀၆ သန်းအပြင် အပိုဆုကြေး ပေါင် ၁၄ သန်းထပ်မံပေးမဲ့အချက်ဖြင့် ကမ်းလှမ်းခဲ့ရာ နော်တင်ဟမ်ဖောရက်စ်ရဲ့ ပယ်ချခြင်းခံထားရပါတယ်။

image

ရီးရဲလ်မက်ဒရစ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာမဲ့ ပြင်သစ်ဗဟိုနောက်ခံလူကိုနာတေး
===================

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးမှ ထွက်ခွာလာတဲ့ ပြင်သစ်လက်ရွေးစင်ဗဟိုနောက်ခံလူအီဘရာဟမ်ကိုနာတေးကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးခဲ့ပေမဲ့လည်း သဘောတူညီမှု မရရှိပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်တွင် ထွက်ခွာလာသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ကိုနာတေးကို ၂၀၃၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြင်သစ်နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ကိုနာတေးဟာ ၂၀၂၁ ခုနှစ်တွင် လိုက်ဇစ်မှ ‌ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၁၈၃ ပွဲကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား ၂ လုံး ရရှိခဲ့ပါတယ်။
ဂျိုဆေးမော်ရင်ဟိုအား နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် ဘာနာဒိုဆေးလ်ဗားနှင့် မာ့ခ်ကူကူရယ်လာတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။

image

ဖီယင်နုသို့ နည်းပြသစ်အဖြစ် တကျော့ပြန်ရောက်လာတဲ့ ဗန်ဘရွန်ဟော့စ်
===================

ဂျီယိုဗန်နီဗန်ဘရွန်ဟော့စ်ဟာ ဖီယင်နုနည်းပြအဖြစ် ၁ နှစ်သက်တမ်းတိုးနိုင်မဲ့ အချက်ပါ ၂ နှစ်စာချုပ်ဖြင့် ပြန်လည် ခန့်အပ်ခြင်းခံလာရပါတယ်။
အသက် ၅၁ နှစ်ရှိ အာဆင်နယ်နှင့် ဘာစီလိုနာကစားသမားဟောင်းဟာ အသင်းကို ၁၆ လကြာ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အာဆင်နယ်နှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းရော်ဘင်ဗန်ပါစီရဲ့ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ဗန်ဘရွန်ဟော့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးတွင် အန်းဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့လည်း ယခုလအစောပိုင်းတုန်းက နည်းပြအဖွဲ့ဝင်များနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ရိန်းဂျားနည်းပြဟောင်းဟာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖီယင်နုကို ကိုင်တွယ်ဖူးပြီး ဒတ်ချ်ရှုံးထွက်ဖလား ၂ ကြိမ်ဆက်ရယူပေးခဲ့တဲ့အပြင် ၂၀၁၇ ခုနှစ် ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ဖလားလည်း ရယူပေးခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်ဟောင်းဟာ နောက်ဆုံးကလပ်အဖြစ် ၂၀၂၄ ခုနှစ်တုန်းက ဘီဆစ်တပ်ကို ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး တူရကီစူပါဖလား ရယူပေးခဲ့ပေမဲ့ ရလဒ်ဆိုးရွားမှုကြောင့် ၅ လသာ ကိုင်တွယ်ခွင့်ရခဲ့ကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဗန်ဘရွန်ဟော့စ်ဟာ ဖီယင်နုအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ပထမအကြိမ်၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒုတိယအကြိမ် ကစားခဲ့ဖူးပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လုပ်ပွဲသံသယမှုဖြင့် အိုင်ဗရီကို့စ်စတားဝါဟီ ဖမ်းဆီးခံခဲ့ရ
=====================

အိုင်ဗရီကို့စ်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အယ်လီဝါဟီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်မီ နှစ်ပတ်အလိုတွင် လုပ်ပွဲသံသယမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
အသက် ၂၃ နှစ်ရှိ အလယ်တန်းကစားသမားဟာ မေလ ၁၇ ရက်နေ့တုန်းက မက်ဇ်နှင့် ကစားတဲ့ နိုက်စ်ရဲ့ လီဂူး ၁ ပွဲစဉ်တွင် အဝါကတ်ပြသခြင်းခံရမှုနှင့်ပတ်သက်ပြီး တမင်အဝါကတ်ပြသခံရအောင် လုပ်ခဲ့တယ်ဆိုပြီး သံသယဝင်ခြင်းခံရကာ စုံစမ်းစစ်ဆေးခံခဲ့ရခြင်းဖြစ်ကြောင်း The Athletic က ဖော်ပြသွားပါတယ်။
သူဟာ မေလ ၂၉ ရက်နေ့တုန်းက ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ သူဟာ စိန့်အက်တီယန်အား အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် ချက်ချင်းဆိုသလို ဖမ်းဆီးခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်အဖွဲ့ချုပ်က မက်ဇ်နှင့်ပွဲစဉ်တွင် ဝါဟီ ရရှိခဲ့တဲ့ ၃၅ မိနစ် အဝါကတ်အား လောင်းကြေးထပ်မှုများ ရှိနေမှုနှင့်အတူ လုပ်ပွဲသံသယဝင်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
အာဂတိလိုက်စားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ ဝါဟီကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ယင်းအဝါကတ်ပြသခံရမှုနှင့်ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ဝါဟီဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပေမဲ့လည်း ပြန်လည်လွတ်မြောက်လာကာ အိုင်ဗရီကို့စ်နှင့် ပူးပေါင်းပြီး ကမ္ဘာ့ဖလားပါဝင်ကစားနေပါတယ်။
သူဟာ တနင်္ဂနွေနေ့တုန်းက အီကွေဒေါကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပါတယ်။

image

ကွန်ဂိုနှင့်သရေကျပြီးနောက် ကစားဖော်များက ပရိသတ်များအား နှုတ်ဆက်နေချိန်တွင် ကွင်းအတွင်းမှ တစ်ဦးတည်း ထွက်ခွာသွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ဒီမိုကရက်တစ်ကွန်ဂိုနှင့် သရေကျပြီးနောက် ကွင်းအတွင်းမှ တစ်ဦးတည်း စောစောစီးစီး ထွက်ခွာသွားခဲ့ပါတယ်။
ပေါ်တူဂီဟာ ဂျာအိုနီဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ယိုအာနီဝစ်ဆာရဲ့ ခေါင်းတိုက်ဂိုးကြောင့် တစ်ဂိုးစီသရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းပွဲတွင် ပွဲထွက်ကစားခဲ့ပြီး ပွဲချိန်ပြည့် ကစားသွားခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
သူဟာ ကန်ချက် ၃ ကြိမ် ပြုလုပ်ခဲ့ပေမဲ့လည်း ဂိုးပေါက်တည့်ခဲ့ခြင်း မရှိပါဘူး။ သူဟာ ဂိုးရရှိခဲ့ခြင်းမရှိမှုနှင့်အတူ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲကြီး ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်လာပါတယ်။
ပွဲအပြီးတွင် ပေါ်တူဂီအသင်းသားတို့ဟာ ကွင်းအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်များကို လက်ခုပ်တီး နှုတ်ဆက်မှု ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွင်းအတွင်းတွင် ခေတ္တမျှသာ နေခဲ့ပြီးနောက် တစ်ဦးတည်း ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။
ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်ကတော့ စောစောစီးစီး ကွင်းအတွင်းမှ ထွက်ခွာသွားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
မာတီနက်ဇ်က "အင်တာဗျူး လုပ်စရာတွေ အများကြီးပါ။ ကစားသမားတွေက ကွင်းထဲမှာပဲ ဆက်နေရမလား၊ အဝတ်အစားလဲခန်းသို့ပဲ ဆင်းရမလားဆိုတာ မသေချာကြပါဘူး"လို့ ပြောကြားသွားပါတယ်။
ခရစ္ဏတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့လည်း အသက် ၄၁ နှစ်နှင့် ၁၃၂ ရက်ဖြင့် ကမ္ဘာ့ဖလားပွဲ ပွဲထွက်ကစားခွင့်ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
သူဟာ ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကစားလာမှုနှင့်အတူ အင်္ကျီတွင် အထူးအမှတ်တံဆိပ်ဖြင့် ကစားခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် ရောဘတ်တိုမာတီနက်ဇ်ဟာ ကွန်ဂိုနှင့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုအား လူစားလဲလှယ်ခြင်း မပြုလုပ်မှုအပေါ် ကာကွယ်ပြောဆိုခဲ့ပါသေးတယ်။

image

မူနော့ဇ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄.၆ သန်းဖြင့် ခေါ်ယူလာမဲ့ လီဗာပူး
====================

လီဗာပူးဟာ အိုဆာဆူနာမှ တောင်ပံကစားသမားဗစ်တာမူနော့ဇ်အား စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ (ပေါင် ၃၄.၆ သန်း)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ တောင်ပံကစားသမားဟာ စပိန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသူလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ အမေရိကန်တွင်ပင် မူနော့ဇ်အား ဆက်သွယ်ကာ ဆေးစစ်ဆေးမှု ပြုလုပ်ပြီး ခေါ်ယူရေး အပြီးသတ်လုပ်ဆောင်လာဖို့ ရှိပါတယ်။
နယူးကာဆယ်ကလည်း ဘာစီလိုနာသို့ ရောင်းချလိုက်တဲ့ အန်တိုနီဂေါ်ဒွန်နေရာတွင် အစားထိုးရန် မူနော့ဇ်အား ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ လီဗာပူးက အနိုင်ရသွားခဲ့တာပါ။
မူနော့ဇ်ဟာ လီဗာပူးနည်းပြသစ်အန်ဒိုနီအိုင်ရာအိုလာရဲ့ ပထမဆုံးခေါ်ယူတဲ့ ကစားသမား ဖြစ်လာပါမယ်။
အသက် ၂၂ နှစ်ှရိ မူနော့ဇ်ဟာ ဘာစီလိုနာလူငယ်အသင်းတွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်စီနီယာအသင်းအတွက် ၂ ပွဲကစားခွင့်ရရှိခဲ့သူပါ။
မူနော့ဇ်ဟာ ၂၀၂၅ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်မှ အိုဆာဆူနာသို့ ပြောင်းပြီးနောက် ပထမဆုံးရာသီတွင် ၃၄ ပွဲကစားကာ ၈ ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
သူဟာ ယခု ၂၀၂၆ ခုနှစ်တွင် စပိန်အတွက် စတင်ကစားခွင့်ရရှိခဲ့ပြီး ဆားဘီးယားအား ၃-၀ ဖြင့် အနိုင်ရတဲ့ ပထမဆုံးပွဲတွင် ပထမဆုံးဂိုးအား သွင်းနိုင်ခဲ့ပါတယ်။
တောင်ပံတွင်သာမက တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်တဲ့ မူနော့ဇ်ဟာ ရီးရဲလ်မက်ဒရစ်တွင် ကစားစဉ်တုန်းက ကလပ်ရဲ့ အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image

အနီကတ်အတွက် ၃ ပွဲပယ်အထိ ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ တောင်အာဖရိကစတား
===================

တောင်အာဖရိကစတားသမ်ဘာဇွန်နီဟာ ဖီဖာရဲ့ ၃ ပွဲပယ်အထိ တိုးမြှင့်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရမှုနှင့်အတူ စောစောစီးစီး ကမ္ဘာ့ဖလားပြိုင်ပွဲ အဆုံးသတ်သွားပြီလို့ ယူဆရတဲ့ အခြေအနေသို့ ရောက်လာပါတယ်။
အလယ်တန်းကစားသမားဟာ မက္ကဆီကိုအား ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် တောင်အာဖရိကအတွက် ပွဲထွက်ကစားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ရောဘတ်တိုအယ်ဗာရာဒိုအား တံတောင်ဖြင့် တွက်မှုဖြင့် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အစောပိုင်းတုန်းက သူဟာ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမှာ ဖြစ်ပြီး သောကြာနေ့ ချက်နှင့်ပွဲစဉ်ကိုသာ လွဲမယ်လို့ ယုံကြည်ခဲ့ရပါတယ်။
ဒါပေမဲ့ ဖီဖာက ဇွာနီရဲ့ ပွဲပယ်ပြစ်ဒဏ်အား ၃ ပွဲအထိ တိုးမြှင့်ချမှတ်လာမှုနှင့်အတူ ဇွန်လ ၂၅ ရက်နေ့ တောင်ကိုရီးယားနှင့် အုပ်စုနောက်ဆုံးပွဲအပြင် ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း လွဲချော်လာပါမယ်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇွာနီမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု ပြုလုပ်တယ်လို့ ယုံကြည်ကာ နောက်ထပ် ၂ ပွဲတိုးမြှင့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် တောင်အာဖရိကမှ ဇွာနီအပြင် ယာယာဆီသိုးလ်လည်း အနီကတ်ပြသခြင်းခံခဲ့ရသလို မက္ကဆီကိုမှ ဆီဇာမွန်တီလည်း အထုတ်ခံခဲ့ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွင်း အနီကတ်အများဆုံးပြသခဲ့ရတဲ့ပွဲအဖြစ် မှတ်တမ်းဝင်နေပါတယ်။

image

ခရိုအေးရှားနှင့်ပွဲတွင် ညွှန်ကြားတဲ့အတိုင်း မကစားတဲ့ ပစ်ဖို့ဒ်နှင့် အင်္ဂလန်နည်းပြတူချယ်တို့ ပြဿနာတက်
=====================

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ခရိုအေးရှားကို အနိုင်ရတဲ့ ပွဲစဉ်အတွင်း အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်နှင့် ပြဿနာတက်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်နည်းပြဟာ တက္ကဆက်၊ ဒဲလ်လက်စ်တွင် ခရိုအေးရှားအား ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ချိန်တွင် အဲဗာတန်ဂိုးသမားနှင့် ပြဿနာတက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်ကို Fox အတွက် သတင်းရယူပေးတဲ့ သတင်းထောက်ဂျော့ဖ်ရှရီးဗ်က အထက်ပါသတင်းကို မျှဝေလာတာလည်း ဖြစ်ပါတယ်။
ပစ်ဖို့ဒ်နှင့် တူချယ်တို့ဟာ ပွဲချိန် ၁၇ မိနစ်တွင် အချင်းများခဲ့ကြတာပါ။
ပစ်ဖို့ဒ်က တူချယ်ရဲ့ ညွှန်ကြားတဲ့အတိုင်း မကစားမှုနှင့်အတူ ပြဿနာတက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပစ်ဖို့ဒ်ဟာ တူချယ်ညွှန်ကြားတဲ့အတိုင်း မကစားဘဲ ဦးတည်ချက်မှားကာ နောက်တန်းသို့ ဘောလုံးပေးပို့ခဲ့တာပါ။
တူချယ်ဟာ ညာခြမ်းသို့ ဘောလုံးမပေးပို့ရန် ညွှန်ကြားထားပေမဲ့ ပစ်ဖို့ဒ်က ပြောတဲ့အတိုင်း မကစားမှုနှင့်အတူ အကြီးအကျယ် ဒေါသထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
တူချယ်က "ညာနောက်ခံလူကို ဘောလုံးမပေးနဲ့။ အဲဒီဘက် မသွားနဲ့"လို့ အော်ဟစ်ခဲ့သလို "မင်းကို ငါ ဘယ်လို ကစားရမယ်ဆိုတာ မပြောထားဘူးလား"လို့ အော်ဟစ်ခဲ့ပါတယ်။
အင်္ဂလန်ဟာ မနေ့ညက ပွဲတွင် ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး မာတင်ဘာကျူရီနာက ကိုက် ၂၀ အကွာမှ ကန်ချက်ဖြင့် ခရိုအေးရှားအတွက် ပြန်လည်ချေပခဲ့ပါတယ်။
ဟယ်ရီကိန်းက ထောင့်ကန်ဘောမှ တဆင့် ဦးဆောင်ဂိုး ထပ်မံသွင်းခဲ့ပေမဲ့ ခရိုအေးရှားကလည်း ပထမပိုင်းမပြီးခင်မှာပင် ပီတာမူဆာရဲ့ ဂိုးဖြင့် ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂလန်ဟာ ဒုတိယပိုင်းတွင် ဘယ်လင်ဂမ်နှင့် ရက်ဖို့ဒ်တို့ရဲ့ အနိုင်ဂိုးတွေကြောင့် ခရိုအေးရှားကို ၄-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

image

ဂယ်ရီလိုင်နီကာရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို လိုက်မီလာတဲ့ ဟယ်ရီကိန်း
=====================

ဟယ်ရီကိန်းဟာ ခရိုအေးရှားကို ၄-၂ ဖြင့် အနိုင်ရရှိတဲ့ပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် ဂယ်ရီလိုင်နီကာရဲ့ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်အား လိုက်မီလာပါတယ်။
ဟယ်ရီကိန်းဟာ အာလင်တွန်ရှိ AT&T Stadium ကွင်းတွင် ခရိုအေးရှားအား အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူပြီးနောက် ဂယ်ရီလိုင်နီရဲ့ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းယူထားတဲ့ ၁၀ ဂိုးစံချိန်အား လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ဟယ်ရီကိန်းဟာ ပထမဂိုးကို ပင်နယ်တီမှ တဆင့် သွင်းယူခဲ့တာ ဖြစ်ပြီး ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၆ ဂိုးသွင်းကာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သူ ဖြစ်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ၂ ဂိုးသွင်းခဲ့ပါတယ်။ ယခု အမေရိကန်၊ ကနေဒါနှင့် မက္ကဆီတို့တွင် ကျင်းပနေတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ၂ ဂိုးသွင်းလာမှုနှင့်အတူ ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုး ရှိလာခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာဟာ ၁၉၈၆ မက္ကဆီကိုကမ္ဘာ့ဖလားနှင့် ၁၉၉၀ အီတလီကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုတို့တွင် ၁၀ ဂိုးသွင်းကာ အင်္ဂလန်အတွက် ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေတာပါ။
ဂယ်ရီလိုင်နီကာဟာ ကမ္ဘာ့ဖလားပွဲအတွက် Netflix ရဲ့ s The Rest Is Football အစီအစဉ် ရိုက်ကူးရန် နယူးယောက်သို့ ရောက်နေပါတယ်။
သူဟာ ယင်းပွဲကို အင်္ဂလန်အသင်းတွင် အငြင်းဖွယ် ချန်လှပ်ခံခဲ့ရတဲ့ ဟယ်ရီမက်ဂွိုင်းယား၊ ပူးတွဲအစီအစဉ်တင်ဆက်သူ မီကာရစ်ချက်တို့နှင့်အတူ ပွဲကို ကြည့်ရှုအားပေးခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာဟာ ဟယ်ရီကိန်းက သူ့ရဲ့ ကမ္ဘာ့ဖလား ၁၀ ဂိုးစံချိန်အား လိုက်မီသွားချိန်တွင် “ten, ten, ten” as Kane levelled up လို့ ဆက်တိုက်အော်ဟစ်ကာ ဝမ်းသာကြောင်း ပြသခဲ့ပါတယ်။

image

ကွန်ဂိုနှင့်ပွဲစဉ်မှ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ခြေစွမ်းကို သီယာရီဟင်နရီ အပြင်းအထန် ဝေဖန်
====================

သီယာရီဟင်နရီဟာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ခြေစွမ်းအပေါ် အပြင်းအထန် ဝေဖန်ပြောကြားလာပါတယ်။
အာဆင်နယ်နှင့် ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးက ပေါ်တူဂီဂန္ထဝင်မှာ ဒီမိုကရက်တစ်ကွန်ဂိုနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် တကိုယ်တော်အောင်မြင်မှုအပေါ်တွင်သာ အာရုံစိုက်နေမှုနှင့်အတူ အသင်းမှာ နိုင်ပွဲ မရခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် ပေါ်တူဂီအတွက် ပွဲထွက်ကစားခဲ့ပြီး အသက် ၄၁ နှစ်၊ ၁၃၂ ရက်ဖြင့် ကမ္ဘာ့ဖလားပွဲကစားခွင့်ရ အသက်အကြီးဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။
ဒါပေမဲ့ သီယာရီဟင်နရီက "အရေးကြီးတာက တစ်ခုတည်းပါ။ အသင်းက ဂိုးသွင်းဖို့ လိုနေတာ။ သူ ဂိုးသွင်းဖို့ လိုနေတာ မဟုတ်ပါဘူး"လို့ Fox News သို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဟင်နရီက ရော်နယ်ဒိုရဲ့ တတိယဇုန်အတွင်း ရွှေ့လျားမှုများက ပေါ်တူဂီရဲ့ ကွန်ဂိုခံစစ်ကြောင်းကို ဖြိုချရေး ခက်ခဲသွားစေကြောင်းနှင့် သူ့ရဲ့ ဂိုးသွင်းလိုစိတ်က နည်းစနစ်ပိုင်း အမှားဖြစ်လာစေကြောင်းလည်း ပြောကြားသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် ကစားရာတွင် ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှ မပြုလုပ်နိုင်ဘဲ ပွဲအဆုံးသတ်ခဲ့တာပါ။
ဆက်လက်ပြီး ဟင်နရီက "ကျွန်တော် ပြောချင်တာက အသင်း ဂိုးသွင်းဖို့ လိုနေတာ။ သူ သွင်းဖို့ လိုနေတာ မဟုတ်ဘူး။ ဘရူနိုဖာနန်ဒက်စ်နောက်မှာ လုပ်နေတဲ့ အပြုအမူတွေကို ခင်ဗျားလည်း မြင်မှာပါ။ 'ရွှေ့လေ။ ပြေးလေ။ နေရာလွတ် ဖန်တီးလေ။ ဒါမှ ငါ ပိတ်သွင်းလို့ ရမှာ"လို့ ပြောနေသလိုပဲ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ကွန်ဂိုနှင့်ပွဲတွင် အသင်းရဲ့ ခြေစွမ်းမကောင်းမွန်ခဲ့မှုအပေါ် ကာကွယ်ပြောဆိုမှု ပြုလုပ်သွားပါတယ်။
၎င်းက "လိုနေတာလား။ လိုနေတာ မရှိပါဘူး။ ဒါက ဘောလုံးပါ။ ပေါ်တူဂီနိုင်နိုင်တယ်။ ဒါပေမဲ့ ရှုံးလည်း ရှုံးသွားနိုင်တယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်"လို့ ပြောကြားကာ ကစားဖော်များကို အပြစ်တင်ရန် ငြင်းဆိုသွားပါတယ်။

image